မိသားစုတွေ တရားခွင် လာရောက်ခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်

မြန်မာစစ်အစိုးရ ဖမ်းဆီးတာကို ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားရုံးတင်
စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ မိသားစုတွေကို လာရောက်ခွင့် မပြုတော့တဲ့အတွက်
ကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ထိန်းသိမ်းခံနေရသူတွေအနေနဲ့
တရားစီရင် စစ်ဆေးနေတာတွေကို ရပ်တန့်ပြီး သပိတ်မှောက်လိုက်ကြပါတယ်။ ဒီလို
မိသားစုတွေ တက်ရောက်ခွင့်မရှိတဲ့ တရားခွင်တွေမှာပဲ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး
လှုပ်ရှားသူတချို့ကို ဒီကနေ့ပဲ ပြစ်ဒဏ်ပေး စီရင်တာတွေ လုပ်ခဲ့လို့လည်း မိသားစုတွေ
က မကျေမနပ် ဖြစ်နေကြရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွန်ခဲ့တဲ့
လတွေကစလို့ တရားရုံးတင် စစ်ဆေးတဲ့နေရာမှာ မိသားစုတွေ လာရောက်ခွင့် ပိတ်ပင်
လိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေဘက်က ကန့်ကွက်တောင်းဆိုမှုတွေ လုပ်ခဲ့
ကြတာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ
အပါအဝင် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့ကြသူတွေ၊
စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေအနေနဲ့ ဒီလို
မိသားစုတွေကို လာရောက်ခွင့် မပေးတဲ့အတွက် တရားခွင်ရဲ့လုပ်ငန်းတွေမှာ ပူးပေါင်း
ဆောင်ရွက်တာတွေမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ထိန်းသိမ်းခံနေရသူတွေရဲ့ ဥပဒေ
အကျိုးဆောင် ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခင်မောင်ရှိန်က ပြောပါတယ်။

"ပထမဆုံး လှိုင်မြို့နယ်တရားရုံးက ကိုထွန်းထွန်းဦးပါ ၄ ဦးအမှုကို စတယ်။ စတဲ့အခါ
ကိုထွန်းထွန်းဦးတို့၊ ကိုမောင်မောင်လတ်တို့၊ ကိုအောင်ကျော်မိုးတို့၊ မထားထားသက်
တို့က ကျနော်တို့ရှေ့နေတွေကို ညွှန်ကြားမှုပေးတယ်။ သူတို့မိသားစုတွေကို ဝင်ရောက်
နားထောင်ခွင့် မပေးတော့ဘူး၊ ထောင်ဝင်စာတွေ့တဲ့ရက်ကလည်း စနေ၊ တနင်္ဂနွေ
ပြောင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ မကျေနပ်ဘူး။ ဒါကြောင့် ဒီနေ့ တရားရုံးမှာ
စစ်ဆေးတဲ့ အမှုကိစ္စမှာ ရှေ့နေကြီးများအနေနဲ့ မေးမြန်းတာမလုပ်ပါနဲ့လို့ ညွှန်ကြားချက်
ပေးတယ်။ သူတို့ကိုယ်တိုင်လည်း ပြန်လည်မေးမြန်းမှု မလုပ်ဘူးလို့ပြောတယ်။

"အဲဒီအပိုင်းမှာ ကျနော်တို့က ရုံးတော်ကို လျှောက်ထားတယ်။ ရုံးတော်ကတော့
သက်သေလာရင် အမှုဆက်စစ်သွားမယ်လို့ပြောတယ်။ ကျနော်တို့က အမှုသည်ရဲ့
ညွှန်ကြားချက်အရ ဆက်လက်မစစ်ဆေးဘဲ၊ ပြန်လှန်မေးခွန်းတွေ မမေးဘဲ ရုံးပြင်
ထွက်လာတယ်။

