မြန်မာနိုင်ငံ တောင်အာရှနိုင်ငံများအသင်း လေ့လာသူအဆင့်ရ

တောင်အာရှနိုင်ငံများအသင်းလို့ လူသိများ
တဲ့ SAARC အဖွဲ့မှာ မြန်မာနိုင်ငံကို
လေ့လာသူအဆင့်အတန်းနဲ့ လက်ခံဖို့
ဆုံးဖြတ်လိုက်တဲ့အကြောင်း သီရိလင်္ကာ
နိုင်ငံကလာတဲ့ သတင်းတပုဒ်မှာ ဖော်ပြ
ထားပါတယ်။ တောင်အာရှနိုင်ငံတွေအနေ
နဲ့ ကုန်သွယ်ရေးအကျိုးစီးပွား မျှော်ကိုးပြီး
လက်ခံခဲ့တာဖြစ်သလို တဖက်ကလည်း
မြန်မာနိုင်ငံအခြေအနေကို မျက်ကွယ်ပြု
ထားလို့ မရဘူးလို့ သုံးသပ်တာရှိပါတယ်။
အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

SAARC အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် အပြည့်အဝခွင့်ပြုဖို့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့မတ်လမှာ
တရားဝင်လျှောက်ထားခဲ့ပြီးတဲ့နောက် ကနဦးအနေနဲ့ လေ့လာသူအဖြစ် လက်ခံလိုက်
တာပါ။ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်မှာ ကျင်းပနေတဲ့ SAARC အဖွဲ့ လုပ်ငန်း
ကော်မတီရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေးမှာ အဲဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါ
တယ်။

အခုလို လေ့လာသူအဆင့်အတန်း ပေးလိုက်တာဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင်
ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပြောဆိုဆွေးနွေးဖို့ အခွင့်အလမ်းတခု ပေါ်လာတယ်လို့
သုံးသပ်သူက NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့
က အိန္ဒိယအခြေစိုက် ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာတင့်ဆွေပါ။

"မြန်မာနိုင်ငံနဲ့ပတ်သက်ရင် သူတို့နိုင်ငံတွေက သူတို့အကျိုးစီးပွားအရ သူတို့လိုချင်တာ
တွေ တောင်းကြ၊ ပြောကြ၊ လုပ်ကြမှာဖြစ်သလိုပဲ မြန်မာနိုင်ငံဟာ ဒီ့ပြင် နိုင်ငံတကာ
စင်မြင့်မှာ နိုင်ငံတကာအားလုံးကနေ လက်ညှိုးထိုး၊ ဝေဖန်နေတဲ့ကိစ္စတွေကိုလည်း
ဒီအစည်းအဝေးကျင်းပတဲ့ အိမ်ရှင် တောင်အာရှနိုင်ငံအသင်းအနေနဲ့လည်း တာဝန်
ရှိတဲ့နိုင်ငံ ပီသလို့ရှိရင်တော့ မြန်မာစစ်အစိုးရနဲ့ပတ်သက်ရင် ပြောစရာရှိတာတွေကို
တော့ ပြောရပါလိမ့်မယ်။ အဲဒါကြောင့် ပြောဖို့အတွက် နအဖစစ်အစိုးရ အုပ်ချုပ်တဲ့
မြန်မာနိုင်ငံဟာ ဒီအထဲမှာ လေ့လာသူအဖြစ် ဝင်သွားတယ်ဆိုတော့ တနည်းအားဖြင့်
အကောင်းရော၊ အဆိုးရော နှစ်မျိုးစလုံး ဖြစ်လာနိုင်တယ်လို့ ကျနော်တော့မြင်ပါတယ်။"

ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့ အဖွဲ့အစည်းတွေထဲမှာ ASEAN အရှေ့တောင်အာရှနိုင်ငံ
များအဖွဲ့ပြီးရင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ပါဝင်မယ့် အဖွဲ့အစည်းလည်း ဖြစ်ပါ
တယ်။

လေ့လာသူအဆင့်အတန်းဆိုတာ သိပ်ကြီးကျယ်တဲ့အဆင့်တော့ မဟုတ်ဘူး၊ အဖွဲ့ဝင်
ဖြစ်လာဖို့ကတော့ အချိန်ယူရဦးမှာပါလို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

