အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစားဖို့ သမ္မတဘုရ်ှ - ရုရှားကို တိုက်တွန်း

အရင်ဆိုဗီယက်ယူနီယံ လက်အောက်ခံ ဖြစ်ခဲ့တဲ့ ဂျော်ဂျီယာနိုင်ငံတွင်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ သဘောတူညီပြီး နောက်တရက်အကြာမှာ - ရုရှားအနေနဲ့ ဂျော်ဂျီယာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဘုရ်ှ က ပြောလိုက်ပါတယ်။ ရုရှားစစ်တပ်သုံး ယာဉ်တွေဟာ ဂျော်ဂျီယံ ပိုင်နက်အတွင်းထဲအထိ တိုးဝင်နေတုန်းပဲလို့ သတင်းတွေ ထွက်နေချိန်မှာ သမ္မတဘုရ်ှ က အခုလို ပြောဆို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဗွီအိုအေ သမ္မတ အိမ်ဖြူတော် သတင်းထောက် Scott Stearns က သတင်းပေးပို့ထားပါတယ်။

ရုရှားအနေနဲ့ သူတို့ရဲ့ ကတိကဝတ် အတိုင်း ဂျော်ဂျီယာနိုင်ငံအတွင်းက စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ပြီးခဲ့တဲ့ရက်အတွင်း ဂျော်ဂျီယာအတွင်းပိုင်းထဲအထိ ဝင်ရောက်ထိုးစစ်ဆင်ခဲ့တဲ့ သူ့တပ်တွေ အားလုံးကိုလည်း ပြန်လည် ရုတ်သိမ်းမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း သမ္မတဘုရှ် ကတော့ ပြောခဲ့ပါတယ်။

“ဂျော်ဂျီယာနိုင်ငံ ဂိုရီမြို့ အရှေ့ဖက်ခြမ်းမှာ ရုရှားတပ်တွေ နေရာယူထားတယ် ဆိုတဲ့ သတင်းတွေအတွက် ကျနော်တို့ စိုးရိမ်ပူပင်မိပါတယ်။ ဒီနေရာဟာ ဂျော်ဂျီယာ နိုင်ငံကို အရှေ့အနောက် ဖြတ်ထားတဲ့ လမ်းမကြီးကို ပိတ်ပင်ထားသလို မြို့တော် ရှကစ်ဗီလီကိုလည်း စစ်ရေး ခြိမ်းခြောက်မှု ရှိစေပါတယ်။ ဂျော်ဂျီယာရဲ့ Poti ဆိပ်ကမ်းမြို့မှာလည်း ရုရှားတပ်တွေ ဝင်ရောက် နေရာယူထားတယ် ဆိုတဲ့ သတင်းတွေ အပေါ်မှာလည်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒီကနေ ရုရှားစစ်သုံးယာဉ် တွေဟာ ဆိပ်ကမ်းကို ပိတ်ဆို့ထားပြီး ဂျော်ဂျီယာ သင်္ဘောတွေကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ နဲ့အတူ သမ္မတအိမ်ဖြူတော် မြက်ခင်းပြင်မှာလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးခြယ်ခံရတဲ့ အစိုးရ နဲ့အတူ ရပ်တည်သွားမယ်လို့ သမ္မတဘုရ်ှ က ပြောခဲ့ပါတယ်။

“ဂျော်ဂျီယာနိုင်ငံရဲ့ အချုပ်အချာအာဏာ ပိုင်နက်နယ်မြေကို လေးစားရမယ်လို့ ကျနော်တို့ အခိုင်အမာ ကိုင်စွဲထားပါတယ်။ ဂျော်ဂျီယာမှာ အစိုးရ အပြောင်းအလဲ လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာကိုလည်း ရုရှားက ပြောထားပါတယ်။ ရုရှား အနေနဲ့ ဒီကတိကဝတ် ကို လေးစား လိုက်နာမယ်လို့ အမေရိကန် ပြည်ထောင်စုရော နိုင်ငံတကာကပါ မျှော်လင့်ထားပါတယ်။”

