အစိုးရထောက်ပံ့တဲ့ မျိုးစပါးမအောင်၊ လေဘေးသင့် လယ်သမား အခက်ကြုံ

ဧရာဝတီတိုင်းအတွင်း လယ်သမားတွေ
အချိန်မီစိုက်ပျိုးဖို့ မြန်မာစစ်အစိုးရက မျိုး
စပါးတွေ ထောက်ပံ့ပေးခဲ့ပေမယ့် မျိုး
မအောင်တဲ့အတွက် အခက်အခဲတွေ ကြုံ
နေရတဲ့အကြောင်း ဒေသခံလယ်သမား
တွေကပြောပါတယ်။ ဒါ့အပြင် ဓာတ်မြေ
သြဇာကို လက်ငင်းစနစ်နဲ့ ရောင်းချနေတဲ့
အတွက်လည်း စိုက်ပျိုးရေးအတွက်
အခက်အခဲတွေ့နေရတယ်လို့ ပြောပါတယ်။
အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြ
ထားပါတယ်။

အခုလို စိုက်ပျိုးရာသီ ရက်ပိုင်းပဲ ကျန်တော့တဲ့အချိန် မုန်တိုင်းဒဏ်ထိခဲ့တဲ့ လယ်သမား
တွေ အချိန်မီအောင် အားသွန် စိုက်ပျိုးခဲ့ကြပေမယ့် လယ်သမား တော်တော်များများက
တော့ စိုက်ပျိုးနိုင်တဲ့ အဆင့်ကို မရောက်ခဲ့ကြဘူးလို့ လပွတ္တာမြို့က ေဒေသခံတွေက
ပြောပါတယ်။ အဲဒီအထဲက စိုက်ပျိုးနိုင်တဲ့ လယ်သမားတွေ အတွက်လည်း မျိုးစပါးတွေ
မအောင်လို့ ဒုက္ခရောက်ကြရတဲ့ အကြောင်း လယ်သမား တယောက်ကအခုလို ပြော
ပါတယ်။

"ကျနော်တို့ မျိုးစပါးတွေပေါ့လေ၊ နိုင်ငံတော်က ပေးတာတွေက သုံးချိုး၊ နှစ်ချိုးလောက်
မပေါက်ဘူး။ မပေါက်တဲ့အခါကြတော့ ကျနော်တို့ လယ်သမားတွေမှာ အချိန်ကလည်း
နှောင်းနေ၊ နောက် မျိုးကလည်း မပေါက်တဲ့ အခါကြတော့ တော်တော်ကြီးကို ဒုက္ခ
ရောက်နေတာပေါ့ဗျာ။

"ဘာကြောင့် မပေါက်သလဲဆိုတော့၊ မျိုးကိုက သူက သိပ်ပြီးတော့ မမှန်ဘူးလေ၊
ကျနော်တို့ပေးတာ နှံကားတွေ ပေးတယ်ဗျ။ နှံကားမျိုးဆိုတာက ကျနော်တို့ ငစိန်
ထက်နည်းနည်းသာတာပေါ့လေ။ လုံးသွယ်ခေါ်တာပေါ့၊ နှံကား။ ကျနော်တို့က
လပွတ္တာမြို့နယ် ကညင်ကုန်း၊ စစ်ကွင်း၊ ဆတ်ကူးပေါ့လေ အဲဒီနေရာတွေမှာ
မပေါက်ကြဘူး။"

မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ဒေသတွေထဲကတခုဖြစ်တဲ့ လပွတ္တာမြို့နယ်အတွင်းမှာ
ကျေးရွာတချို့ဆိုရင် မျိုးစပါးတွေမပေါက်တာက ၇၅% လောက်တောင်ရှိတယ်လို့
ဒေသခံတချို့က ခန့်မှန်းပါတယ်။ အခုလို စိုက်ပျိုးဖို့ အချိန်နှောင်းလာတဲ့အချိန်
လယ်သမား တော်တော်များများ ဒီနှစ်အတွက်တော့ အဆင်သင့် မဖြစ်တော့ဘူးလို့
ဒေသခံတချို့က ပြောပါတယ်။

