ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ်

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် အစာငတ်ခံ ဆန္ဒပြနေတာ မဟုတ်ပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ပေးနေတဲ့ အစားအသောက်
တွေကို သြဂုတ်လလယ်ထဲက ဒေါ်အောင်ဆန်းစုကြည်က လက်မခံတော့တဲ့အတွက်
သူမ အစာငတ်ခံ ဆန္ဒပြနေသလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအတိုင်း အခွင့်အရေးတွေ ခံစားခွင့် ရနိုင်ဖို့အတွက်
ပြင်ပက အစားအသောက်တွေကို လက်မခံဘဲ ခြိုးခြံစားသုံးခဲ့လို့ အားတော့နည်းနေ
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်း ဖြစ်နေတဲ့အပေါ်မှာ နိုင်ငံ
တကာရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ စိုးရိမ်ပြီး စိတ်ဝင်တစား ရှိနေပါ
တယ်။ မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုဆရာဝန် ဒေါက်တာ
တင်မျိုးဝင်းတို့ တွေ့ဆုံအပြီးမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခဲ့
တာ မဟုတ်ဘူးလို့ ဒီနေ့မှာ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့
ပါတယ်။

"အစာငတ်ခံတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သြဂုတ်လ ၁၆ ရက်နေ့
လောက်ကတည်းကစပြီး အစားအသောက်ကို လက်ခံခြင်း မပြုတော့ဘူး။ မပြုဘဲနဲ့
နောက်ပိုင်းရက်တွေကျတော့ အစားအစာကို ချွေတာ စားသောက်တဲ့အခါကျတော့
အဲဒီရက်တွေမှာ အာဟာရ အလွန်နည်းသွားတယ်။ အစာငတ်ခံတယ်လို့တော့
တိုက်ရိုက်ကြီး ပြောလို့မရဘူး။ သို့သော် အာဟာရတော့ တော်တော်လျော့သွားတယ်။"

အန်ကယ်နဲ့တွေ့တဲ့အချိန်မှာရော သူ့ရဲ့ကျန်းမာရေး အပြင်ပန်းအနေအထား
ဘယ်လိုများရှိပါသလဲ။

"အယူခံလွှာကို ပြင်ပေးစရာတွေရှိတာ ပြင်ပေးတဲ့ကိစ္စ အားလုံးဆောင်ရွက်သွားတာ
ပါပဲ။ ဒါကတော့ စားပွဲပေါ်မှာ ထိုင်လုပ်တဲ့အလုပ်ပေါ့ဗျာ။"

အခုနောက်ဆုံးအခြေအနေရော အန်ကယ် ဘယ်လိုများသိထားပါလဲ။ အာဏာပိုင်တွေ
ဘက်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာတချို့ကို လိုက်လျောပေးလိုက်ပြီဆို
တော့ နောက်ဆုံးအခြေအနေမှာ ဘယ်လိုရှိပါသလဲ။

"အာဏာပိုင်တွေကလည်း အခုလို လိုက်လျောလာရင် ကျမကလည်း ပြန်တုံ့ပြန်ပြီး
တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ချင်ပါတယ်တဲ့။ အဲလိုပြောပါတယ်။ အခု
တော့ မနေ့က ဆရာဝန်ကြီးနဲ့လည်း တွေ့ပြီးတော့ အာဟာရဖြစ်အောင်
ပြန်စားသောက်လာပြီ။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က အစာငတ်ခံ ဆန္ဒပြတာ မဟုတ်ပေမယ့် သူ့ရဲ့ ဥပဒေ
အတိုင်း ရပိုင်ခွင့်တွေအတွက်တော့ ပြင်ပအစားအစာတွေ လက်မခံဘဲ ဆန္ဒပြတာတော့
လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလိုတဲ့ ဥပဒေအတိုင်း ရပိုင်ခွင့်ဆိုတာ ဘာလဲ
ဆိုတာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက အခုလိုရှင်းပြခဲ့ပါတယ်။

"သူ အစားအသောက် ဈေးခြင်းတောင်း လက်မခံတာက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို
သူ့ကဲ့သို့ မဆိုင်ဘဲနဲ့ ကန့်သတ်ခံနေရတဲ့ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်း ပုံမှန်ဝင်ပြီး
ဆေးစစ်ခွင့်မရှိတဲ့ကိစ္စ၊ နောက် အယူခံကိစ္စ၊ အဲလိုကိစ္စတွေပေါ့။ သူဆိုလိုတာက
ဒေါ်အောင်ဆန်းစုကြည် သူ ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ သူ့အပေါ်မှာ ကန့်သတ်ချက်
နဲ့ အကြုံးမဝင်တဲ့ အခွင့်အရေးတွေကို ရအောင် ညှိနှိုင်းဆောင်ရွက်နေတယ်။ အဲဒီ
ညှိနှိုင်းဆောင်ရွက်နေတဲ့ကာလမှာ အစားအသောက်တွေကို လက်မခံတာလို့ အစ
ကတည်းက ဦးကြည်ဝင်းကလည်း ပြောပါတယ်၊ ကျနော်တို့ အဖွဲ့ချုပ်ကလည်း
ကြေညာချက် ထုတ်ထားပါတယ်။"

အခုတော့ အာဏာပိုင်တွေဘက်က တော်တော်များများ လိုက်လျောလိုက်တဲ့သဘော
တွေ့ရပါတယ်။ အဲတော့ အခြေအနေက ဒါနဲ့ပတ်သက်လို့ ဘာများကြားပါလဲ။

"ကျနော်ကြားတာတော့ ဒီနေ့ အစားအသောက်ပို့တဲ့လူငယ်ကို စတင်ဆောင်ရွက်မယ်
လို့ သိရပါတယ်။ ဒီနေ့ညနေပိုင်း သွားပို့မယ်လို့ ကြားရပါတယ်။"

အရင်တောင်းထားတဲ့ ပုံမှန် ဆရာဝန်နဲ့ တွေ့ခွင့်ကိစ္စမျိုးတွေရော အာဏာပိုင်တွေဘက်
က ဘယ်လိုသဘောရလဲ။

"သဘောတူပြီးပါပြီ။"

အန်ကယ်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အခွင့်အရေးတွေနဲ့ ပတ်သက်လို့
ပြင်ပအစားအစာတွေ လက်မခံဘဲ တောင်းဆိုဆန္ဒပြတာနဲ့ ပတ်သက်လို့ရော
အန်ကယ်တို့ ဘယ်လိုအမြင်ရှိပါသလဲ။

"ကျနော်တို့အမြင်က ဒီဥစ္စာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိုယ်တိုင်သက်သက်
အတွက် ဆောင်ရွက်တာလို့ ကျနော်တို့ မမြင်ပါဘူး။ တတိုင်းတပြည်လုံး၊ ပြည်သူလူထု
အားလုံး မိမိရရှိသင့်တဲ့အခွင့်အရေး၊ ဥပဒေနဲ့အညီ ရရှိသင့်တဲ့ အခွင့်အရေးတွေ
အတွက် ဆောင်ရွက်နေတာလို့ မြင်ပါတယ်။"
အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထား
တဲ့ အမှုကိစ္စနဲ့ပတ်သက်လို့ အယူခံတင်ဖို့ ရှေ့နေဖြစ်သူက ကြိုးစားနေပါတယ်။
ဒါပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ သူ
ဆက်သွယ်ညှိနှိုင်းထားတယ်လို့ သိရပါတယ်။ ဒါပြီးတော့မှ တရားရုံးကို တင်နိုင်မယ်လို့
ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုခဲ့ပါတယ်။