သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ

မြန်မာစစ်အစိုးရက အာဏာပိုင်တွေက ထောင်နဲ့
ချီတဲ့ အကျဉ်းသားတွေကို နိုင်ငံတဝှမ်းမှာရှိတဲ့
ထောင်တွေကနေ လွှတ်ပေးရာမှာ အသက် ၇၈
နှစ်အရွယ် ထင်ရှားတဲ့ သတင်းစာဆရာကြီး
ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသား
တချို့လည်း ပါဝင်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့
တည်ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်း
သားတွေကို နိုင်ငံတော်သစ် ထူထောင်ရာမှာ
အကျိုးပြုမယ့် နိုင်ငံသားတွေ ဖြစ်လာစေဖို့
ရည်ရွယ်ပြီး အကျဉ်းသား စုစုပေါင်း ၉,၀၀၂
ယောက်ကို အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုပုံစံမျိုးနဲ့ လွှတ်ပေးတာမျိုးကို လက်မခံ ဆန့်ကျင်တဲ့ကြားကပဲ သတင်းစာ
ဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါ
တယ်။ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး မိတ်ဆွေတယောက်အိမ်မှာ
ရောက်နေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်
မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစပြောပါတယ်။

"ကျနော် ဝမ်းလည်းမနည်းဘူး၊ ပီတိလည်းမဖြစ်ဘူး၊ ဝမ်းလည်းမသာဘူး။ ကျနော်
လုပ်စရာရှိတာလုပ်ဖို့ ထွက်လာတာ။ ထွက်တဲ့အခါမှာလည်း ကန့်ကွက်ဆန္ဒပြပြီး
ထွက်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ အခု ၄၀၁ နဲ့လွှတ်တဲ့ လူ ၉,၀၀၂ ယောက်ထဲမှာ
ကျနော့်ကိုထည့်ပြီးလွှတ်တာ ကျနော် လက်မခံဘူး။ ဒါနဲ့ပတ်သက်လို့ ကျနော် လုံးဝ
လက်မခံဘူး။ လက်မှတ်ထိုးခြင်းသော်လည်းကောင်း၊ ဒါ အခုမှမဟုတ်ဘူး၊ ၉၀ ခုနှစ်
ကတည်းက လက်မခံတဲ့ အလုပ်ပဲ။

"တလျှောက်လုံး ကျနော် ဒါတွေကို လက်မခံတဲ့အတွက် ကျနော့်ကို ခင်ဗျားတို့
ထောင်ထဲကနေ ဆွဲထုတ်၊ ကျနော်ကတော့ မထွက်ဘူး။ အဲတော့ ခင်ဗျား ဒီလို မထွက်
ဘဲတော့ နေလို့မရဘူးတဲ့၊ ထွက်ရမယ်ထင်တယ်တဲ့။ မထွက်ရင် ကျနော်လည်း
ပြုတ်မယ်တဲ့၊ ဒု-ချုပ်က။ ကျနော့်ကို ညွှန်ချုပ်ရော၊ ဒု-ချုပ်ရော၊ ထောင်မှူးတွေရော
အကြိမ်ကြိမ်လာပြီး ဆွေးနွေးတယ်။ အဲတော့ ကျနော်က ခင်ဗျားတို့ လုပ်ချင်တာလုပ်၊
ကျနော်ကတော့ ထောင်အဝတ်အစားနဲ့ပဲ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထွက်မယ်။
ဆိုတော့ ဒီထောင်အဝတ်အစားက အစိုးရပစ္စည်းဖြစ်နေတယ်တဲ့။ အစိုးရပစ္စည်းဖြစ်နေ
တယ်ဆိုရင် ခင်ဗျားတို့ ဆွဲချွတ်ယူလိုက်ကြ၊ ကျနော် ကိုယ်တုံးလုံးကျွတ်ပဲ ထွက်သွား
မယ်ဆိုတော့ အဲလိုတော့ မလုပ်ပါနဲ့ဆိုပြီး နောက်ဆုံးပိတ်လည်းကျရော ထွက်လာ
တယ်။

