နိုင်ငံတကာ ကယ်ဆယ်ရေးအလှူငွေများ အက်ဖ်အီးစီနှင့်လဲရန် မလိုတော့

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ မြန်မာနိုင်ငံကို အကူအညီပေး
တဲ့အခါ အက်ဖ်အီးစီ နိုင်ငံခြားငွေလဲလက်မှတ်နဲ့ လဲလှယ်ရတဲ့ စည်းကမ်းသတ်မှတ်ချက်
ကို စစ်အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။ နိုင်ငံခြားငွေလဲနှုန်း မညီမျှတဲ့အတွက်
ကုလသမဂ္ဂဘက်က အကူအညီငွေ အမြောက်အများ ဆုံးရှုံးနေတယ်ဆိုတဲ့ ပြောဆို
ချက်တွေ ထွက်လာပြီးနောက်မှာ စစ်အစိုးရဘက်က အခုလို သဘောတူလိုက်တာ
ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်အစိုးရဘက်က အခုလို သဘောတူလိုက်တဲ့အတွက် အရင်က နိုင်ငံတကာ အကူ
အညီပေးရေးအဖွဲ့တွေ ပေးနေရတဲ့ ငွေလဲလှယ်ခ ၁၀% ကို စစ်အစိုးရဘက်က
ကောက်ခံနေတာတွေ မရှိတော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း
စာနာထောက်ထားမှုရုံး ဆက်သွယ်ရေးမှူး ဒန် ဘက်ကာ (Dan Backer) က ပြောပါ
တယ်။

"မြန်မာစစ်အစိုးဘက်က သဘောတူညီချက်က ကုလသမဂ္ဂက ပေးတဲ့အကူအညီတွေ၊
နောက် နိုင်ငံချင်း နှစ်ဦးနှစ်ဖက် အကူအညီပေးတာတွေ၊ နိုင်ငံတကာ အစိုးရ
လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ပြည်တွင်းက
ဝန်ဆောင်မှုနဲ့ ကုန်ရောင်းချနေတဲ့သူတွေရဲ့ ဒေါ်လာငွေစာရင်းထဲကို ကျနော် တိုက်ရိုက်
ငွေပေးပို့နိုင်ပြီ ဆိုတာပါပဲ။ အရင်က ပုံမှန်ပေးနေရတဲ့ ကုန်သွယ်ရေး ဘဏ်စာရင်း
အတွက် ငွေလဲလှယ်ခ ၁၀% ပေးနေရတာကို ပေးစရာမလိုတော့ဘူး" ဆိုပြီး
ဒန်ဘက်ကာက ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဒေါ်လာနဲ့ နိုင်ငံခြားငွေလဲလှယ်လက်မှတ် အက်ဖ်အီးစီဈေး ငွေလဲနှုန်း
ကွာဟချက်တွေကြောင့် ပြီးခဲ့တဲ့သုံးလအတွင်း ကုလသမဂ္ဂဘက်က အမေရိကန်ဒေါ်လာ
တသန်းခွဲကျော် နစ်နာခဲ့တဲ့အကြောင်း မကြာသေးခင်ကဘဲ ကုလသမဂ္ဂအရာရှိတွေက
ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရဘက်က အခုလို သဘောတူညီလိုက်ပေမယ့် ဘယ်လို လက်တွေ့အခက်အခဲ
တွေ ကျန်နေဦးမယ် ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ ပြင်ပ တရာမးဝင်
ငွေလဲနှုန်းအရ ဒေါ်လာပေါက်ဈေး အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၁၀၀
ဝန်းကျင်ရှိနေချိန်မှာ အက်ဖ်အီးစီဈေးနှုန်းက ကျပ် ၈၈၀ လောက်ပဲ ရှိတဲ့အတွက် အကူ
အညီ ၂၀% လောက် ဆုံးရှုံးသလို ဖြစ်နေတယ်ဆိုပြီး နိုင်ငံတကာ အကူအညီပေးရေး
အဖွဲ့တွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီး
အကဲ မစ္စတာ ဂျွန်ဟုမ်းစ် (Mr.John Holmes) မြန်မာနိုင်ငံကို သွားရောက်ပြီးနောက်မှာ
ကုလသမဂ္ဂနဲ့ စစ်အစိုးရအကြား ငွေလဲနှုန်းကိစ္စကို အာရုံစိုက် ဆွေးနွေးလာခဲ့ကြပါ
တယ်။

ကုလသမဂ္ဂဘက်က ဆုံးရှုံးတဲ့ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်အထိ
ရှိနိုင်ပြီး ဒီကိစ္စကို လက်မခံနိုင်တဲ့အကြောင်း မစ္စတာ ဂျွန်ဟုမ်းစ်က ပြောဆိုခဲ့ပါတယ်။