"နောက်တခါ ရှင်သဒ္ဓမ္မနဲ့ ကိုထွန်းထွန်းနိုင် နှစ်ယောက်အမှု တရားခွင်စတဲ့အခါမှာ
ရှင်သဒ္ဓမ္မတို့ကလည်း ကျနော်တို့ကို ကြိုတင်ပြီး ညွှန်ကြားချက်ပေးထားတယ်။ မိသားစု
တွေ လာရောက်တွေ့ဆုံခွင့် မပေးဘူး၊ နားထောင်ခွင့်မပေးဘူးဆိုတဲ့ ပြောင်းလဲ
ညွှန်ကြားတဲ့ ညွှန်ကြားချက်အပေါ်မှာ သူတို့ မကျေနပ်ဘူး။ ဒါကြောင့် တရားခွင်မှာ
စစ်ဆေးတဲ့အခါ ရှေ့နေများအနေနဲ့လည်း မေးမြန်းခွင့်မလုပ်ပါနဲ့၊ သူတို့ကိုယ်တိုင်က
လည်း မေးမြန်းစစ်ဆေးမှု မလုပ်ပါဘူးဆိုတဲ့ ညွှန်ကြားချက်ပေးတယ်။

"အဲဒါပြီးတဲ့အခါ ရုံးမှာ ကိုမင်းကိုနိုင်က လျှောက်တယ်။ အနိမ့်ဆုံးအဆင့် ပုံမှန် မိသားစု
များကို တွေ့ဆုံခွင့်၊ နားထောင်ခွင့်ပေးဖို့။ လာမယ့်ရုံးချိန်းမှာ ဒီလိုမပေးဘူးလို့ တုံ့ပြန်ခဲ့
ရင် သူတို့အနေနဲ့ ဒါနဲ့ညီတဲ့တုံ့ပြန်မှုကို ဆောင်ရွက်သွားမယ်လို့ တရားရုံးကိုပြောတယ်။"

အခုတပတ်ကစလို့ တရားရုံးကြားနာမှုတွေမှာ မိသားစုတွေ ဝင်ရောက်နားထောင်ခွင့်
မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ၊ အထူးသဖြင့် ကျန်းမာရေး ယိုယွင်းနေသူတွေ
အတွက် ပြဿနာတွေနဲ့ ကြုံရတာတွေလည်း ရှိနေတယ်လို့ ဦးခင်မောင်ရှိန်က သူ့ရဲ့
ဒီကနေ့ တရားခွင်အတွေ့အကြုံကို ပြောပြပါတယ်။

"ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေအမှု၊ ဒါက သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးရုံး
ရယ်၊ တွဲဖက်တရားသူကြီးရုံးရယ် ၂ ရုံး။ ပထမဆုံး သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးရုံး
က စတင်စစ်ဆေးဖို့လုပ်တယ်။ ဒီမတိုင်ခင် ကိုမင်းကိုနိုင်တို့ကို ရုံးထုတ်လာတာက
၉ နာရီခွဲထဲကထုတ်လာတယ်။ ဘာအစားအသောက်မှ မစားရဘူး။ ရုံးစစစ်တဲ့အချိန်က
၂ နာရီခွဲလောက်မှာမှ စစစ်ဖို့လုပ်တယ်။ ကြားမှာ ကိုအောင်သူက Pressure တက်ပြီး
မူးလဲသွားတယ်။ အဲတော့ တရားခွင်မှာ စွပ်စွဲခံရသူတွေထိုင်တဲ့ ထိုင်ခုံတွေကို ဆက်ပြီး
တော့ ကိုအောင်သူ လဲလျောင်းနေရတယ်၊ ဘေးကနေ ပြုစုကြရတယ်။

