မြန်မာ့အရေး တရုတ်ဝင်ပြောလာအောင် သမ္မတဘုရှ် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲ
တွေ ပေါ်လာအောင် တရုတ်ခေါင်းဆောင်တွေ
ကတဆင့် ဖိအားပေးနိုင်ရေး ဆက်ပြီး ကြိုးပမ်း
သွားမယ်လို့ အမေရိကန်သမ္မတ ဂျော့ချ်
ဒဘလျူ ဘုရှ် (George W. Bush) က ပြောပါ
တယ်။ ဘီဂျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲကို မသွား
ခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သမ္မတဘုရှ်
က အခုလို ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးကို
တရုတ်အစိုးရခေါင်းဆောင်တွေ လက်ခံလာ
အောင် သံတမန်ရေးအရ အများကြီး
လုပ်ဆောင်ရလိမ့်ဦးမယ်လို့လည်း ပြောပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနေအိမ်မှာ အမေရိကန်သမ္မတ
ဂျော့ချ် ဒဘလျူ ဘုရှ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးသိန်းထိုက်ဦးက တင်ပြပေးထား
ပါတယ်။

အမေရိကန်သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ်ဟာ ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီးရဲ့နေအိမ်မှာ ဗွီအိုအေ အမေရိကန်အသံ အပါအဝင် မြန်မာဘာသာနဲ့
အသံလွှင့်နေတဲ့ အသံလွှင့်ဌာန ၄ ခုက သတင်းထောက်တွေကို သီးသန့်တွေ့ဆုံပြီး
တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ပါတယ်။ ဒီလို သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးပြီဆိုရင်ပဲ
သမ္မတဘုရှ်ဟာ အိုလံပစ်ပွဲတော်ကျင်းပမယ့် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တဲ့
အတွက် မြန်မာ့အရေးကို တရုတ်ဘက်က ဖိအားပေးလာအောင် ဘယ်လိုဆောင်ရွက်
မယ်ဆိုတာက မေးစရာမေးခွန်းတခု ဖြစ်လာခဲ့ပါတယ်။ သမ္မတဘုရှ်က …

"တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဖြစ်တဲ့အခါ မြန်မာနိုင်ငံအကြောင်းကိစ္စကို
အကြိမ်တော်တော်များများ ကျနော် ပြောဆိုဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒါးဖောကိစ္စ
ကျနော်ပြောတယ်၊ တိဘက်ကိစ္စ ကျနော်ပြောတယ်။ တရုတ်နိုင်ငံအတွင်းက ဘာသာ
ရေး အခွင့်အရေးကိစ္စတွေကို ကျနော် ထည့်သွင်းပြောဆိုပါတယ်။ အခု အိုလံပစ်ပွဲတော်
ကို သွားတယ်ဆိုတာကလည်း တရုတ်ပြည်သူတွေကို လေးစားတဲ့အနေနဲ့ သွားရောက်
တာဖြစ်ပါတယ်။

"မြန်မာပြည်အကြောင်းနဲ့ ပတ်သက်လို့ မြန်မာပြည်အတွင်းက နိုင်ငံရေးအကျဉ်းသား
တွေကိစ္စ ကျနော်တို့ အလေးထားတယ်။ ဒီလို မြန်မာ့အရေး အလေးထားတယ်ဆိုတာ
မြန်မာပြည်သူတွေကို အကြောင်းကြားတယ်။ မြန်မာ့အရေး နိုင်ငံတကာ အတိုင်းအတာ
နဲ့ ဆက်ပြီး ဖိအားပေးနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ ကျနော်တို့ဘက်က တစိုက်
မတ်မတ် ဆက်ပြီး လုပ်ဆောင်သွားမယ်။ ဒါက ဆက်လက်လုပ်ဆောင်သွားမယ့်
လုပ်ငန်းစဉ်တခု ဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်" လို့ ဖြေဆိုသွားတာပါ။

