အန်န်အယ်လ်ဒီ လေဘေးကယ်ဆယ်ရေး ဥက္ကဋ္ဌ ဦးအုန်းကြိုင် ဖမ်းဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်
ကော်မတီဝင် တဦးလည်းဖြစ်၊ နာဂစ်မုန်တိုင်း
ဒုက္ခသည်ကယ်ဆယ်ကူညီရေး ဥက္ကဋ္ဌလည်းဖြစ်
တဲ့ ဦးအုန်းကြိုင်ကို မနေ့ကညပိုင်းမှာ သူ့နေအိမ်
ကနေ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်
သွားပါတယ်။ ဖမ်းဆီးခေါ်ဆောင်မသွားခင်
နေအိမ်မှာ နှစ်နာရီလောက် ရှာဖွေခဲ့တယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ တစိုက်
မတ်မတ်လုပ်နေတဲ့ ဦးအုန်းကြိုင်ကို အခုလို
ဖမ်းဆီးတာဟာ စစ်အစိုးရအနေနဲ့ ဥပဒေမဲ့
လုပ်ရပ်တခုကို ထပ်ပြီး ကျူးလွန်လိုက်တာလို့
နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားနေသူတွေက ဝေဖန်ပါတယ်။ အပြည့်အစုံ
ကို ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြ
ပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ကို ဗုဒ္ဓဟူး
နေ့ည ဆယ်နာရီလောက်က နေအိမ်မှာ ရဲတွေက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
ဘာ့ကြောင့် အခုလိုဖမ်းတယ်ဆိုတာကို မသိရသေးဘူးလို့ အဖွဲ့ချုပ်ပြောခွင့်ရ
ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဘယ်လိုလဲဆိုတာတော့ မသိသေးဘူး။ ညတုန်းက ဆယ်နာရီလောက်လာတယ်၊
နှစ်နာရီလောက် စာရွက်စာတမ်းတွေရှာပြီး ခေါ်သွားတာပဲ။"

ဘာအကြောင်းပြပြီး ခေါ်သွားတာပါလဲ။

"ထုံးစံအတိုင်းပဲ၊ သူတို့က ဘာမှအကြောင်းမပြဘူး။ ခဏပါ ဘာညာနဲ့ မျိုးစုံ
လျှောက်ပြောတာပဲ။"

လာခေါ်သွားတာ ဘယ်သူတွေလို့ သိရပါသလဲ။

"ရဲကပါ။"

ဦးအုန်းကြိုင်ဟာ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာတဦးအဖြစ် တာဝန်ထမ်းဆောင်
ခဲ့သူဖြစ်ပြီး ကလောင်အမည်က အောင်ဝင့် ဖြစ်ပါတယ်။ သတင်းစာဆရာကြီး
ဦးဝင်းတင်နဲ့ ရင်းနှီးကျွမ်းဝင်သူတဦးဖြစ်ပြီး သတင်းလောကကနေ ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မန္တလေးတိုင်း လွှတ်တော်အမတ်
တဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ပြီး အရွေးခံခဲ့သူ ဖြစ်ပါတယ်။

သြဂုတ်လထဲမှာ သံဃာတော်တွေ ဆန္ဒပြတာကို ရက်ရက်စက်စက် ဖြိုခွဲခဲ့တာတွေနဲ့
ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုခဲ့တဲ့နောက်ပိုင်း ၁၉၉၀ ခုနှစ် စက်တင်ဘာလထဲမှာ
နိုင်ငံတော် အရေးပေါ်စီမံချက် ဥပဒေ ၅(ည) နဲ့ရော၊ တရားမဝင် ပုံနှိပ်အက်ဥပဒေ
၁၇/၂၀ နဲ့ပါ ဖမ်းဆီးအရေးယူတာကို ခံခဲ့ရတယ်လို့ AAPPB ခေါ် နိုင်ငံရေးအကျဉ်းသား
များ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဘိုကြည်က ပြောပါတယ်။