"မျိုးစပါးမပေါက်တာ ပြောမယ်ဆိုရင် ၂၀%၊ ၂၅% လောက်ပဲ ပေါက်တာ၊ ကျန်တာ
တွေက မပေါက်ဘူး။ ရှိတဲ့လူကတော့ အကြောင်းမဟုတ်ဘူး၊ မျိုးစပါးကောင်းတဲ့ဟာ
ရှာဝယ်တာ၊ မရှိတဲ့လူက အဲဒါတွေကို စောင့်လုပ်နေရတာ။ အဲဒါကျနော်တို့ တော်တော်
တော့ ဒုက္ခရောက်နေတယ်။ ကြိုးဝိုင်းထဲမှာဆိုလို့ရှိရင် မြက်တွေက သန်လွန်းအားကြီး
လို့ လယ်က မြက်တွေကြားထဲမှာ လိုက်လုပ်နေရတာ။ တကွက်ကြား တကွက်ကြား
လိုက်လုပ်နေရတာ။ မြက်တွေက အများကြီးဖြစ်နေတယ်။"

စစ်အစိုးရပိုင် သတင်းစာတွေမှာတော့ လယ်သမားတွေအတွက် အစိုးရ၊ နိုင်ငံတကာနဲ့
ပုဂ္ဂလိကအလှူရှင်တွေကနေ စုစုပေါင်း မျိုးစပါး တင်းပေါင်း တသန်းေလောက် ထောက်
ပံ့ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ အစိုးရကထောက်ပံ့တဲ့ မျိုးစပါး ခြောက်သိန်း
ကျော် ပါဝင်တယ်လို့လည်း ပြောပါတယ်။ ဒေသခံလယ်သမားတချို့ကတော့ အစိုးရက
ပေးတဲ့ မျိုးစပါးတွေအပြင် ပုဂ္ဂလိက အလှူရှင်တွေကပေးတဲ့ မျိုးစပါးတွေထဲမှာလည်း
မအောင်တဲ့ မျိုးစပါးတွေရှိတယ်လို့ ပြောပါတယ်။ အစိုးရ လက်အောက်ခံမဟုတ်တဲ့
အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာတွေ ရှိတယ်ဆိုပေမယ့်လည်း လောက်ငအောင်
ထောက်ပံ့မပေးနိုင်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

"NGO က ပေးတာကလည်း အပြည့်အ၀ မပေးနိုင်ဘူး။ ၁၂ အုပ်စုလောက်ပဲ ရတယ်။
၄၈ အုပ်စု ရှိတာလေ။ မျိုးစပါးတွေကို ဘယ်လိုလည်း ဆိုတော့လေ၊ မိုးတွေမိထားတဲ့ဟာ
တွေပေါ့နော်။ ပြောရရင် ကျိတ်စားလို့လည်းမရ၊ တချို့ဆိုရင် မည်းပြီးတော့ ဆုံးရှုံး
သွားတဲ့လူတွေ ပြောတာကတော့ ဘဲတောင် မစားကြဘူးပေါ့နော်။ အဲဒီမှာ သူတို့
အခက်အခဲတွေရှိတယ်။"

လယ်သမားတွေအတွက် တခြားအခက်အခဲတခုကတော့ အာဏာပိုင်တွေဘက်က
ဓာတ်မြေသြဇာတွေကို လက်ငင်းစနစ်နဲ့ ရောင်းချနေတဲ့ အခက်အခဲလို့ ပြောကြပါတယ်။
အခုလို စိုက်ပျိုးချိန် သိပ်မကျန်တော့တဲ့အချိန်မှာ ဓာတ်မြေသြဇာ ဝယ်ယူရေးကလည်း
အဓိက ပြဿနာတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ဒီ ဝါဆိုလကုန်လောက်ဆိုရင်တော့ ကျနော်တို့က နှောင်းသွားပြီလို့ ခေါ်ရမှာပေါ့။
အဲတော့ နောက်ထပ် ရက် ၂၀၊ အစိတ်ထက် ပိုမကြာတော့ဘူး။ ရက် ၂၀၊ အစိတ်
လောက်တော့ ကျန်သေးတာပေါ့။ ဒီနှစ် လယ်သမားတွေအတွက် စက်ပစ္စည်းတွေ ပေး
တာကတော့ မဆိုးပါဘူး။ လယ်သမားမှာ အကျပ်အတည်းရှိတာက ဓာတ်မြေသြဇာ။
ကနေ့ ဓာတ်မြေသြဇာ ကို သူတို့က တအိတ်ကို ၂၀,၅၀၀ လို့ ပြောတယ်။ ၂၀,၅၀၀
ဆိုတော့ ကျနော်တို့မှာက လေဘေးဒဏ်ကြောင့် ဘာမှမရှိတော့ဘူး၊ ကုန်နေပြီ။
အဲတော့ ကုန်နေတဲ့အခါကြတော့ ဒီဓာတ်မြေသြဇာကို လက်ငင်းဆပ်ဖို့ဆိုတာ ဘယ်လို
နည်းနဲ့မှ ကျနော်တို့ မတတ်နိုင်ဘူး။ တဧကကို ကျနော်တို့ အနည်းဆုံး တအိတ်
လောက်သုံးရတယ်။"

