ရွှေဝါရောင် တော်လှန်ရေးအတွက် အယ်လ်ဂျာဇီးရား EMMY ဆု အရွေးခံစာရင်းထဲ ပါ

ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် အယ်လ် ဂျာဇီးရားရုပ်မြင်သံကြားသတင်းဌာနဟာ ၂၀၀၈ ခုနှစ် နိုင်ငံတကာ Emmy ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ထဲမှာ ပါသွားပါပြီ။ ဒီဆုအတွက် အမည်စာရင်းတင်သွင်းခံရလောက်အောင် ဖြစ်စေခဲ့တဲ့ သတင်းပေးပို့ချက်ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကဖြစ်ခဲ့တဲ့ ရွှေဝါရောင် လှုပ်ရှားမှု သတင်းတွေကို အခက်အခဲ မျိုးစုံကြားက ထုတ်လွှင့်နိုင်ခဲ့လို့ဖြစ်ပါတယ်။ အယ်လ် ဂျာဇီးရားသတင်းဌာနအဖို့ ဂုဏ်ယူဖွယ် Emmy ဆုအတွက် ပထမဆုံး အမည်စာရင်းတင်သွင်းခံရတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ရွှေဝါရောင်လှုပ်ရှားမှုသတင်းတွေကို မြန်မာနိုင်ငံတွင်း ကိုယ်တိုင်သွားရောက် သတင်းယူခဲ့သူကတော့ အယ်လ် ဂျာဇီးရား သတင်း ဌာနရဲ့သတင်းထောက် Tony Bradley ပါ။ မြန်မာနိုင်ငံလိုနေရာမျိုးဟာ နိုင်ငံခြားသတင်းထောက်တွေမပြောနဲ့ ပြည်တွင်းသတင်း ထောက်တွေအတွက်တောင်မှ အန္တရာယ်ရှိတဲ့နေရာပါ။ ဒီထဲမှာမှ ရွှေဝါရောင်လှုပ်ရှားမှုလို အခြေအနေမျိုးကို သတင်းသွားယူရတဲ့ သတင်းထောက်တယောက်အဖို့ သူပေးပို့ခဲ့တဲ့သတင်းတွေကြောင့် ဒီလိုဆုမျိုးအတွက် အမည်စာရင်းတင်သွင်းခံရတာဟာ ဝမ်းသာစရာဖြစ်ပေမယ့် ဆုတွေဆိုတာက နှစ်စဉ်ပေးနေကျဖြစ်ပြီး ဆုရဖို့က တကယ်တမ်းအရေးကြီးတာမဟုတ်ပါဘူးလို့ Tony Bradley က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"အရေးကြီးတာက ဘာလဲဆိုတော့ဗျာ၊ မီးမောင်းထိုးပြဖို့လိုတဲ့ အကြောင်းအရာတခု၊ ဇာတ်လမ်းတခုအတွက် အသိအမှတ်ပြုခံရ တယ်ဆိုတာပါ။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာက သိဖို့လိုပါတယ်။ မြန်မာနိုင်ငံကလူတွေရဲ့ဘဝ၊ သူတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ လွတ်လပ်မှုဆုံးရှုံးနေတာတွေကို လူတွေသိဖို့လိုပါတယ်။ ၂၁ ရာစုမှာ ဒီလိုအခြေအနေမျိုး ဖြစ်နေ တာကို ခွင့်ပြု လက်ခံနေရတာ မမှန်ပါဘူးဗျာ။ ဒါ့ကြောင့် သတင်းပို့တဲ့ သတင်းထောက်ထက် ပိုအရေးကြီးတာက အကြောင်းအရာ ကို အသိအမှတ်ပြုခံရမှုပါ။"

Tony ဟာ စက်တင်ဘာလှုပ်ရှားမှု စပြီးခါစအချိန်၊ လုံခြုံရေးတပ်တွေက အပြင်းအထန်ဖြိုခွဲတာတွေ မလုပ်ခင်လေးမှာတင် မြန်မာ နိုင်ငံကို ရောက်သွားခဲ့တာပါ။ သံဃာတော်တွေဦးဆောင်ပြီး မေတ္တာပို့ကြွချီခဲ့ကြတာတွေ၊ လူထုက သံဃာတော်တွေနောက်မှာ ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့ လိုက်ပါကြတာတွေကို တွေ့ခဲ့ရတဲ့အပြင် ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တာတွေကိုလည်း ကိုယ်တိုင် တွေ့ခဲ့ရသူပါ။ အဲဒီတုန်းက သူရခဲ့တဲ့အတွေ့အကြုံဟာ တကယ့်ကို စိတ်လှုပ်ရှားဖွယ်ပါပဲလို့ပြောပါတယ်။

"အတူတကွချီတက်ပြီး သူတို့ရဲ့အခွင့်အရေးကို တောင်းဆိုကြတဲ့လူတွေရဲ့ စိတ်ဓာတ်တက်ကြွမှုကို တွေ့ရပါတယ်။ အဲဒီနောက်မှာ တော့ အပြင်းအထန် နှိမ်နင်းဖြိုခွဲတာ၊ ရိုက်နှက်တာ၊ ပစ်ခတ် သတ်ဖြတ်တာ စတဲ့ ရက်စက်မှုတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်ကာလဟာ ကျနော့်အတွက် တကယ့်ကို အမှတ်ရစရာအချိန်ကာလပါပဲ။"