"ဦးအုန်းကြိုင်ကို ပထမအကြိမ်ဖမ်းတာက စက်တင်ဘာ ၆ ရက်၊ ၁၉၉၀ က သူ့အိမ်မှာ
လာဖမ်းသွားတာ။ အဲဒီအချိန်ဖမ်းတုန်းကတော့ စစ်တပ်တွေနဲ့ ဝိုင်းပြီးတော့ ဖမ်းသွား
တယ်။ ဖမ်းတဲ့အဓိကအကြောင်းက အဲဒီတုန်းက စင်ပြိုင်အစိုးရဖွဲ့စည်းမှုနဲ့ ပတ်သက်
တယ်ဆိုပြီး ဖမ်းလိုက်တာ။ နောက်တခုက ၁၉၉၀ သြဂုတ်လ မန္တလေးမှာဖြစ်ခဲ့တဲ့
ဘုန်းကြီးသပိတ်တွေကို နအဖက ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့တယ်။ အဲဒီဖြိုခွဲတဲ့အပေါ်မှာ
ဦးအုန်းကြိုင်က ပြန်ပြီး Complain လုပ်တာတွေ၊ အကြမ်းဖက် ဖြိုခွဲမှုအပေါ်မှာ ဆန့်ကျင်
ပြီး ပြောဆိုတာတွေရှိတယ်။ ပထမအကြိမ်တုန်းကတော့ အဲဒီအတွက် အဖမ်းခံခဲ့ရ
တယ်။ သူ့ကို အမှုနှစ်မှုနဲ့ ထောင် ၁၇ နှစ်ချတယ်။"

၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ တောင်ငူအကျဉ်းထောင်ကနေ ပြန်လည်
လွတ်မြောက်လာတဲ့ ဦးအုန်းကြိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအမှု
ဆောင် ကော်မတီဝင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပြီး နာဂစ်ဆိုင်ကလုံးဒဏ် ခံခဲ့ရ
တဲ့ အချိန်မှာတော့ ဒုက္ခသည်တွေအတွက် အကူအညီပေးတဲ့ ကယ်ဆယ်ရေးဥက္ကဋ္ဌ
အဖြစ်နဲ့ တာဝန်ယူခဲ့ပါတယ်။ ဦးအုန်းကြိုင်ရဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ ထူးထူးခြားခြား
ဒုက္ခသည်တွေအတွက် ရေတွင်းရေကန် တူးဖော်တာတွေ၊ သန့်စင်တာတွေကို
အောင်အောင်မြင်မြင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးကိစ္စတွေနဲ့ လုံးပမ်းရင်း အချိန်ကုန်နေတဲ့ ဦးအုန်းကြိုင်ကို ဖမ်းဆီး
သွားတာဟာ ဥပဒေမဲ့ လုပ်ရပ်တခုလို့ ဦးဘိုကြည်က မြင်ပါတယ်။

"မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ဒီလိုမျိုး လက်လွတ်စပယ် အဖမ်းခံရတာ
တွေက သက်သက်ပြနေတယ်။ ဒီလို လက်လွတ်စပယ် လူတွေကို ဖမ်းချင်တိုင်းဖမ်း
တယ်။ ပြီးရင် ဖမ်းတဲ့သူတွေက ဘယ်သူလဲ၊ ဘာကြောင့်ဖမ်းတယ်လို့ ပြောဆိုတာ
မတွေ့ရဘူး။ ဒါဟာ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိပါဘူး။ တကယ်လို့ ဖမ်းတယ်ဆိုရင်
ဘာကြောင့်ဖမ်းတယ်၊ အဖမ်းခံရတဲ့အကြောင်းကို အဖမ်းခံရတဲ့သူကို ပြောရမယ်၊
သူ့မိသားစုကို ပြောရမယ်။ ဘယ်နေရာမှာထားမယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာတွေ
ပြောရဆိုရမယ်။ ဒါတွေမရှိဘဲဖမ်းတာက ဥပဒေမဲ့ဖမ်းတာဖြစ်တယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဘိုကြည် ပြောပြသွားတာ
ဖြစ်ပါတယ်။