မြန်မာနိုင်ငံကို အကူအညီပေးရေး ဒါမှမဟုတ် ပြုပြင်ပြောင်းလဲလာအောင် နားချတဲ့
အခါတွေမှာ စစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး မပြေလည်တဲ့အတွက်
အခက်အခဲတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်
စုဘက်က စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ ရပ်တည်ချက်ကို မပြောင်း
လဲတဲ့အတွက် စစ်အစိုးရဘက်က အမေရိကန်ပြည်ထောင်စုရဲ့ တိုက်တွန်းချက်တွေကို
မတုံ့ပြန်တာဆိုပြီး ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့သဘော
ထားကို မေးမြန်းတဲ့အခါ သမ္မတဘုရှ်က …

"ကျနော်စိုးရိမ်မိတဲ့ အချက်တခုက မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေဟာ ဖြစ်ပျက်နေတဲ့
အခြေအနေကို အရှိကို အရှိအတိုင်း မသိဘူးဆိုတာပါပဲ။ သူတို့ဘက်က တုံ့ပြန်ချက်တွေ
က အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။
အကူအညီတွေကို လက်မခံဘဲ ငြင်းဆိုခဲ့တာက တိုင်းပြည်မှာ ကြုံနေရတဲ့ ပကတိအနေ
အထားတွေကို စစ်အစိုးရဗိုလ်ချုပ်တွေ မသိတဲ့အတွက်ပါ။

"ကျနော်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ၆ လ ကျန်ပါသေးတယ်။
ကျနော့်တာဝန်က လူတွေခံစားနေရတဲ့ ဘေးဒုက္ခတွေက သက်သာရာရဖို့ပါ။ မြန်မာ
ပြည်တွင်းကလူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းရှာဖို့ပါ။ စစ်အစိုးရနဲ့
ကျနော်တို့ ဆက်ဆံရေးပြောင်းလဲလို့ ဒီလို လူတွေကို ကူညီနိုင်မယ့် ဦးတည်ချက်တွေ
ပြည့်မယ်ဆိုရင် ကျနော် ဒီကိစ္စကို အလေးအနက် စဉ်းစားပါ့မယ်။ ဒါပေမယ့် ကျနော်
ဒီလိုလုပ်သင့်တယ်လို့တော့ သဘောထားမရှိပါဘူး" လို့ ပြောဆိုသွားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာက တူညီတဲ့ တုံ့ပြန်မှုတွေရဖို့၊
အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို စစ်အစိုးရအပေါ် ဖိအားပေးလာအောင်
နားချနိုင်ဖို့ဆိုတာ သံတမန်ရေးအရ အများကြီးလုပ်ဆောင်ရဦးမယ်လို့ သမ္မတဘုရှ်က
ပြောပါတယ်။ ဒါပေမယ့်လည်း သူနဲ့ တရုတ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေး
ကောင်းမွန်မှုကတဆင့် ဒီလို ဖိအားပေးနိုင်အောင် နားချနိုင်မယ်လို့ မျှော်လင့်တဲ့
အကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရပြီဆိုတာကို ကြားခဲ့ရတဲ့ အချိန်ကတည်းက အမေ
ရိကန် ရေတပ်ကနေ အကူအညီတွေပေးနိုင်ဖို့ သူ ညွှန်ကြားခဲ့တယ်လို့ အမေရိကန်
သမ္မတ ဘုရှ်က ပြောပါတယ်။ ဒီအကူအညီတွေကိုသာ စစ်အစိုးရဘက်က လက်ခံခဲ့မယ်
ဆိုရင် မုန်တိုင်းဘေးဒဏ်သင့်ခဲ့တဲ့ နေရာတွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက်
ကူညီနိုင်မှာဖြစ်သလို လူတွေရဲ့ အသက်တွေကိုလည်း ဒီထက်ပိုပြီး ကယ်တင်နိုင်မှာ
ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီလိုအကူ
အညီတွေကို ငြင်းပယ်ခဲ့လို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေကနေ သင်ခန်းစာယူသင့်တယ်
လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့အချိန်တုန်းက စစ်အစိုးရက အကူအညီတွေကို လက်မခံခဲ့
ပေမယ့် အမေရိကန်ရေတပ်တွေ မြန်မာ့ရေပိုင်နက်ထဲဝင်ပြီး လေဘေးအကူအညီတွေ
ပေးမယ်လို့ မြန်မာပြည်သူ တော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။ လူသားချင်း
စာနာထောက်ထားမှုအရ အိမ်ရှင်နိုင်ငံက လက်မခံပေမယ့် မဖြစ်မနေ ဝင်ရောက်ပြီး
အကူအညီပေးတာမျိုးတွေ လုပ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒီလို ဘာကြောင့်မလုပ်
နိုင်ခဲ့တာလဲလို့ မေးကြည့်တော့ သမ္မတဘုရှ်က …