"အခု ကျနော် ဘာပစ္စည်းတွေ ပါတယ်၊ မပါဘူး ကျနော်မသိဘူး။ သူများဆီက ငှားဖတ်
တဲ့ စာအုပ်ကအစ၊ အပြင်ကနေပေးတဲ့ စာအုပ်ကအစ ဘာမှကို လှည့်မကြည့်ဘူး။
ကျနော့်ပစ္စည်း ဒါဟုတ်တယ်၊ ကျနော်မပြောဘူး။ အခန်းအပြင်ထွက်ပြီး ကျနော်ထိုင်နေ
တယ်။ ပြီးတော့ သူတို့လုပ်ပြီး ကျနော့်ကို ပို့တာပဲ။ အခုဝတ်ထားတာ အင်္ကျီအပြာ၊
လုံချည်အပြာ၊ ထောင်အဝတ်အစားနဲ့နေတာ။

"အဲတော့ ကျနော့်မှာ ဝမ်းသာခြင်းသော်လည်းကောင်း၊ ဝမ်းနည်းခြင်းသော်
လည်းကောင်း မရှိဘူး။ ကျနော်က ဒီလူတွေအပေါ်မှာ စိတ်ဆိုးခြင်း၊ အာဃာတထားခြင်း
လည်း မရှိဘူး။ တခုပဲရှိတာ၊ ကျနော် ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော့်မှာ ဆန္ဒပြတဲ့
သဘော၊ ကန့်ကွက်တဲ့သဘော အဲဒါတော့ ခံစားချက်အနေနဲ့ ရှိတယ်လို့ ကျနော်
ပြောချင်ပါတယ်။"

နောက်တခုက ဆရာ အရင်တခေါက်တုန်းကလည်း လွတ်တော့မလို၊ လွတ်တော့မလို
ဖြစ်ပြီးတော့ ထောင်ဘူးဝရောက်မှ ပြန်သွင်းသွားတယ်ဆိုတာ ဒီလိုအခြေအနေမျိုး
ကြုံခဲ့ရလို့ပဲလား ဆရာ။

"အဲဒီဟာကတော့ အခုလိုမဟုတ်ဘူးခင်ဗျ။ အဲဒါကြတော့ ကျနော်က ဘာမှမပြောဘူး။
အဲဒီအချိန်တုန်းက ကျနော် မကန့်ကွက်ဘဲ သူတို့လာခေါ်တဲ့အတိုင်း လိုက်သွားတယ်။
လိုက်သွားတဲ့အကြောင်းက ကျနော်က အနှစ် ၂၀ ကျတာ။ အနှစ် ၂၀ ကျရင် ထောင်ရဲ့
ထုံးစံ လျှော့ရက်ရှိတယ်၊ ချုပ်ရက်ရှိတယ်၊ ကျခံတဲ့ရက်တွေရှိတယ်။ အဲဒါတွေလုပ်ရင်
၄ နှစ်ကျော်ကျော် ရတယ်။ အဲတော့ ထောင်အနှစ် ၂၀ သမားက ၁၆ နှစ်လောက်ဆို
လွတ်တယ်ဆိုတော့ ကျနော်ကလည်း ကျနော့်ကို ၁၆ နှစ်ပြည့်လို့ လွှတ်တယ်ထင်လို့
ဒီတိုင်းလိုက်သွားတယ်။

"ဒါပေမယ့် ဟိုရောက်တဲ့အခါကျတော့ ညွန်ချုပ်က ပထမ မိန့်ခွန်းပြောတယ်။ ကျနော်
တယောက်တည်းကို နာမည်ထုတ်ပြောတယ်။ ဦးဝင်းတင်ရဲ့စာတွေ ဖတ်ဖူးတယ်၊
ဘာညာ ထည့်ပြောတယ်။ ပြီးတော့ ဝန်ကြီးလာလိမ့်မယ်၊ လူ ၁၀ ယောက် နေခဲ့ပါဆိုပြီး
ယောက်ျား ၈ ယောက်၊ အမျိုးသမီး ၂ ယောက် ထားခဲ့တယ်။ ပြီးတော့ ထမင်းကျွေး
တယ်။ ပြီးလည်းပြီးရော ကျနော့်ကို ခဏလိုက်ခဲ့ပါဦးလို့ ခေါ်သွားပြီး အဆောင်ပြန်ပို့
လိုက်တယ်။

