ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးထားတာနဲ့ ပတ်သက်ပြီး ရှေ့နေတွေဘက်က လျှောက်ထားတဲ့ အယူခံလွှာကို စစ်အစိုးရဘက်က အကြောင်းမပြန် သေးပေမယ့် လျှောက်လဲချက် ပေးခွင့်ရမယ်လို့တော့ မျှော်လင့်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

အယူခံလွှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက မြန်မာစစ်အစိုးရကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ တင်ခဲ့ပါတယ်။ တခြားအမှုတွေမှာ အယူခံလွှာ တင်ရင် ဆိုင်ရာ ဌာနတွေက စိစစ်ပြီး အယူခံ အမှုနံပါတ် ပေးလေ့ရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိုတော့ စစ်အစိုးရဘက်က ဝင်စာအနေနဲ့သာ လက်ခံတာမျိုး ဖြစ်တဲ့အတွက် တရားရုံးတွေကို တင်ပြတာမျိုးတွေနဲ့တော့ လုပ်ထုံးလုပ်နည်း ကွဲလွဲနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

အခု အယူခံ တင်တာဟာ နေအိမ်အကျယ်ချုပ်နဲ့ပတ်သက်လို့ ပထမဆုံး တင်ပြတဲ့ အယူခံဖြစ်ပါတယ်။ အရင်က ဒီလိုတင်တာမျိုးတွေ မရှိသေးတဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုပုံစံနဲ့ တရားရေးအရ ဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အယူခံကို လာမယ့် သတင်းပတ်တွေအတွင်း လျှောက်လဲချက် ပေးခွင့် ရမယ်လို့ မျှော်လင့်တဲ့အကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံခွင့် ရဖို့ တောင်းဆိုမှာဖြစ်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပါတယ်။

“ကျနော် လပြည့်ကျော် တရက်လောက် စာရေးမယ်၊ အထူးစုံစမ်းရေးအဖွဲ့ကို၊ ကျနော်တို့ကို တွေ့ခွင့်ပြုပါ။ လျှောက်လဲချက် ထပ်ပေးရမယ်ဆိုရင် ဒေါ်စုလည်း ထပ်ပြီးတော့ ပြောချင်တဲ့အချက်၊ ပြောပြီးသား အပေါ်မှာလည်း ထပ်လောင်းပြီးတော့ အလေးပေး ပြောချင်တာမျိုး ရှိကောင်းရှိမှာပေါ့။ အဲတော့ ကျနော် ခွင့်တောင်းမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြသွားတာပါ။