ကမ္ဘောဒီးယား ရွေးကောက်ပွဲ လက်ရှိ အာဏာရပါတီ အနိုင်ရ

အာဏာရ ပြည်သူ့ပါတီ CPPက ဒီနေ့ ပြုလုပ်ပြီးစီးသွားတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲက အမတ်နေရာ အားလုံးရဲ့ သုံးပုံ နှစ်ပုံမှာ သူတို့ အနိုင်ရရှိတယ်လို့ ပြောပါတယ်။

မဲရေတွက်မှု ပြီးစီးနေတဲ့ အစောပိုင်း ရလာဒ်တွေအရ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ CPPပါတီဟာ အမတ်နေရာ ၁၂၃နေရာထဲက နေရာ ၈၀လောက်မှာ အနိုင်ရရှိနေတယ်လို့ CPPရဲ့ ပြောရေးဆိုခွင့်ရှိသူ ခယူခမ်ပါရစ်က ဆိုပါတယ်။ ကျန်တဲ့ အမတ်နေရာ အများစုကို အတိုက်အခံ ဆမ် ရိန်ဆီပါတီက အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကမ္ဘောဒီးယားရဲ့ ဒီနေ့ ရွေးကောက်ပွဲဟာ အရင် ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုတည်ငြိမ်အေးချမ်းတယ်လို့ ပြည်ပက လာရောက်လေ့လာသုံးသပ်သူတွေက မှတ်ချက်ချနေပေမယ့်လည်း အတိုက်အခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အာဏာရပါတီဘက်က ချိန်းခြောက်မှုတွေ၊ မဲလိမ်၊ မဲခိုး၊ မရိုးသားမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲ ပြောဆို ခဲ့ကြပါတယ်။ ဒါတွေ အားလုံးကိုတော့ ကမ္ဘောဒီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။