ထိုင်းဆန္ဒပြသူများ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို အာခံနေကြ

ထိုင်းနိုင်ငံက နိုင်ငံရေးဆန္ဒပြပွဲအတွင်း လူသေမှု
ဖြစ်ပွားပြီးနောက် ထုတ်ပြန်လိုက်တဲ့ အရေးပေါ်
အခြေအနေ ကြေညာချက်ကို အာခံသွားမယ်၊
ဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး (Samak
Sundaravej) သာ နုတ်ထွက်ပေးဖို့ ကန့်ကွက်သူ
များက တောင်းဆိုနေကြပါတယ်။

ဘန်ကောက်မြို့ရှိ ဝန်ကြီးချုပ် ဆမတ်ရဲ့ တရားဝင်
ရုံးဝန်းအတွင်း လူစုခွဲကြဖို့ ဝန်ကြီးချုပ်က အမိန့်ပေးပေမယ့် ဆန္ဒပြသမားများက
မထွက်ဘဲ အာခံနေကြပါတယ်။

အင်္ဂါနေ့မှာပဲ အပြိုင်ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားလို့ လူ ၁ ယောက်သေဆုံးပြီး
ဒါဇင်များနဲ့ချီကာ ဒဏ်ရာရသွားပြီးနောက် အရေးပေါ်အခြေအနေ အမိန့်ဒီဂရီကို
ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အမိန့်အတိုင်း လုပ်တဲ့အခါ တပ်ဖွဲ့တွေ လက်နက်မကိုင်ဘူး၊ လူထုကို
အတင်းအဓမ္မ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
အနုပွန် ပေါင်ချင်ဒါ (Anupong Paochinda) က ပြောဆိုပါတယ်။

ဝန်ကြီးချုပ်ဆမတ်ဟာ ၂၀၀၆ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ဝန်ကြီးချုပ်အဖြစ်က
ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ရုပ်သေးဖြစ်တယ်
လို့ စွပ်စွဲ ဝေဖန်ခံနေရပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် သူ့ရဲ့ ပြည်သူ့အာဏာပါတီ (ပီပီပီ) ဖျက်သိမ်းပါလို့
ရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်တာကြောင့် ဆမတ်
ဆွန်ထရာဝေး နောက်တချီ အထိနာသွားပြန်ပြီလို့ သတင်းများမှာ ဖော်ပြပါတယ်။