သူဟာ ရန်ကုန်နဲ့ပတ်ဝန်းကျင်နေရာတွေမှာ သီတင်းနှစ်ပတ်ကြာ လှည့်လည်သွားလာပြီး လူတွေကို တွေ့ဆုံ မေးမြန်း သတင်းပေး ပို့ခဲ့ပါတယ်။ သူပို့ခဲ့တဲ့သတင်းတွေကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် အယ်လ် ဂျာဇီးရားရုပ်သံဌာနရဲ့ ကွာလာလမ်ပူ News Hour ဆိုတဲ့ အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တာပါ။

စက်တင်ဘာလှုပ်ရှားမှုကာလအတွင်း လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဂျပန်သတင်းထောက် Kenji Nagai သေဆုံးခဲ့ရ တာကို ကမ္ဘာတဝှမ်းက ရုပ်မြင်သံကြားသတင်းတွေမှာ ထပ်ခါတလဲလဲ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒါကြောင့်လည်း မြန်မာစစ် အစိုးရရဲ့ ရက်ရက်စက်စက် နှိမ်နင်းမှုကို ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရတာပါ။ ဒီလိုရက်စက်မှုတွေကြောင့်လည်း မြန်မာနိုင်ငံကလူတွေဟာ လူစိမ်းတွေကို စကားပြောရမှာ အရမ်းကို သတိထားကြတယ်လို့ Tony က သူတွေ့ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။ ထောက်လှမ်းရေး သတင်းပေးတွေကလည်း နေရာတိုင်းမှာ ပြည့်နေတာပါပဲတဲ့။

အဲဒီအချိန်မှာ မြန်မာနိုင်ငံကအခြေအနေတွေကို ကမ္ဘာကပိုသိအောင် သတင်းဌာနတွေရဲ့ထုတ်လွှင့်မှုတွေ အများအပြားရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အခြေအနေတွေပြောင်းလဲသွားအောင် ကမ္ဘာကြီးကလုပ်ဆောင်နိုင်မှုပေါ် မြန်မာလူထုဟာ သိပ်ယုံကြည်ကိုးစားမှု မရှိကြတာကို သူတွေ့ခဲ့ရပါတယ်လို့လည်း Tony ကဆိုပါတယ်။ ကမ္ဘာကြီးသိအောင်တော့ သတင်းတွေထုတ်နိုင်မှာပါ၊ ဒါပေမယ့် ကမ္ဘာကြီးက ဘာမှသိပ်လုပ်နိုင်မှာမဟုတ်ဘူးလို့ သူတို့ပြောကြပါတယ်တဲ့။ ဒါဟာ တကယ့်ကို ဝမ်းနည်း ကြေကွဲဖွယ်ပါပဲလို့ Tony ကပြောပါတယ်။

သူ့ကို စွန့်စားပြီး အကူအညီပေးခဲ့ကြသူတွေကို Tony က မှတ်မှတ်ရရရှိနေဆဲပါ။ သူ့သတင်းတွေ နိုင်ငံပြင်ပကို ရောက်အောင် ပေးပို့နိုင်ရေးမှာ အန္တရာယ်တွေကြားထဲက စွန့်စားမှုအများကြီးယူပြီး ဒီလူတွေ ကူညီခဲ့ကြတာပါလို့ ပြောပါတယ်။

"ဒီလူတွေဟာ အသံတိတ်၊ အမည်မဲ့၊ မျက်နှာမဲ့ အညတရ သာမန်လူတွေပါ။ အစိုးရရဲ့အန္တရာယ်ကြောင့် သူတို့ ဘယ်သူဘယ်ဝါ တွေဆိုတာ ထုတ်ပြောလို့မရပါဘူး။ မြန်မာလူထုဟာ ကျနော့်အတွက် အရမ်းကို ကျေးဇူးကြီးမား လှပါတယ်။ ဘာ့ကြောင့်လဲဆို တော့ သူတို့သာလျှင် ဒီအကြောင်းအရာကို ရှင်သန်နေအောင် လုပ်သူတွေဖြစ်လို့ပါပဲ။"

စက်တင်ဘာလှုပ်ရှားမှုကာလအတွင်း မြန်မာနိုင်ငံကနေ သတင်းပေးပို့ခဲ့သူ အယ်လ် ဂျာဇီးရား ရုပ်သံဌာနရဲ့ သတင်းထောက် Tony Bradley ပါ။

Emmy ဆုဟာ နိုင်ငံတကာမှာထင်ရှားလှတဲ့ ရုပ်မြင်သံကြားဆိုင်ရာ ဆုတဆု ဖြစ်ပြီး နှစ်စဉ် ချီးမြှင့်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာအခြေစိုက်ပြီး ရုပ်မြင်သံကြား ရိုက်ကူးရေးအတွက် စတင် ပေါ်ပေါက်ခဲ့တဲ့ Emmy ဆုရွေးချယ်ရေးအဖွဲ့က အခု အခါ သတင်းနဲ့ မှတ်တမ်းတင်ရိုက်ကူးရာမှာ ထူးချွန်တဲ့သူတွေကို ဒီဆု ချီးမြှင့်လာ တာ ဖြစ်ပါတယ်။