ရန်ကုန်မြို့မြောက်ပိုင်း ဆင်ခြေဖုံးအရပ်မှာ
မနေ့ တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံး
ကွဲတာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့
သိရပါတယ်။ ရွှေပြည်သာမြို့နယ်
၁၈ ရပ်ကွက်က နေအိမ်တလုံးမှာ ပေါက်ကွဲတာဖြစ်ပြီး
သေဆုံးသူဟာ အသက် ၃၀
အရွယ် အမျိုးသားဖြစ်တယ်လို့ နယ်ခံတွေက ပြောပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ဗုံးပေါက်ကွဲပြီးပြီးချင်း သက်ဆိုင်ရာအာဏာပိုင်တွေ၊
လုံခြုံရေးတာဝန်ရှိသူတွေက
ပေါက်ကွဲမှုဖြစ်တဲ့နေအိမ်ကို ရောက်ပြီးပြီးချင်းမှာပဲ
ဖောက်ခွဲရေးပစ္စည်းအချို့ကို
ထပ်တွေ့ရတယ်လို့ နယ်ခံတွေအပြောအရ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်၊ သေဆုံးမှုနဲ့
ပတ်သက်လို့ နယ်ခံတဦးက အခုလို ပြောပြပါတယ်။
"၃၀ ဝန်းကျင်လောက်ရှိမယ်။ သူက ထမင်းဝယ်ပြီး
ပြန်လာတဲ့အချိန် တံခါးဖွင့်လိုက်
တော့ အုံးသွားတာပေါ့၊ အဲဒီမှာ။"
အခု ကျနော်တို့ကြားတာ သူ့အိမ်မှာလည်း ဗုံးတွေထပ်မိတယ်လို့
သတင်းတချို့မှာ
တွေ့ပါတယ်။
"အဲလိုမျိုးပြောကြတယ်၊ အတုံးတွေတဲ့။ လူကတော့ ရုပ်ပျက်ဆင်းပျက်ပဲ။"
သူ့မိသားစုရော ဘယ်နှစ်ယောက်လောက်ရှိတယ်လို့ ကြားပါလဲ။
"နှစ်ယောက်ပဲရှိတယ်တဲ့။ သူ့အဖေကတော့
ရပ်ရေးရွာရေး ဓမ္မာရုံမှာ တရားတွေ
ဘာတွေ ဟောတာတော့ ရှိတယ်၊ လူကြီးပေါ့။"
အခုပေါက်ကွဲမှုဖြစ်နေစဉ်မှာ သေဆုံးသူတဦးပဲ နေအိမ်မှာရှိတယ်လို့ သိရပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ရဲချုပ်ရုံးကို
ဗွီအိုအေက ဆက်သွယ်မေးမြန်းရာ
မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားရေးဌာနအနေနဲ့
သတင်းစာရှင်းလင်းပွဲတွေမှာ
ထုတ်ပြန်ပေးပါလိမ့်မယ်လို့ တာဝန်ကျ ရဲအရာရှိတဦးက
အခုလိုဖြေပါတယ်။
"ရဲချုပ်ရဲ့ညွှန်ကြားချက်ကိုလည်း
ဖတ်လိုက်ရမှာပါ။ ရဲချုပ် တရားဝင်သတင်းစာ
ရှင်းလင်းပွဲ လုပ်တယ်လေ။ အဲဒီ
ရဲချုပ်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
က သတင်းထုတ်ပြန်ရေးဆိုပြီး
တာဝန်ပေးထားတာ ရှိပါတယ်။ အဲဒီအဖွဲ့က စာစောင်
တွေ၊ မဂ္ဂဇင်းတွေက
တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး အဲဒီသတင်းကို ထုတ်ပြန်ပေးမှာ
ဖြစ်ပါတယ်။ အခုလောလောဆယ်
တာဝန်ရှိတဲ့ လူကြီးတွေကိုယ်တိုင်လည်း အဲဒီကိစ္စ
အမြန် သတင်းထုတ်ပြန်နိုင်ဖို့
လုပ်နေပါတယ်။ အခုလောလောဆယ် ကျနော်တို့လည်း
အဲဒီလောက်ပဲ ပြောလို့ရပါမယ်။"
သတင်းထုတ်ပြန်ရေးအတွက် တာဝန်ပေးထားတယ်ဆိုတဲ့
ရန်ကုန်တိုင်းနဲ့ နေပြည်တော်
က တာဝန်ရှိ ရဲမှူးတွေဆီကို ဆက်သွယ်ပေမယ့် တုံ့ပြန်ချက် မရပါဘူး။
စနေနေ့ညကတော့ ရန်ကုန် ရန်ကင်းမြို့နယ်ရှိ
တပ်မတော်မှတ်တမ်းရုံးအနီးမှာ
ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးအနားမှာ နောက်ထပ်
မပေါက်ကွဲသေးတဲ့ နောက်ထပ်ဗုံးတလုံး
ကိုလည်း စနက်တံဖြုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ အစိုးရသတင်းစာမှာ
ဖော်ပြပါတယ်။
တလောတုန်းက ရန်ကုန်-တိုက်ကြီး လိုင်းကားတစီး အင်းစိန်
စက်မှုတက္ကသိုလ်အနီး
ပေါက်ကွဲမှုဖြစ်ခဲ့တာကိုတော့ ဒါဟာ ကားတိုက်မှုကြောင့် ဂက်စ်အိုးပေါက်ကွဲခဲ့တာလို့
အစိုးရသတင်းစာမှာ ရှင်းလင်းဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲမှုတွေ
ဆက်တိုက်ဆိုသလို ဖြစ်နေတာဟာ
မသမာသူတွေရဲ့ လက်ချက်ဖြစ်တယ်၊ ဒါတွေကို ဖော်ထုတ်ဖို့
ကြိုးပမ်းနေပါတယ်လို့
အာဏာပိုင်တွေဘက်က ပြောဆိုနေတဲ့ တချိန်တည်းမှာ
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး
စွပ်စွဲခံရတတ်တဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က
ဖိနှိပ်မှုတွေ ပိုပြီးတိုးလာမလားဆိုပြီး
စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာနေပါတယ်။
အမှောင့်လုပ်ရပ်အဖြစ် မြန်မာအစိုးရ အာဏာပိုင်တွေက စွပ်စွဲလေ့ရှိတဲ့အပေါ်မှာလည်း
နိုင်ငံရေးလှုပ်ရှားသူတွေ၊ အကဲခတ်တွေက သံသယရှိနေတာ ဖြစ်ပါတယ်။