မုန်တိုင်းဒဏ်ကြောင့် ဆန်စပါး အဓိကစိုက်ပျိုးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ
လယ်ဧက တသန်းခွဲလောက် ပျက်စီးခဲ့တယ်ဆိုပြီး PONJA ခေါ် ကုလသမဂ္ဂ၊ အာဆီယံနဲ့
စစ်အစိုးရတို့ ပူးပေါင်းခဲ့တဲ့ မုန်တိုင်းလွန် ဆန်းစစ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါ
တယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးဧက ၆၀% လောက် ပျက်စီးခဲ့တာလို့ ပြောပါတယ်။ ဒီလို
အပျက်အစီးတွေကြား ဓာတ်မြေသြဇာကို လက်ငင်း ဝယ်နေရတဲ့အပြင် အမတော်ကြေး
ထုတ်ပေးတဲ့ငွေကလည်း ဓာတ်မြေသြဇာဘိုးတောင် မလောက်ဘူးလို့ ဒေသခံ လယ်
သမားက ဆိုပါတယ်။

"၂၀,၅၀၀ တအိတ်ကို၊ ပုလဲ တအိတ်ကို ၂၀,၅၀၀ ဆိုတဲ့ အခါကြတော့ ကျနော်တို့မှာ
ဝယ်စရာ မရှိဘူးလေဗျာ။ နောက်တခု၊ ကျနော်တို့ကို အမတော်ကြေး ထုတ်ပေးတာက
လည်း တဧကကို ၇,၀၀၀ နှုန်း၊ ဧက ၁၀၀ ရှိနေတဲ့လူလည်း ၇၀,၀၀၀ ပဲ ရတယ်။ ၁၀
ဧက ရှိလည်း ၇၀,၀၀၀ ပဲ ရတယ်။ အဲတော့ သူပေးတဲ့ ငွေ ၇၀,၀၀၀ ဟာ ကျနော်တို့
အခုနပြောသလို ဓာတ်မြေသြဇာဘိုးတောင် မရှိဘူး ဖြစ်နေတယ်။ အဲတော့ လယ်
သမားတွေမှာဗျာ၊ တကယ်တမ်း ငွေရေးကြေးရေးက အကျပ်အတည်းကတမျိုး စားဖို့
ဆန်က အခက်အခဲကတမျိုး။ ဒီနှစ် ကျနော်တို့ လယ်သမားဆိုရင် အခုအချိန်အထိ ဆန်
၅ အိတ်ဆိုတာ ပေးတာမျိုး မရှိသေးပါဘူး။ အဲတော့ ကျနော်တို့ လယ်သမားတွေမှာ
ဘာလည်းဆိုတော့ ဟို ခပ်တည့်တည့်ပြောရရင်တော့ ရိုးပြတ်ကိုက်ပြီးတော့၊ ငုတ်တုတ်
ကို ထိုင်နေရတဲ့ အချိန်မျိုးရောက်နေတယ်။"

ဧရာဝတီတိုင်းအတွင်း လယ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့
လပွတ္တာမြို့က ဒေသခံ လယ်သမားတယောက်ရဲ့ ပြောပြချက်ပါ။