ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်တချို့ စစ်အစိုးရ လိုက်လျော

နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေ အာဏာပိုင်တွေထံ တောင်းဆိုထားတဲ့အချက်တွေကို အာဏာပိုင်တွေက အကန့်အသတ်နဲ့ လက်ခံလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုလာမယ့် တနင်္ဂနွေနေ့မှာ မိသားစု ဆရာဝန်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီတောင်းဆိုထားတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်ထံက ပေးပို့တဲ့စာတွေကို လက်ခံရရှိဖို့၊ ပြီးတော့ တိုင်းမဂ္ဂဇင်း၊ နယူးစ်ဝိခ် မဂ္ဂဇင်း နဲ့ မြန်မာသတင်းစာတွေကို ဖတ်ရှုခွင့် ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ မိသားစုကိုလည်း နေထွက်ပြီးချိန် နဲ့ နေမဝင်ခင် အပြင်သွားလာခွင့် ဒါတွေကို အာဏာပိုင်တွေဘက်က သဘောတူလိုက်တာလို့ မနေ့က တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောပါတယ်။ ဒါပေမဲ့ ဒီစာတွေနဲ့ မဂ္ဂဇင်းစာအုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကနေ ဒေါ်အောင်ဆန်းစုကြည်ထံကို ယူဆောင်ပေးသွားရမှာဖြစ်တယ်လို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“ကျနော် ဆရာဦးကြည်ဝင်းဆီက သိရတာပဲ။ အဲဒါတွေကို လက်ခံပါတယ်တဲ့။ ဒါပေမဲ့ ဘယ်သူပို့မလဲ ဆိုတာ ဒေါက်တာတင်မျိုးဝင်းရဲ့ ပုံမှန်သွားတဲ့ဆီမှာ ယူသွားမယ်လို့ အဲလိုသိရပါတယ်။”

အဲန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆို ချက်တွေကို သဘောတူခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း အခုလာမယ့် တနင်္ဂနွေနေ့ကျရင် Medical Check Up လုပ်ဖို့အတွက် ဒေါက်တာတင်မျိုးဝင်းနဲ့ လက်ခံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီ့မတိုင်ခင်ကတော့ ဒေါ်အောင်ဆန်း စုကြည် အစာငတ်ခံဆန္ဒပြနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ကတော့ လာမယ့် တနင်္ဂနွေနေ့ ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အခါမှ ထုတ်ဖော်ပြောဆိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း လည်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပြပါတယ်။

အာဏာပိုင်တွေဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းထားခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ကတည်းကဖြစ်ပြီး အခုဆိုရင် ၅ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ ရှေ့နေ ဦးကြည်ဝင်းက ဆောင်ရွက်နေပြီးတော့ မျှော်လင့်ချက်ရှိတယ် လို့လည်း သူက ပြောဆိုပါတယ်။