သမ္မတ ဘုရ်ှဟာ ဒီမတိုင်ခင်ကတော့ ဂျော်ဂျီယာ သမ္မတ Mikheil Saakahvili နဲ့ရော ဂျော်ဂျီယာမှာ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ ကြားဝင် ညှိနှိုင်း ပေးနေတဲ့ ပြင်သစ်သမ္မတ နီကိုးလပ် ဆာကိုဇီ နဲ့ပါ စကားပြောခဲ့ပါတယ်။ သမ္မတ ဘုရ်ှ အနေနဲ့ အခုဆိုရင် သမ္မတ ဆာကိုဇီနဲ့ နောက်ထပ် ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ကို ပြင်သစ်ကို စေလွှတ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဟာ ရှကစ်ဗီလီ ကိုလည်း သွားပြီး ဂျော်ဂျီယာ အစိုးရကို အမေရိကန်တွေ အနေနဲ့ ထောက်ခံထားတဲ့ အကြောင်း စကားပါးဖို့လည်း ရှိတယ်လို့ သမ္မတဘုရ်ှ က ပြောပါတယ်။

“ဒီခရီးစဉ်မှာတော့ လွတ်လပ်တဲ့ ဂျော်ဂျီယာနိုင်ငံကို အကာအကွယ် ပေးဖို့ရာ လွတ်လပ်တဲ့ ကမ္ဘာက စုဝေးတိုင်ပင်မှုတွေ လုပ်ဖို့ သူမက ဆက်ကြိုးစားသွားမှာပါ။”

အမေရိကန်စစ်တပ်ဟာ ဂျော်ဂျီယာကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးအတွက် ဦးဆောင်သွားရာ ရောက်မယ်လို့ သမ္မတ ဘုရ်ှ က ပြောပါတယ်။ အရပ်သားပြည်သူတွေအတွက် ဒီအကူအညီ အထောက်အပံ့တွေ ပေးရာမှာ ပင်လယ်ဆိပ်ကမ်း လေဆိပ် ကုန်းလမ်းနဲ့ ဝေဟင် စတဲ့ လမ်းပမ်းသယ်ယူ ပို့ဆောင်ရေး ဆက်သွယ်ရေး ကိစ္စတွေ အသုံးပြု ဆောင်ရွက်ရေး အတွက် ရုရှားဖက်က ကတိကဝတ်အတိုင်း လိုက်နာမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း သမ္မတ ဘုရ်ှ က ပြောပါတယ်။

၂၁ ရာစု ကမ္ဘာကြီးရဲ့ သံတမန်ရေး နိုင်ငံရေး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ရုရှားတို့ ပူးပေါင်း ပါဝင်လာနိုင်ရေးမှာ အမေရိကန်ဖက်က အရင်က အထောက်အကူ ပြုပေးခဲ့တယ်လို့ သမ္မတ ဘုရ်ှ က ပြောပါတယ်။

“ဂျော်ဂျီယာမှာ အခုလို ဆောင်ရွက်လိုက်တဲ့ ကိစ္စကြောင့် ရုရှားရဲ့ ဒီရည်မှန်းချက်တွေဟာ အခု ထိခိုက်လာနိုင်ချေ ရှိပါတယ်။ အခု လုပ်တဲ့ ကိစ္စက ဒီလို ကမ္ဘာ့အဖွဲ့အစည်း ကမ္ဘာ့ အသိုင်းအဝိုင်းကြီးရဲ့ အခြေခံမူတွေနဲ့လည်း မကိုက်ညီပါဘူး။ ရုရှားအနေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ ပျက်ပြားသွားတဲ့ ဆက်ဆံရေးကို ပြန်ကောင်းမွန်အောင် ဆိုရင် - ကမ္ဘာမှာ သူ ရခဲ့တဲ့နေရာ ပြန်ရဖို့ ဆိုရင် အခု သူပြောခဲ့တဲ့ စကားတွေအတိုင်း လိုက်နာပြီး ဒီပြဿနာကြီးကို အဆုံးသတ်ရပါလိမ့်မယ်။”

အခု ဂျော်ဂျီယာအရေးအခင်း နဲ့ပတ်သက်လို့တော့ NATO (နေတိုး) နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို အမေရိကန်ပြည်ထောင်စုက ခေါ်ယူထားပါတယ်။ ဒီအစည်းအဝေးကို လာမယ့် ရက်သီတင်းပတ် အစောပိုင်းမှာ ကျင်းပဖွယ် ရှိပြီး ရုရှား အနေနဲ့ ကတော့ လေ့လာသူနေရာကနေ တတ်ရောက်ခွင့် ရမှာတော့ မဟုတ်ဘူးလို့ နေတိုးဖက်ကတော့ ပြောပါတယ်။