စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ
ကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့
ဒဏ်ခတ်တာတွေ ခံနေရတဲ့ မြန်မာနိုင်ငံမှာ
ဆက်လက်ပြီး စီးပွားရှာနေတဲ့ ပြည်ပကုမ္ပဏီ
တွေထဲက အာမခံလုပ်ငန်းတွေရဲ့ အမည်စာရင်း
အသစ်တခုကို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့
အရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ပဲ ထုတ်ပြန်
လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်နေကြတဲ့ ဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ
ကရတဲ့ ဝင်ငွေတွေဟာ စစ်အစိုးရကို အထောက်အပံ့ပေးရာ ရောက်နေလို့ အခုလို
ထုတ်ပြန်ပြောဆိုရတာလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဲ့နည်းနဲ့တဖုံ စီးပွားရေးလုပ်နေကြတဲ့
အာမခံလုပ်ငန်းတွေက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေ မခံစားရဘဲ စစ်
အစိုးရလက်ထဲသာ ရောက်နေတဲ့အတွက် ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုရာ
ရောက်နေတယ်ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့
Burma Campaign UK က အစီရင်ခံစာ တစောင်ထုတ်ပြီး လူသိရှင်ကြားဖြစ်အောင်
လုပ်လိုက်တာပါ။ ဖိနှိပ်မှုကို အာမခံပေးနေခြင်းလို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာ
ထဲမှာ နာမည်ကျော် လန်ဒန် လွိုဒ် (Lloyd's of London)၊ ဂျပန်နိုင်ငံက တိုကီအို
မာရိန်း (Tokio Marine) လို အာမခံကုမ္ပဏီကြီးတွေ အပါအဝင် ကုမ္ပဏီပေါင်း ၁၆ ခုက
မြန်မာအစိုးရပိုင် အာမခံလုပ်ငန်းအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေတဲ့
အကြောင်း အလေးထားဖော်ပြခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို ရေးသားခဲ့တဲ့
Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေး တာဝန်ခံတဦးဖြစ်တဲ့ ဂျွန်နီ ချက်တာတန်
(Johnny Chatterton) ပြောတာက …

"ဒီအာမခံလုပ်ငန်းတွေက မြန်မာစစ်အစိုးရအတွက် တနေ့တနေ့ ဝင်ငွေတွေ သန်းနဲ့ချီ
ရအောင် ဘယ်လို အထောက်အပံ့ ပေးနေတယ်ဆိုတာကို အခုအစီရင်ခံစာက ဖွင့်ချ
ထားတာပါ။ နောက်ပြီး ဒါတွေဟာလည်း အများပြည်သူ အကျိုးခံစားခွင့်မရဘဲ၊
စစ်ဗိုလ်ချုပ်တွေ အိတ်ကပ်ထဲသာ ရောက်ကုန်တယ်ဆိုတာ ကျနော်တို့သိပါတယ်။"

ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ ဒီကုမ္ပဏီတွေကို သူတို့
လုပ်ငန်းတွေရပ်ဆိုင်းဖို့ လှုံ့ဆော်နေရတာလို့လည်း သူကပြောပါတယ်။ ဒါပေမယ့်လည်း
တချို့ကုမ္ပဏီတွေကတော့ ခေါင်းမာမာနဲ့ သူတို့လုပ်ငန်းတွေကို ဆက်လုပ်ဖို့သာ
ဆုံးဖြတ်ထားကြတယ်၊ လန်ဒန် လွိုဒ် ကုမ္ပဏီဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ
ဟာ သူတို့ပြဿနာမဟုတ်ဘူးလို့တောင် ပြန်လည်တုံ့ပြန်ခဲ့တာမျိုး ရှိခဲ့တယ်လို့ ဆိုပါ
တယ်။ ဒါကြောင့်မို့ သူတို့လုပ်ရပ်တွေကို ဖော်ထုတ်ရတာလို့လည်း သူကပြောပါတယ်။

"ကျနော်တို့ အစီရင်ခံစာထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကို ဆက်သွယ်ခဲ့သလို၊ တချို့နဲ့
လည်း တွေ့ဆုံပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စကားပြောခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့်လည်း
အခုစာရင်းထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကတော့ သူတို့ရဲ့မူတွေကို မပြောင်းနိုင်ဘူး
လို့ ပြောတဲ့အတွက်၊ နောက်တဆင့်တက် ဖိအားပေးတဲ့အနေနဲ့ ကျနော်တို့က သူတို့
နာမည်တွေကို ဖော်ထုတ်ပြီး အရှက်ခွဲလိုက်တာပါ။"

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်သေးတာ၊ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် အီးယူ (ဥရောပသမဂ္ဂ) လို၊ အမေရိကန်
ပြည်ထောင်စုလို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိနေ
တာပါ။ ဒါပေမယ့်လည်း ဒီအရေးယူမှုတွေမှာ ပျော့ပြောင်းတာတွေ၊ အားနည်းတာတွေ
ရှိတယ်ဆိုပြီး ထောက်ပြတာတွေလည်း ရှိပါတယ်။ အခုအစီရင်ခံစာထဲမှာလည်း အီးယူ
ရဲ့ ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှုတွေဟာ အခုအာမခံလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ
စီးပွားရေးလုပ်ကိုင်ခွင့်ကို ဟန့်တားနိုင်တဲ့ အခြေအနေမျိုး မရှိဘူး ဆိုပြီးတော့လည်း
ပြောထားပါတယ်။ ဒီလိုလုပ်ငန်းတွေကို တားမြစ်ဖို့က မြန်မာ့အရေးအတွက် အရေးကြီး
တယ်လို့ Burma Campaign UK ကတော့ ယူဆထားတာပါ။

"ဒီကုမ္ပဏီတွေက ကမ္ဘာတလွှားမှာ အခြေစိုက်ထားတယ်ဆိုပေမယ့်လည်း အာမခံ
လုပ်ငန်း ဈေးကွက်ကိုတော့ ဥရောပက ကြီးစိုးထားတာ ဖြစ်ပြီးတော့၊ အတော်များများ
ဟာ ဥရောပမှာ အခြေစိုက်ထားသလို၊ လန်ဒန်မှာလည်း အများအပြား ရှိကြပါတယ်။
ဒါကြောင့်မို့လို့ လန်ဒန်မှာရှိတဲ့ ဒီကုမ္ပဏီတွေရဲ့ မူဝါဒတွေကို ပြောင်းလဲအောင် ကျနော်
တို့ လုပ်နိုင်မယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ အမာခံဝင်ငွေ အသက်သွေးကြောကို
ဖြတ်တောက်နိုင်မှာပါ။"

Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေးတာဝန်ခံတဦးလည်းဖြစ်၊ အခုနောက်ဆုံး
ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်တဲ့ ဂျွန်နီ ချက်တာတန် ဖြစ်ပါ
တယ်။ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပိတ်ဆို့
ဒဏ်ခတ်မှုတွေအရဆိုရင်တော့ ကမ္ဘာပေါ်က ထိပ်တန်းအာမခံကုမ္ပဏီကြီး ၃၀ ဟာ
မြန်မာနိုင်ငံနဲ့ဆက်စပ်ပြီး စီးပွားဖက်စပ်လုပ်ကိုင်ခွင့် မရှိတော့ပါဘူး။