"ကျနော်တို့ဘက်က သာမန် ပုံမှန်ပေးနေကြ အကူအညီပေးနေတဲ့ လမ်းကြောင်းကိုပဲ
သုံးခဲ့ပါတယ်။ အခြေခံအားဖြင့် ကျနော်တို့က ဒီမှာ အကူအညီတွေရနိုင်ဖို့ အခွင့်အလမ်း
တွေ ရှိတယ်ဆိုတာကို အကြောင်းကြားခဲ့တာပါ။ စစ်အာဏာရှင်တွေဘက်က အကူအညီ
တွေကို မြန်မြန်ဆန်ဆန် လက်မခံခဲ့တဲ့အတွက် ကျနော် စိတ်ပျက်မိခဲ့ပါတယ်။

"ဒီအကူအညီတွေပေါ်မှာ အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေကို
ကူညီရာမရောက်ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့က စစ်ဘက်၊ အရပ်ဘက်တွေ
ကို ပြည်ဝင်ခွင့်မရှိလည်း ဝင်ဆိုပြီး လွှတ်လိုက်တာမျိုး၊ လက်ရှိအခြေအနေကနေ ပိုပြီး
ဆိုးဝါးသွားတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ စစ်အစိုးရဘက်က တုံ့ပြန်ခဲ့တာတွေနဲ့
ပတ်သက်လို့ စိတ်ပျက်မိတယ်ဆိုတာ ဟုတ်ပါတယ်။ အခြေအနေ ပိုဆိုးဖို့ထက်
ပိုကောင်းမယ့်နည်းလမ်းကို သုံးခဲ့တာပါ" လို့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူပေါင်းဆောင်ရွက်တဲ့အခါ အမေ
ရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာ မှားယွင်းတယ်လို့ သူ့အနေနဲ့ မမြင်မိတဲ့အကြောင်း၊
ဒါပေမယ့်လည်း တချို့နိုင်ငံတွေနဲ့ ချဉ်းကပ်ပုံ ကွဲလွဲချက်တွေ ရှိတဲ့အကြောင်းကို အမေ
ရိကန်သမ္မတ ဘုရှ်က ပြောဆိုသွားပါတယ်။

အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေက မြန်မာပြည်ရဲ့ တည်ငြိမ်ရေးဆိုတာကို ဦးစားပေး
တယ်လို့ ပြောဆိုလေ့ရှိပါတယ်။ သူကတော့ ဒီမိုကရေစီကိုပဲ အဓိကထားတယ်၊ လူတွေ
ကို ဂုဏ်သိက္ခာနဲ့အညီ ပြုမှုဆက်ဆံတဲ့၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာ
ရေးကို ဦးစားပေးတယ်လို့ ဆိုပါတယ်။

"ခင်ဗျားတို့ ရေဒီယိုအစီအစဉ်တွေကို နားဆင်နေတဲ့ သောတရှင် မြန်မာပြည်သူတွေ
အနေနဲ့ အမေရိကန်သမ္မတနဲ့ အခြားသူတွေက သူတို့အတွက်၊ သူတို့နေထိုင်နေရတဲ့
အခြေအနေတွေကို ဘယ်လိုစိုးရိမ်နေတယ်၊ သူတို့ကို လွတ်မြောက်စေချင်တယ်၊ မြန်မာ
နိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခွင့် ရှိစေချင်
တယ်၊ ဒါတွေ မနက်ဖြန်ဖြစ်မယ်လို့ အာမ မခံနိုင်ရင်တောင် ဒီအမြော်အမြင်တွေနဲ့
အားကောင်းတဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖော်ဖို့လိုပါတယ်။ ကျနော်တို့က မြန်မာ
ပြည်သူတွေကို ကူညီနိုင်ဖို့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ဆက်ပြီး
ဆောင်ရွက်သွားမှာပါ" လို့ အမေရိကန်သမ္မတက ပြောဆိုသွားပါတယ်။