"ဒီမှာ အစားမစားရတာလည်း ပါတယ်။ ကိုအောင်သူက ဆေးရုံမှာ တက်ရောက်ကုသ
နေရတယ်။ ဆေးရုံကနေ ရုံးထုတ်လာတာ။ ပြီးတော့ ကိုအောင်သူက ဦးနှောက်နဲ့ အာရုံ
ကြောမှာ ပြထားရတယ်။ နှလုံးရောဂါရှိတယ်။ သွေးတိုးတယ်၊ သွေးတက်တယ်၊
လေဖြန်းတဲ့အနေအထားရှိတယ်။ ဒါကြောင့် ကိုအောင်သူရဲ့ ညာဘက်ခြမ်းက လက်တွေ၊
ခြေတွေ သိမ်နေတဲ့အနေအထားရှိတယ်လို့ သိရတယ်။

"အဲတော့ ၉ နာရီခွဲ ရုံးထုတ်လာတယ်။ ၂ နာရီကျော်လောက်အထိ ဘာအစားမှ မစားရ
ဘူး။ အဲဒါက ခါတိုင်းလို မိသားစုက တရားခွင်မှာ လာရောက်နားထောင်ခွင့်၊ တွေ့ဆုံခွင့်၊
ကျွေးမွေးခွင့် မရှိတဲ့အတွက် သူတို့ ဘာမှမစားရလို့ ဒီလိုဖြစ်တာလည်း ပါမှာပေါ့။"

ရန်ကုန်မြို့က ရှေ့နေကြီး ဦးခင်မောင်ရှိန် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို မိသားစုတွေ လာရောက်ခွင့် ပိတ်ပင်လိုက်တဲ့ တရားခွင်တွေကနေ ပြစ်ဒဏ်ပေး
စီရင်ချက်ချမှတ်လိုက်တာတွေလည်း ရှိနေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း
ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူ ၄ ယောက်ကို အင်းစိန်ထောင် အထူးတရားရုံး
တွေကနေ ထောင်ဒဏ် ၂ နှစ်ခွဲကနေ ၄ နှစ်ခွဲစီ အသီးသီး ချမှတ်လိုက်တယ်လို့လည်း
သူတို့ရဲ့အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးဖြစ်တဲ့
ဦးမောင်မောင်လတ်က ပြောပါတယ်။

"တောင်ဒဂုံကနေ စွဲတင်တဲ့ ဦးစိုးကြွယ်၊ ဒေါ်ခင်အေး၊ ဒေါ်မြင့်သိန်း၊ ၃ ယောက်တတွဲ
တည်းကို ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ) တွေနဲ့ စွဲချက်တင်တယ်။ ဒီနေ့ အမိန့်ချတာ
ကတော့ ၁၄၃ အတွက် ၆ လ၊ ၁၄၅ ကိုတော့ ပယ်ဖျက်ပေးတယ်။ ၅၀၅(ခ) ကိုတော့
၂ နှစ်။ သီးခြားစီကျခံစေဆိုတော့ ၂ နှစ်နဲ့ ၆ လပေါ့။

"နောက်တမှုက ဦးစိုးမြင့်ထိန်ဆိုတာလည်း ဒီတိုင်းပဲ။ သူကတော့ ၁၄၃၊ ၁၄၅၊ ၁၄၇၊
၅၀၅(ခ)၊ ပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ထားတာ ဒီနေ့ အမိန့်ချတော့ ၁၄၃ အတွက် ၆ လ၊
၁၄၅ ကို ပယ်ဖျက်ပေးလိုက်တယ်။ ၁၄၇ ကို ၂ နှစ်၊ ၅၀၅(ခ) ကို ၂ နှစ်၊ အားလုံး ၄ နှစ်နဲ့
၆ လကျတယ်။ အဲဒါကို ၂ နှစ်၊ ၂ နှစ်၊ ၆ လကို သီးခြားစီ ကျခံစေဆိုပြီး အရှေ့ပိုင်းခရိုင်
တရားသူကြီးက အမိန့်ချတယ်။"

ဒီလို မိသားစုတွေရဲ့မျက်ကွယ်မှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရလို့လည်း
မိသားစုဝင်တွေဘက်က မကျေမနပ် ဖြစ်တာတွေကလည်း ရှိနေတာပါ။ ကုန်ဈေးနှုန်း
ကျဆင်းရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ နောက်ထပ်
နိုင်ငံရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုစိုးမြင့်ထိန်ဟာ ဆိုရင်လည်း အခုနောက်ဆုံး
ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်လို့ ညီဖြစ်သူ ကိုသိန်းအောင်မြင့်
က အခုလိုဆိုပါတယ်။

"သူ့ကိုစွဲတာက ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေး၌ ပါဝင်ခဲ့ပြီး နိုင်ငံတော်အစိုးရနဲ့
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်သော ပြစ်မှုတခုခုကို ဆောင်ရွက်ကျူးလွန်
အောင်၊ ဖြစ်ပေါ်လာအောင် ကျူးလွန်ခြင်း၊ စည်းရုံးခြင်း၊ သတင်းဖော်ပြခြင်း၊ ဆူပူဆန္ဒပြ
အမှုများဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းဆိုပြီး စွဲတင်တယ်။

"ကျနော်တို့ဘက်က ရှေ့နေကလည်း လက်ရှိစွဲတင်ထားတဲ့အမှုတွေက ဘယ်လိုဟာမျိုး
တွေလည်းလို့ သိချင်လို့ မေးတော့ ကိုစိုးမြင့်ထိန် မနှစ်က စက်တင်ဘာ ရွှေဝါရောင်
တော်လှန်ရေးမဖြစ်ခင် တောင်ဒဂုံတို့၊ မြောက်ဥက္ကလာတို့၊ မြောက်ဒဂုံတို့၊ လှိုင်သာယာ
တို့မှာ အမျိုးသားရေးဦးဝင်းနိုင်နဲ့ ဆန်သွားလှူတဲ့ကိစ္စရယ်၊ ကိုကျော်သူ၊ ကိုဇာဂနာ၊
အမျိုးသားရေးဦးဝင်းနိုင်တို့နဲ့အတူ ရွှေတိဂုံဘုရား အရှေ့မုခ်မှာ သံဃာတော်တွေကို
ဆွမ်းလောင်းလှူတဲ့ကိစ္စနဲ့ တာရာမင်းေ၀ တလပြည့်အလှူကို သွားရောက်ခြင်းကိစ္စဆိုတဲ့
အဲဒီအမှုသုံးမှုက နိုင်ငံရေးစည်းရုံးမှုတွေ လုပ်တာဆိုပြီး စွဲတင်တာပါ။ အခု ညနေ
၃ နာရီကျော်လောက်မှ ကိုစိုးမြင့်ထိန်ကို ထောင် ၄ နှစ်ခွဲချလိုက်တယ်ဆိုပြီး သိရပါ
တယ်။"

တရားရုံးတင် စစ်ဆေးမှုတွေ လုပ်နေတဲ့နေရာမှာ မိသားစုတွေကို လာရောက်ခွင့်
ပိတ်ပင်လိုက်တာ၊ ဒီလို တရားခွင်တွေကပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
ပြစ်ဒဏ်ပေး ထောင်ချနေတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်တွေ၊ မိသားစု
ဝင်တွေ ပြောပြကြတာပါ။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို တရားလက်လွတ် ဖမ်းဆီးနေတာတွေ၊ ထိန်းသိမ်း
ခံနေရတဲ့ နေရာမှာလည်း ဂုဏ်သိက္ခာနဲ့အညီ ပြုမူတာတွေမရှိလို့ အသစ်ခန့်အပ်လိုက်
တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ ပြစ်တင်ဝေဖန်ခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာအာဏာ
ပိုင်တွေဘက်က ဖမ်းဆီးထားသူတွေအပေါ် အခုလို ကန့်သတ်ချုပ်ချယ်တဲ့ ဆောင်ရွက်
ချက်တွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။