နိုင်ငံရေးအကျဉ်းသားများ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ

စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတဦးဖြစ်သူ ကိုဉာဏ်လင်းအောင် ဟာ ထောင်တွင်းမှာ တိုက်ပိတ်ခံထားရတယ်လို့ သူ့ရဲ့မိခင်ဖြစ်သူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ ဆက်တိုက်လို ဖော်ပြရေးသား နေပါတယ်။ ဒီအကြောင်းတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

ကိုဉာဏ်လင်းအောင်နဲ့ ကိုမောင်မောင်လတ်တို့နှစ်ဦးကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက အင်းစိန် အကျဉ်းထောင် စစ်ခွေးတိုက်လို့ခေါ်တဲ့နေရာမှာ တိုက်ပိတ်ပြစ်ဒဏ်ပေးထားတယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်ခင်ဗျ။ အဲဒီစစ်ခွေးတိုက်ဆိုတဲ့ နေရာဟာ အကျဉ်းထောင်မှာအသုံးပြုတဲ့ အနံ့ခံစစ်ခွေးတွေကိုထားတဲ့နေရာပါ။ အဲဒီတိုက်ထဲမှာ သူတို့ နေထိုင်ရတဲ့အခြေအနေကို မိခင်ဖြစ်သူ ပြောပြခဲ့တာက ဒီလိုပါ။

"စစ်ခွေးတိုက် အခန်းရှေ့မှာ သူတို့ကို ထားတယ်ပေါ့။ နောက် ထမင်းနဲ့ ရေကလွဲပြီး ကျန်တာ ဘာမှ ပေးလို့မရဘူးတဲ့။ ဘာမှလည်း ယူလို့မရဘူး။ နောက် သမံတလင်းပေါ်မှာ အိပ်ရတယ်။ အပေ့ါသွားရင်လည်း ဇလုံတလုံး ပေးထားပြီးတော့ ဒီအထဲမှာပဲ သွားရတယ်။ ရေတို့ စက္ကူတို့ ဘာမှ မပေးဘူး။ သူတို့မှာ ရှိတဲ့ အဝတ်အစားတွေနဲ့ ဖြဲဆုတ် သုတ်ရတယ်။ ရေချိုးချိန်ကိုလည်း ၁၀မိနစ်လောက်ပဲ ပေးတယ်။ တနေ့လုံး တိုက်ထဲမှာပဲ ပိတ်ထားတယ်ပေါ့။ တိုက်ထဲမှာလည်း ကင်းခြေများတို့၊ ခြင်တို့၊ ယင်ကောင်တို့၊ ပိုးတို့တွေက အများကြီးရှိတာ။ ညဘက်ကြရင်လည်း မအိပ်ရဘဲနဲ့ တညလုံး ခဏခဏ ထကြည့်တယ်။ တခါတလေကြရင် တညလုံး မအိပ်ရဘဲနဲ့ ထိုင်နေရတယ်။

သူတို့ကိုတိုက်ပိတ်ရခြင်း အကြောင်းရင်းကတော့ အနက်ရောင်ပါတဲ့ အဝတ်အစားတွေကို ထောင်အာဏာပိုင်တွေက သိမ်းမယ် ဆိုတာကို အသိမ်းမခံတဲ့အတွက် တိုက်ပိတ်တာလို့ပြောကြောင်း မိခင်ဖြစ်သူကပြောပါတယ်။

ကိုဉာဏ်လင်းအောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ တခြားကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကိုနဲ့ တရက်ထဲ အဖမ်းခံခဲ့ရတာပါ။

ကိုဉာဏ်လင်းအောင်တို့ကို တိုက်ပိတ်ထားတဲ့ အတောအတွင်းမှာပဲ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ မြန်မာ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေအရ သတ်မှတ်ထားတာမရှိဘူးဆိုပြီး ဆက်တိုက်လို ရေးသားဖော်ပြနေတာတွေ တွေ့ရပါ တယ်။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင် ဖွဲ့စည်းထားပြီး အကျဉ်းသားတွေအရေး တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်း ရေးမှူး ကိုတိတ်နိုင်ကတော့ သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် ခုလို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်လို့ ပြောပါတယ်။

"နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေပြီးတော့ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားရင်းနဲ့၊ ပါဝင်ပတ်သက်ရင်းနဲ့ အဖမ်းခံရတဲ့ မည်သူမဆို၊ မည်သူမဆို ဆိုတဲ့အပေါ်မှာ အေအေပီပီက မှတ်သားထားတာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေပေါ့၊ ၅ညပါမယ်။ ၁၇ပါမယ်။ ၁၀ခပါမယ်။ ၁၀က ပါမယ်။ ၁၁၀ကျော် ကနေပြီး၊ ၁၄၀ ကျော်အထိ ပုဒ်မတွေ ပါတယ်။ ထို့အပြင် ခုနစာရင်းအရ တချို့ဆိုရင် မူးယစ်ဆေးဝါး ပြစ်ပြီး ဖမ်းတာရှိတယ်။ စီးပွားရေး ကိစ္စအတွက် ဖမ်းတာရှိတယ်။ ဒါပေမယ့် ဒီလူတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေရင်းနဲ့ အဖမ်းခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ဥပမာဆိုရင် ခွန်ထွန်းဦးဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ သေချာပါတယ်။ သူကိုတော့ တရား မဝင်ငွေလဲမှုနဲ့၊ စီးပွားရေး မှုနဲ့ အများကြီးပဲ ပုဒ်မတွေ တပ်ပြီးတော့ ၃၃နှစ် ထောင်ချထားတယ်။"

အခု တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့ ကိုဉာဏ်လင်းအောင်ဟာ သူတို့ရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီ တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပါတယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။

ကိုဉာဏ်လင်းအောင်ရဲ့ မိခင်ကတော့ သားဖြစ်သူကို ခုလိုတိုက်ပိတ်ထားတဲ့အတွက် ကျန်းမာရေးထိခိုက်နေတာကြောင့် စိုးရိမ်မိ ကြောင်းပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းတွေအတွင်းကပဲ အမေရိကန်ပြည်ထောင်စုက ကမကထပြုရေးဆွဲပြီး ဥရောပပြည်ထောင်စု ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံတို့က သဘောတူထောက်ခံတဲ့ ယုံကြည်ချက်အကျဉ်းသား ကြေညာစာတမ်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ကြေညာစာတမ်းတခုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေထားပါတယ်။ အဲဒီစာတမ်းမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး လုပ်ဆောင်သွားဖို့နဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို တခြားနိုင်ငံ တွေနဲ့ ဆက်ဆံရေးမှာ အဓိကဦးစားပေးအချက်တရပ်အဖြစ် ကိုင်စွဲကျင့်သုံးသွားမယ် ဆိုတာတွေကို အဲဒီ ၆၄ နိုင်ငံက သန္နိဋ္ဌာန်ချ ကြေညာထားကြပါတယ်။

ဒီကြေညာစာတမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အထွေထွေညီလာခံမှာဆွေးနွေးပြီး သဘောတူကြတယ်ဆိုရင်ဖြင့် အထွေ ထွေညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းတာပဲဖြစ်ဖြစ်၊ ICC နိုင်ငံတကာရာဇဝတ်တရားခုံရုံးနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ က လိုအပ်သလို ဆက်လုပ်ဖို့ လွှဲပြောင်းတာမျိုးပဲဖြစ်ဖြစ် ဖြစ်လာနိုင်တယ်လို့ ကိုတိတ်နိုင်က ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ အေအေပီပီက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။ ဒီထဲကအများအပြားဟာ ကျန်းမာရေးချို့ယွင်းနေကြပြီး ပြည့်စုံတဲ့ဆေးဝါးကုသမှုမရတဲ့အပြင် မကြာခဏဆိုသလို နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းခံနေကြရတယ်လို့ အေအေပီပီက ပြစ်တင် ဝေဖန်ထားပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအကျဉ်းသားတွေလွတ်မြောက်ရေးဟာ ပထမဆုံး မလုပ်မဖြစ်တဲ့ အဆင့်ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ကလဲ ဒီအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မပြတ် တောင်းဆိုနေ ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရကတော့ အခုရက်ပိုင်း သတင်းစာတွေထဲမှာ ပါနေသလိုပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကို အစဉ်တစိုက် ငြင်းဆိုနေကြောင်းပါ။