တောင်အာရှနိုင်ငံများအသင်းကို ၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ မူရင်းအဖွဲ့ဝင်
၇ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်ဗ်စ်၊ နီပေါလ်၊ ပါကစ္စတန်၊
သီရိလင်္ကာနိုင်ငံတို့နဲ့ တရားဝင် စတင်ဖွဲ့စည်းခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့
အဖွဲ့ဝင်နိုင်ငံတွေမှာ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ တိုးတက်လာရေး ပူးပေါင်း
ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံကို အဖွဲ့ဝင်သစ်
အဖြစ် လက်ခံခဲ့ပါတယ်။ ဒါ့အပြင် တခြားလေ့လာသူအဆင့်အတန်းရှိတဲ့ နိုင်ငံ ၇ နိုင်ငံ
ရှိပါသေးတယ်။ အဲဒါတွေကတော့ တရုတ်၊ အီရန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီး
ယား၊ အမေရိကန်ပြည်ထောင်စုနဲ့ မော်ရစ်သျှနိုင်ငံတွေပါ။ အခု မြန်မာနိုင်ငံနဲ့အတူ
လေ့လာသူအဆင့် သတ်မှတ်မယ့်ထဲမှာ သြစတြေးလျနိုင်ငံလည်း ပါဝင်ပါတယ်။

မြန်မာအစိုးရက ကိုယ့်ပြည်သူလူထုအပေါ် ပြုမူလုပ်ဆောင်ပုံတွေနဲ့ပတ်သက်ပြီး နိုင်ငံ
တကာက ဝိုင်းဝန်း ပြစ်တင်ဝေဖန်နေချိန်မှာ အခုလို နိုင်ငံတကာ အဖွဲ့အစည်းတခုမှာ
အဆင့်တခုရလာတဲ့အတွက် နိုင်ငံရေးအရ အဆင့်အတန်းတက်လာတယ်လို့ ပြောဖို့
ကတော့ စောလွန်းသေးတယ်လို့ ဒေါက်တာတင့်ဆွေက ဆိုပါတယ်။

တောင်အာရှနိုင်ငံတွေဘက်ကလည်း ကုန်သွယ်ရေးတိုးချဲ့ဖို့ရာမှာ အချက်အချာကျတဲ့
မြန်မာနိုင်ငံကို ခုလို စလက်ခံခဲ့ပေမယ့် မြန်မာ့အရေးမှာ ရေငုံနှုတ်ပိတ်နေလို့တော့ မရ
ပါဘူးတဲ့။

"သူတို့ရဲ့ ကုန်သွယ်ရေးအကျိုးစီးပွားကတော့ မြန်မာနိုင်ငံပါလာတဲ့အတွက် အကျိုးတစုံ
တရာ ရမှာကတော့ အမှန်ပါပဲ။ တချိန်တည်းမှာ ဝေဖန်တဲ့ကိစ္စတွေကို ရေငုံနှုတ်ပိတ်
နေမယ်ဆိုရင်တော့ လေ့လာသူနိုင်ငံတွေကလည်း ဒီမိုကရေစီနိုင်ငံတွေရှိတယ်၊ နိုင်ငံ
ကြီးတွေလည်း ပါတယ်ဆိုတော့ ဝေဖန်ကြမယ်၊ ထောက်ပြမယ်။ အနည်းဆုံး သူ့နိုင်ငံ
ပြည်သူလူထုနဲ့ အနည်းဆုံး ဒေသတွင်း မီဒီယာတွေက ထောက်ပြခံရမှာကတော့ အမှန်
ပါပဲ။ ဒါကြောင့် ဒီနှစ်ခုကို SAARC နိုင်ငံတွေက ချိန်ပြီးတော့ လက်ခံတယ်။ သို့သော်
လည်း သူတို့အကျိုးစီးပွားအရတော့ တစုံတရာ သူတို့အတွက် အကျိုးရှိမှာပါပဲ။"

SAARC အဖွဲ့မှာ မြန်မာနိုင်ငံ လေ့လာသူအဆင့် ရခဲ့တာနဲ့ပတ်သက်လို့ NCGUB တာဝန်
ရှိသူတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက သုံးသပ်ပြောဆိုသွားတာ ဖြစ်ပါတယ်။