မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ တယောက် ဒီကနေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတာမျိုး မရှိခဲ့တဲ့အပြင်၊ မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းက လူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့တာဆုံတာမျိုး မရှိတဲ့အတွက် မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ်အပေါ် အားရကျေနပ်မှု မရှိတဲ့အသံတွေလည်း ကြားနေရပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်လို့ သိထားရသမျှကို ဦးအောင်လွင်ဦးက တင်ပြပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ကြားဝင်ဖြန်ဖြေ ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ ဂမ်ဘာရီ အနေနဲ့ ဒီကနေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ တခြား အစိုးရကို လိုလားတဲ့ အဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ မတွေ့ခဲ့ရဘူးလို့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိဖြစ်တဲ့ ဦးအေးဝင်း က ပြောပါတယ်။
“မတွေ့ဖြစ်ပါဘူး ခင်ဗျ။ ဒါပေမယ့် တွေ့မယ်လို့တော့ မျှော်လင့်တာပေ့ါ။ ခါတိုင်းလာရင်လည်း သူတွေ့နေတာပေါ့လေ။ ဒီနေ့ ကျန်းမာရေး ဝန်ကြီးရယ်၊ စီမံကိန်း ဝန်ကြီးရယ်တွေ့တယ်။ နောက် ပါတီ အဖွဲ့တွေ ၁၀ခုလောက်တွေ့တယ် ပြောတယ်။ NLD စီအီးစီ အပါအဝင်ပေါ့။”
ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တာဆုံတာ မရှိပေမဲ့၊ အစိုးရလိုလားတဲ့ အဖွဲ့အစည်းတွေ အများစုနဲ့သာ တွေ့ဆုံခဲ့တာလို့လည်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။
“တွေ့တာကတော့ မန္တလေး ဒေါက်တာ စိုးလွင်တို့၊ ဝံဿာနု၊ နောက် ကိုအေးလွင်တို့ ၈၈မျိုးဆက်၊ မြန်မာနိုင်ငံ၊ နောက် ပဒိုအောင်ဆန်း၊ ဒီကေဘီအေ၊ ကရင်လက်နက်ချ ဗိုလ်ချုပ် တစ်ယောက်။ တော်တော်များပါတယ်။ နောက် တစည လည်းပါတယ်။ ကြံ့ဖွံ့လည်း ပါတယ်။ နောက် အဖွဲ့ချုပ်က ထွက်ထားတဲ့ လွတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်။ ကျွန်တော် မှတ်မိသလောက် အဲလောက်ရှိတယ်။”
အထူးအကြံပေးပုဂ္ဂိုလ် အနေနဲ့ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပေမဲ့ နောက်ပိုင်း အစီအစဉ် ပျက်ပြားသွားတာလို့လည်း အန်အယ်လ်ဒီဖက်က ပြောပါတယ်။ အန်အယ်လ်ဒီ ဖက်က ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုကော်မတီဝင်တွေ ဖြစ်ကြတဲ့ ဦးသန်းထွန်း၊ ဦးစိုးမြင့် နဲ့ ဦးညွန့်ေ၀ တို့နဲ့ တွေ့ဆုံတဲ့ နေရာမှာတော့ မစ္စတာ ဂမ်ဘာရီ အနေနဲ့ မြန်မာစစ်အစိုးရကို ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရှင်းပြတာတွေ ရှိခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် က ပြောပါတယ်။
“မစ္စတာ ဂမ်ဘာရီက နအဖနဲ့ တွေ့တဲ့အခါမှာ သူတင်ပြဖို့ အချက် ၅ချက် ရှိတယ်တဲ့။ နံပါတ် ၁အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသမားတွေ လွတ်ပေးဖို့၊ နံပါတ် ၂အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖနဲ့ တွေ့ဆုံစကားပြောဖို့။ နံပါတ် ၃အချက်က တိုင်းပြည်ရဲ့ ဆုတ်ယုတ်နေတဲ့ စီးပွားရေး အခြေအနေ အရ ဒီအချက်တွေကို ဖြစ်အောင်လုပ်ပေးဖို့၊ နံပါတ် ၄အချက်ကတော့ သူ့အနေနဲ့ သွားရေး လာရေး တခေါက်တခေါက်ကို ကြားထဲမှာ သိပ်ကြာတဲ့အတွက် ရန်ကုန်မှာ ပြန်ကြားရေး အရာရှိ ထားခွင့်ပေးဖို့၊ နံပါတ် ၅အချက်က မစ္စတာ ဘန်ကီမွန်း ဒီဇင်ဘာ အကုန်မှာလာမယ်။ လာတဲ့အခါ နိုင်ငံရေး ကိစ္စအတွက် သက်သက် လာမယ်လို့ သူကပြောတယ်။ အဲဒီအချက် ၅ချက်ကို သူကတင်ပြတယ်။”
