သြဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး နဲ့ လူ့အခွင့်အရေးတို့အတွက် တစိုက်မတ်မတ် ထောက်ခံအားပေး လုပ်ကိုင်ပေးနေတဲ့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် ထိုင်းနိုင်ငံရောက်စဉ် မဲလ ဒုက္ခသည်စခန်း နဲ့ မဲတော် ဆေးခန်းတို့ကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မဲတော်ဆေးခန်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာ စင်သီယာမောင် အား ချီးကျုးဂုဏ်ပြု အားပေးစကားပြောကြားကာ နိုင်ငံတကာ သတင်းထောက်များ နဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနောက် မြန်မာနိုင်ငံမှ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွါလာခဲ့ကာ ထိုင်းနိုင်ငံ မဲဆော့မြို့မှာ မဲတော်ဆေးခန်း ဖွင့်လှစ်ကာ မြန်မာနိုင်ငံမှာ ထွက်ပြေးတိမ်ရှောင်လာကြတဲ့ နိုင်ငံရေးကျောင်းသားများ၊ မြန်မာဒုက္ခသည်များ၊ အလုပ်သမားများ၊ မြန်မာတိုင်းရင်းသား နဲ့ မြန်မာနိုင်ငံသားများကို အခမဲ့ ဆေးကုသ ပေးနေသူ ကရုဏာ စေတနာရှင် ဒေါက်တာစင်သီယာမောင် နဲ့ အမေရိကန် သမ္မတကတော် Mrs. Bush တို့ ဘာတွေပြောဆို စကားပြော ဆွေးနွေးခဲ့သလဲ ဆိုတာကို ဒေါ်လှလှသန်းက ဆရာမ စင်သီယာမောင် အား မေးမြန်းတင်ပြပေးထားပါတယ်။