"အဲဒီအချိန်တုန်းကတော့ ကျနော်က ကန့်ကွက်ဖို့တို့ ဘာတို့ မရှိဘူးလေ။ ကျနော့်ကို
လွတ်တဲ့ရက်နဲ့ ပုံသဏ္ဌာန်အတိုင်း ၁၆ နှစ်ပြည့်တဲ့အတွက် လွတ်တဲ့ရောက်တော့
ရောက်နေပြီ။ အဲဒါက ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဗျ။ ကျနော်ဝင်တာက ၃ ရက်
နေ့ဆိုတော့ စုစုပေါင်း ၁၆ နှစ်နဲ့ သုံးလေးရက်လောက် ပိုတယ်ဆိုတော့ အဲဒါကြောင့်
ကျနော် လိုက်သွားတာ။ ဟိုကျတော့ သူတို့ကလည်း မလွှတ်ဘဲနဲ့ ပြန်ထည့်လိုက်တယ်။

"အခု ဒီအပတ်ကျတော့ ကျနော့်ကိုလွှတ်မယ်ဆိုရင် လွှတ်ကိုလွှတ်ရတော့မှာ။ မလွှတ်
လို့ကို မရဘူး။ ကျနော်ကမေးတယ်၊ ခင်ဗျားတို့ ဘယ်သူက ဖမ်းတာလဲ၊ အစိုးရအဖွဲ့လား၊
ဝန်ကြီးလား၊ ဒီလူတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူက တာဝန်ယူမှာလဲ။ ခင်ဗျားတို့တွေ
ကျနော့်ကို မတရားချုပ်ထားတာ။ ကျနော် တရားစွဲမယ်ဆို စွဲလို့ရတယ်။ ဒါပဲဗျ။ အဲဒါကို
ကျနော်ကန့်ကွက်တာ။"

သူတို့က ဒီနေ့သတင်းစာမှာ အကျဉ်းသား ၉,၀၀၂ ဦးကိုလွှတ်မယ်တဲ့၊ ပြစ်ဒဏ်ကျခံ
နေရာက လွတ်ငြိမ်းသက်သာခွင့်ပေးတာဆိုပြီး ပြောပါတယ်။ ဆရာတို့ကျတော့ ဒါ
လွတ်ငြိမ်းသက်သာခွင့်လို့ ပြောနိုင်ပါ့မလား။

"အဲဒါကြောင့် လွတ်ငြိမ်းသက်သာခွင့်ဆိုတာကို ကျနော်က လက်မခံဘူး။ ကျနော်
တလျှောက်လုံးကိုင်စွဲလာတာ တစ်၊ ဒေါ်စုအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး
လွှတ်ပေးပါ။ နှစ်၊ ကျနော်တို့ခံစားခွင့်အရ လက်မှတ်ထိုးတာတို့ ဘာတို့ လုံးဝမလုပ်နိုင်
ဘူး။ နိုင်ငံရေးအကျဉ်းသားပဲ၊ ခင်ဗျားတို့ ထည့်ချင်သလောက်ထည့်ထား။ အဲဒီအတွက်
ဒီနေ့ သတင်းစာထဲမှာပါတဲ့ စကားလုံးက လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူးဗျ။
ထောင်ကျခံခြင်းမှ ရပ်စဲလိုက်တယ်ဆိုတဲ့ဟာ။

"သူတို့ကတောင် ပြောတယ်၊ အန်ကယ် အဲဒါတွေ သိပ်ပြောမနေပါနဲ့တဲ့။ အန်ကယ်
ထောင်က မထွက်ဘူးသာပြောနေတယ်။ ဒါ ရပ်စဲသွားရင် ထောင်က ထွက်သွားတာနဲ့
အတူတူပဲပေါ့တဲ့။ အဲတော့ ကျနော်က မဟုတ်ဘူးဗျလို့၊ ထောင်ကထွက်သွားတဲ့အတွက်
ရပ်စဲတယ်ဆိုတာကို ကျနော်လက်မခံဘူး။ ကျနော်က ခင်ဗျားတို့ ရပ်စဲပေးမှကို
ထောင်ကထွက်မယ်၊ အဲဒါပဲ။ မတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဆိုအရတော့
ထောင်ကလွှတ်ပေးတယ်ဆို ထွက်၊ ဘူးရှေ့ကနေထွက်သွား။ အဲဒါဆိုရင် ထောင်ကျခံ
ခြင်း ရပ်စဲသွားတာပေါ့။ ကျနော်က လက်မခံဘူး။ ခင်ဗျားတို့ ရပ်စဲရမယ်။ ရပ်စဲမှသာ
လျှင် ကျနော် ထောင်ကထွက်နိုင်မယ်။

"အဲဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့အနေနဲ့၊ ကျနော် ထောင်ဘူးဝထဲမှာ စတွေ့တဲ့
သတင်းထောက်ကိုလည်း ပြောခဲ့တယ်။ ကျနော် များများပြောစရာမရှိဘူး၊ ကျနော်
မကျေနပ်ဘူး။ အဲတော့ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ဒီအဝတ်အစားနဲ့ ထွက်လာတယ်
လို့ ပြောခဲ့တယ်။ ဒါပဲဗျ။"

အခုတော့ ဆရာ ပြန်လွတ်လာပြီဆိုတော့ ရှေ့လျှောက် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ
ဆရာ။

"ရှေ့လျှောက်ကတော့ လုပ်မှာပဲဗျ။ လုပ်ရမှာပဲ။ ဒီမိုကရေစီအတွက် လုပ်ရမှာပဲ။
ဘယ်လောက်လုပ်နိုင်မယ်၊ ဘယ်လောက်လုပ်တတ်သလဲ၊ ဘယ်လောက်လုပ်ဖို့ အစွမ်း
အစရှိသလဲ၊ ဒါ ကျနော် မသိဘူး၊ ပြောလို့မရဘူး။ ကျနော်တယောက်တည်း ပြောလို့
ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ တယောက်တည်းလုပ်လို့ရတဲ့ကိစ္စ မဟုတ်
ဘူး။ အဖွဲ့အစည်းနဲ့၊ ဖြစ်နိုင်ရင် အစုနဲ့ အပေါင်းနဲ့ ဒီလိုလုပ်ရတဲ့ဟာ။

"အဲတော့ ကျနော် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာ ကျနော်မသိဘူး။ ကျနော့်
ကျန်းမာရေးအခြေအနေ ဘာညာလည်း ကျနော်မသိဘူး။ သို့သော် ကျနော် ဒါတွေ
အကုန်လုံးကို မေ့ထားလိုက်ပြီး ပြောချင်တာတခုကတော့ ကျနော်လုပ်စရာရှိတာတွေ
ဆက်လုပ်သွားဦးမယ်။ အဲလို လုပ်စရာရှိတာတွေ ဆက်လုပ်တဲ့နေရာမှာ ကျနော့်ကို
ဝိုင်းပြီးကူကြပါ၊ ကျနော်နဲ့ လက်တွဲကြပါ၊ ကျနော့်ကို ဆုံးမကြပါ၊ ကျနော့်ကို ဝေဖန်ကြပါ၊
ကျနော့်ကို လမ်းညွန်ကြပါ၊ ဒါပဲ ကျနော်ပြောချင်တယ်။

"အဲလို တွဲလုပ်မယ့်လူတွေဟာ အန်န်အယ်လ်ဒီလို အဖွဲ့အစည်းဖြစ်မလား၊ ဒါ ကျနော်
မသိဘူး။ အလားတူပဲ ရဲဘော်တွေ၊ မိတ်ဆွေတွေနဲ့ အပေါင်းအစုဖြစ်မလား၊ ဒါလည်း
ကျနော် မသိဘူး။ သို့သော် ကျနော်ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ လုပ်မှာပဲ၊
ဘယ်လောက်လုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ တဖြည်းဖြည်း ပေါ်လာမှာ
ပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ ရှိနေပြီ။
စာဖတ်ရတာလည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကမှ စာဖတ်ရတာ။ ဟိုတုန်းက ဘာစာမှကို
မဖတ်ရဘူးဗျ။ ကျနော် ဒီလိုပဲ၊ မြေနီခဲလေးဘာလေးတွေ့ရင် နံရံမှာရေး၊ စာကျက်၊
သတင်းစာအစုတ်လေးတွေရရင် အဲဒါတွေဖတ်၊ အဲဒီလို ဆယ့်လေးငါးခြောက်နှစ် နေခဲ့
ရတာ။ အခု ကျနော် သတင်းစာတွေ ဘာတွေ ဖတ်ရတာ နှစ်နှစ် သုံးနှစ်လောက်ပဲ
ရှိသေးတယ်။ အဲဒါတောင် အစိုးရသတင်းစာပဲ ဖတ်ရတာ။ နောက်ပိုင်းမှာမှ ဂျာနယ်တွေ
ဘာတွေ သွင်းပြီး ဖတ်ရတာ။"

သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါ
တယ်။ ၁၉၈၉ ခုနှစ်ကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချတာကို
ခံထားရတဲ့ ဦးဝင်းတင် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ
အသိုင်းအဝိုင်းက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။