၃ လအတွင်း နာဂစ် ကယ်ဆယ်ရေး လုပ်ငန်း၌ ကုလ ကူညီငွေ ၁ သန်းခွဲကျော် ဆုံးရှုံး

မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁. ၅ သန်း နစ်နာဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးရုံး တာဝန်ရှိသူက ပြောကြားလိုက် ပါတယ်။ တကယ်တမ်း အရင်တုန်းကတော့ ကုလသမဂ္ဂအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု ဆိုင်ရာ အကြီးအကဲ John Holm က ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက ဆိုက်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေး နိုင်ငံတကာအကူအညီတွေမှာ ငွေနစ်နာဆုံးရှုံးမှုတွေ နဲ့ပတ်သက်လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်တွေမှာပဲ အခုလို ကိန်းဂဏန်းကွဲလွဲနေတာ နဲ့ပတ်သက်လို့ - မနေ့ကတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးရဲ့ တွဲဖက် ပြောခွင့်ရသူ Farhan Haq က အခုလို ဖြေရှင်းပါတယ်။

"ကျနော်မှာရှိတဲ့ ကိန်းဂဏန်းအရတော့ ၂၀၀၈ မေ၊ ဇွန်၊ ဇူလှိုင် ၃ လအတွက် အမေရိကန် ဒေါ်လာ ၁၉၆ သန်း အထောက်အပံ့ အကူအညီတွေ ရပါတယ်။ ဒီအထဲက အမေရိကန်ဒေါ်လာ ၁၄၇ သန်းက ကုလသမဂ္ဂက လက်ခံရရှိပါတယ်။ ကျန်တာတွေကတော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လက်ခံရရှိခဲ့တာပါ။ ဒီအထဲကမှ အမေရိကန် ဒေါ်လာ ၃၅ သန်းကို ကုလသမဂ္ဂ အနေနဲ့က မြန်မာနို်င်ငံထဲမှာ သုံးစွဲပါတယ်။ ဒီကမှ ငွေလဲလှယ်မှုနှုန်းကြောင့် ငွေကြေး ကွာဟဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၁.၅၆ သန်း ဖြစ်ပါတယ်။ ဒီငွေက ဒေသတွင်းမှာ သုံးစွဲတဲ့ငွေပမာဏရဲ့ ၄.၅ ရာခိုင်နှုန်းရှိပြီး၊ ကုလသမဂ္ဂက ရရှိငွေစုစုပေါင်းရဲ့ ၁ % ဖြစ်ပါတယ်။"

ဆိုလိုတာကတော့ သန်း နှစ်ရာနီးပါး နိုင်ငံတကာ အကူအညီတွေမှာ လက်တွေ့ မြန်မာနိုင်ငံထဲမှာ သုံးစွဲတဲ့ ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၃၅ သန်းပဲ ဖြစ်ပြီး၊ ဒီအထဲကမှ အခုလို ဆုံးရှုံးမှုကို တွက်ချက်တာ ဖြစ်ပါတယ်။ အထောက်အပံ့ အကူအညီ သုံးစွဲမှု အတော်များများကိုတော့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေမှာ အတော်လေး သုံးစွဲခဲ့ရတယ်လို့ ကုလသမဂ္ဂဖက်က အရင်က ပြောခဲ့ဖူးပါတယ်။ မစ္စတာ ဂျွန်ဟုမ်းရဲ့ တွက်ချက်မှုဟာလည်း ရရှိခဲ့တဲ့ နိုင်ငံတကာ အကူအညီ ငွေပမာဏတွေ အားလုံးပမာဏကို ခြုံပြီး အကြမ်းဖျဉ်း တွက်ချက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်းက အရင်က တွက်ချက်ပြခဲ့တဲ့ ဒေါ်လာ ၁၀ သန်း ဆုံးရှုံးငွေဆိုတာ ကနဦး အကြမ်းဖျဉ်း တွက်ချက်ထားချက်ပါ။ အဲဒီကတည်းက သူပြောပါတယ်။ ဒါဟာ ဆုံးရှုံးမှု ရှိနိုင်တဲ့ ပမာဏအများဆုံး တန်ဖိုးဆိုတာပါ။"

ဒါကတော့ မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်မှုစနစ်ကြောင့် ဆိုက်ကလုန်း မုန်တိုင်းကယ်ဆယ်ရေးမှာ နိုင်ငံတကာ အကူအညီ ငွေကြေးတွေ ဆုံးရှုံးတဲ့ကိစ္စ ကုလသမဂ္ဂ အတွင်းရေးမှူးးချုပ်ရုံး တွဲဖက် ပြောခွင့်ရသူ Farhan Haq ရှင်းပြသွားတာဖြစ်ပါတယ်။