အခုလို မြန်မာစစ်အစိုးရဘက်က အက်ဖ်အီးစီနဲ့လဲဖို့ မလိုတော့ဘူးလို့ သဘောတူလိုက်
တဲ့ တချိန်တည်းမှာ အရင်က ဆုံးရှုံးခဲ့တဲ့ငွေတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုပြန်ပြီးပေး
မယ်ဆိုတာမျိုး ကမ်းလှမ်းတာမျိုး၊ သဘောတူတာမျိုးတွေ ရှိပါသလားလို့ ဒန်ဘက်ကာ
ကို မေးကြည့်တော့ …

"ကျနော်တို့ဘက်က အကူအညီတွေကို ဒေါ်လာနဲ့ တိုက်ရိုက်ဝယ်နိုင်ခဲ့မယ်ဆိုရင် ဒီထက်
ပိုပြီး ပိုရမယ်၊ ဒီလိုမဟုတ်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာမျိုးကို ပြောခဲ့တာပါ။
ဒါပေမယ့် ဒီငွေတွေက အစိုးရဆီကို ရောက်တာမဟုတ်ပါဘူး။ ငွေလဲလှယ်နေတဲ့လူတွေ
ရဲ့ လက်ထဲကိုပဲ ရောက်ခဲ့တာပါ။ ဘယ်မှာမဆို ငွေကြေးတန်ဖိုး ကွာဟတဲ့အတွက်
ငွေလဲလှယ်တဲ့သူတွေအတွက်ပဲ အကျိုးဖြစ်ခဲ့တာမျိုးပါ။ မြန်မာစစ်အစိုးရဘက်က
ငွေပြန်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုး မရှိပါဘူး" ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလ
သမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရုံး ဆက်သွယ်ရေးမှူး ဒန်ဘက်ကာ ပြောဆို
သွားတာပါ။

ပြည်တွင်းက စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ခင်မောင်ညို (ဘောဂဗေဒ) ကတော့
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးရင်တောင် နိုင်ငံတကာ အကူ
အညီပေးရေးအဖွဲ့တွေ အနှောင့်အယှက်ဖြစ်မယ့် ကိစ္စတခုကို ဖြေရှင်းပေးလိုက်တဲ့
အတွက် ဒါဟာ တိုးတက်မှုတခုအဖြစ် သုံးသပ်ပါတယ်။

"အက်ဖ်အီးစီနဲ့ ဒေါ်လာနဲ့ကွာလို့ ဖြစ်ရတဲ့ဟာမျိုး မရှိတော့ဘူးပေါ့လေ။ အဲဒီပြဿနာမျိုး
မရှိအောင် ကုစားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အက်ဖ်အီးစီနဲ့ ဒေါ်လာနဲ့ ခြားနားချက်
ကြောင့်မို့ နိုင်ငံတကာက အလှူရှင်တွေ၊ စေတနာရှင်တွေအနေနဲ့ အနှောင့်အယှက်
ဖြစ်ရတယ်။ လှူဖို့ကို နောက်တွန့်သွားတယ်ဆိုတာ ဒီအကြောင်းကြောင့်တော့ မဖြစ်နိုင်
ဘူးပေါ့။ ဘဏ့်အကောင့်မရှိလို့ အကောင့်ရှိတဲ့လူဆီကတဆင့် လွှဲလိုက်ရင်လည်း
ရတယ်ပေါ့။ အဲလိုယူလိုက်ရင်လည်း ရတာပေါ့။ တကယ်လို့ အကောင့်မရှိဘူးဆိုရင်။
သူကလည်း ဘယ်သူ့ကိုရောင်းရမယ်၊ ဘယ်သူ့ကိုပဲ လွှဲရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိ
ဘူးလို့ ဦးစိုးသာက ပြောတယ်လို့ဆိုတယ်။ ကျန်တဲ့ဟာတွေ မပြင်နိုင်သေးပေမယ့်
ဒါလေးတော့ ကွက်ပြီး ပြင်ပေးတဲ့သဘောပဲ။"
စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ခင်မောင်ညို (ဘောဂဗေဒ) ပြောပြသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရုံး ဆက်သွယ်ရေးမှူး
ဒန်ဘက်ကာကတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ လဲဖို့
မလိုတော့ဘဲ အကူအညီနဲ့ ဝန်ဆောင်မှုတွေကို ဒေါ်လာနဲ့ တိုက်ရိုက်ဝယ်နိုင်ပြီဆိုတာကို
ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်အကျုံးဝင်ပြီဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို
လည်း မြန်မာစစ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပြီးပြီ ဖြစ်တဲ့အကြောင်း
ဗွီအိုအေကို ပြောဆိုပါတယ်။