ဒီလို ဆွေးနွေးမှုတွေအပြင် မြန်မာစစ်အစိုးရက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲ အသစ်တွေနဲ့ ပတ်သက်လို့ မစ္စတာ ဂမ်ဘာရီ က ပြောဆိုမယ့် ကိစ္စနဲ့ ပတ်သက်လို့တော့ အန်အယ်လ်ဒီ ပါတီဖက်က လက်မခံနိုင်တဲ့ အကြောင်းတွေကိုလည်း ပြောခဲ့တာပါ။
“သူက ဆက်ပြီးတော့ လာမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး မျှတဖို့လိုမယ်လို့ စကားစတဲ့အခါမှာ ကျွန်တော်တို့ဆီက ဥက္ကဋ္ဌကနေပြီး ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်ကို ဘယ်လို သဘောထားသလဲ။ ဒီကိစ္စကို ဘယ်လိုရှင်းမလဲလို့ ပြောတဲ့အခါမှာ သူဘာမှ ပြန်မပြောနိုင်ဘူး။ ဒါနဲ့ ပတ်သက်ပြီး နောက်တယောက်က ထပ်ပြောတယ်။ ရွေးကောက်ပွဲ ဖြစ်လာ လို့ရှိရင်လည်း မတရားတဲ့ ရွေးကောက်ပွဲပဲ ဖြစ်မှာပဲ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ အခြေခံဥပဒေကို လက်မခံဘူး။ ဒီ အခြေခံဥပဒေကို လူထုဆန္ဒခံယူပြီးတော့ အတည်ပြုတဲ့ပွဲကလည်း ပြည်သူလူထုကို လိမ်လည်ပြီးတော့ ဆန္ဒတွေ ခံယူထားတဲ့အတွက် ဒီဆန္ဒခံယူပွဲရဲ့ ရလာဒ်ကိုလည်း ကျွန်တော်တို့ လက်မခံဘူး။ ပြည်သူကလည်း လက်မခံဘူး။ တကမ္ဘာလုံးကလည်း လက်မခံဘူးလို့ သူတို့ကို ပြောပြခဲ့တယ်။ အဲဒီတော့ ကုလသမဂ္ဂအနေနဲ့ ရွေးကောက်ပွဲတွေကို ကောင်းကောင်းလုပ်ပါမယ်၊ ဘာညာဆိုတဲ့ စကားကို မပြောပါနဲ့လို့ ကျွန်တော်ပြောခဲ့တယ်။”
တကယ်တော့ မစ္စတာဂမ်ဘာရီ အခုအချိန်အထိ တွေ့ဆုံရာမှာ အစိုးရတာဝန်ရှိသူတွေ၊ အစိုးရလိုလားသူတွေ နဲ့သာ တွေ့ဆုံမှုတွေလည်း ရှိနေတာမို့ ဒီအပေါ်မှာ အန်အယ်လ်ဒီက အထူးကိုယ်စားလှယ်ကို မေးခွန်းထုတ်ခဲ့တာတွေလည်း ရှိပါတယ်။
“နောက်တခု ပြောစရာရှိတာက ခင်ဗျားတို့ လုပ်စရာရှိတာကို ဆက်လုပ်ပါ။ အန်ကယ် ဦးလွင်အနေနဲ့ကလည်း ဒါကို နိုင်ငံရေး လုပ်ငန်းစဉ်တွေဟာ အနှစ် ၂၀ရှိနေပြီ။ ဒါဟာ ဘာမှ မထူးခြားဘူးဆိုတာကို ပြောချင်တဲ့အတွက် ‘We are nowhere, we get nothing’ ဆိုပြီးတော့ ပြောခဲ့တယ်။ သူကလည်း ‘Yes, I know, Yes, I know.’လို့ပဲ ပြောတယ်။ နောက်တခုက စီအီးစီ တယောက်ကနေပြီး ခင်ဗျားကိုတော့ လေးစားပါတယ်၊ မစ္စတာ ဂမ်ဘာရီ။ ဒါပေမယ့် ခင်ဗျားတို့ ကြက်ခြေနီအဖွဲ့နဲ့တွေ့တယ်။ အမျိုးသမီး အဖွဲ့တွေနဲ့ တွေ့တယ်။ အဲဒီကို သွားတယ်။ ခင်ဗျားအခုလာတဲ့ mission က ဘာ မစ်ရှင်လဲလို့ ပြန်မေးတယ်။ မေးတဲ့အခါမှာလည်း ပြန်မဖြေပါဘူး။ အဓိကကတော့ ဒီနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုပြီးတော့ လာတဲ့ကိစ္စမှာ မိနစ် ၂၀လောက်ပဲ တွေ့ရတယ်။ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးဖို့၊ အပြန်အလှန်ပြောဖို့ ဆိုဖို့မှာ အချိန်မရတဲ့အတွက် ကျွန်တော်တို့ ဗဟို အလုပ်မှုဆောင်အနေနဲ့ စိတ်ပျက်တယ်။ အားရ ကျေနပ်မှုမရှိဘူးပေါ့ဗျာ။”
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီ တနင်္လာနေ့တုန်းက ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာစစ်အစိုးရတို့အကြား ရပ်တန့်နေခဲ့တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားဖို့ လိုတယ်လို့ သံတမန်တွေ ဖက်က တိုက်တွန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။