နိုင်ငံတကာဖွံ့ဖြိုးမှု ကူညီရေး အမေရိကန် သန္နိဋ္ဌာန် ခိုင်မာဆဲ

အမေရိကန်ပြည်ထောင်စုအနေနဲ့ စီးပွားရေး
အကျပ်ရိုက်နေတဲ့ အချိန်မှာတောင် နိုင်ငံတကာ
ဖွံ့ဖြိုးမှုအတွက်ဆိုရင် မဆုတ်မနစ် ဆက်ပြီးကူညီ
သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ သမ္မတဘုရှ်က
ပြောလိုက်ပါတယ်။ မနေ့က အိမ်ဖြူတော်မှာ
ကျင်းပတဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုညီလာခံမှာ သမ္မတ
ဘုရှ်က ပြောလိုက်တဲ့အကြောင်း ဗွီအိုအေ
အိမ်ဖြူတော်သတင်းထောက် ပေါ်လာ ဝုဖ်ဆင်
(Paula Wolfson) သတင်းပေးပို့ထားတာကို
ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ကမ္ဘာတဝှမ်း ဘဏ္ဍာငွေကြေး အကျပ်အတည်း
ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာ အကြီးအကျယ် ထိခိုက်နစ်နာနေကြရတယ်
လို့ သမ္မတဘုရှ်က ပြောပါတယ်။ စီးပွားရေးအခြေအနေကောင်းတဲ့ နိုင်ငံတွေအနေနဲ့
အဆင်မပြေတဲ့နိုင်ငံတွေကို ပစ်မထားသင့်ဘူးလို့လည်း သမ္မတဘုရှ်က ပြောပါတယ်။

"ဈေးကွက်တွေ ဘယ်လိုပဲတက်တက်၊ ကျကျ နိုင်ငံတကာဖွံ့ဖြိုးမှုအတွက်ဆိုရင် အမေ
ရိကန်ပြည်ထောင်စုကတော့ မဆုတ်မနစ် ဆက်ပြီးကူညီသွားဖို့ သန္နိဋ္ဌာန်ချထားတဲ့
အတိုင်း အခိုင်အမာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။"

ဖွံ့ဖြိုးမှုအတွက် ကြံ့ကြံ့ခံပြီး သန္နိဋ္ဌာန်ချထားတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံ
ရေး အကျိုးစီးပွားအတွက်နဲ့ ရေရှည် စီးပွားရေးအကျိုးအတွက်တင်မကဘဲ စိတ်ဓာတ်
ရေးရာအရပါ ခိုင်မာတယ်ဆိုတာကို ပြသလိုက်တာပဲလို့ သမ္မတဘုရှ်က အခုလိုပြောပါ
တယ်။

"အကူအညီတွေ သိပ်ပြီးလိုအပ်နေသူတွေကို ကူညီရမယ်ဆိုတဲ့ အတိုင်းအဆမရှိတဲ့
အမှန်တရားကို ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ကောင်းချီးမင်္ဂလာနဲ့
ပြည့်စုံတဲ့ တိုင်းပြည်ပါ။ ကမ္ဘာတဝှမ်း ကံမကောင်း၊ အကြောင်းမလှတဲ့သူတွေကို
ကူညီဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိတယ်လို့လည်း ယုံကြည်ပါတယ်။"

နိုင်ငံရပ်ခြား အထောက်အပံ့တွေပေးရေး သူ့ရဲ့ချဉ်းကပ်ပုံနဲ့ အထောက်အကူပေးရေး
ချဉ်းကပ်ပုံတွေ ဆက်စပ်ပြီး လက်တွေ့မှာ အဖြေတွေ ထွက်ပေါ်နေပြီလို့ သမ္မတဘုရှ်က
အပြုသဘောနဲ့ မှတ်ချက်ချလိုက်တာပါ။ မနေ့က အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ နိုင်ငံ
တကာဖွံ့ဖြိုးမှုဆိုင်ရာ ထိပ်သီးညီလာခံမှာ သမ္မတဘုရှ်က အခုလိုပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ ထောင်စုနှစ် စိန်ခေါ်မှုများအတွက် ထောက်ပံ့ရေးအစီအစဉ်
အရ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံတွေကို
အထောက်အပံ့ပေးနေတာ အောင်မြင်မှုတွေ ရနေတာမို့ သမ္မတဘုရှ်က ဂုဏ်ယူ
ဝင့်ကြွားစွာ ပြောဆိုလိုက်တာပါ။

သူ့ရဲ့သမ္မတသက်တမ်းမှာ ကမ္ဘာတဝှမ်း ငှက်ဖျားနဲ့ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်
ရေး ကြိုးပမ်းမှုတွေ အကောင်အထည်ဖော်နိုင်ခဲ့လို့ တိုးတက်မှုတွေ ရခဲ့တယ်လို့လည်း
ပြောပြပါတယ်။ သမ္မတဘုရှ်လက်ထက်မှာ နိုင်ငံခြားအထောက်အပံ့တွေကို သိသိ
သာသာတိုးပြီး ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ သူ့ကိုအဝေဖန်ဆုံး ပုဂ္ဂိုလ်တွေကတောင်မှ
သူ့ရဲ့ အထောက်အပံ့ပေးရေး မူဝါဒဟာ အလုပ်ဖြစ်တယ်လို့ အသိအမှတ်ပြုကြရပါတယ်။
နိုင်ငံခြားအထောက်အပံ့ပေးရေး အစီအစဉ်ဟာ သူ့ရဲ့ အခိုင်မာဆုံးနဲ့ အကျိုးရှိဆုံး
အမွေပါပဲလို့ တချို့က တင်စားနေကြပါပြီ။ ဒီနှစ်မှာလည်း ရန်ပုံငွေတွေ ဆက်ပြီးပေးနိုင်
ဖို့အတွက် ကွန်ဂရက်စ်လွှတ်တော်ကို သမ္မတဘုရှ်က တိုက်တွန်းနေပါပြီ။

တခြား စက်မှုထွန်းကားတဲ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း
သူတို့ထောက်ပံ့ဖို့ ဝတ္တရားရှိတဲ့ အကူအညီတွေကို ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါ
တယ်။

"ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းအောင် အားပေးရင်း ငတ်မွတ်ခေါင်းပါးမှုနဲ့
ရောဂါဘယတွေ ကင်းဝေးအောင်၊ ပညာရေးတိုးတက်လာအောင်၊ သာယာဝပြောမှု၊
တရားမျှတမှုတွေ ဆောင်ကြဉ်းပေးနိုင်အောင် ဖွံ့ဖြိုးမှုပုံစံအသစ်နဲ့ ကျနော်တို့ ချဉ်းကပ်
ခဲ့ကြလို့ အောင်မြင်တဲ့လက္ခဏာတွေ တွေ့နေရပါပြီ။ ကျနော်တို့ရဲ့ သန္နိဋ္ဌာန်တွေကို
ပစ်ပယ်ခဲ့မယ်ဆိုရင် ဒီအောင်မြင်မှုတွေဟာ သဲထဲရေသွန် ဖြစ်ရပါလိမ့်မယ်။ ကူညီဖို့
ကုန်ကျမယ့် တန်ဖိုးတွေထက် အဆမတန်ပိုများမယ့် တန်ဖိုးတွေကို ပေးဆပ်ကြရပါ
လိမ့်မယ်။"

သမ္မတဘုရှ်က ဇန်နဝါရီလ သူ ရာထူးက နုတ်ထွက်မပေးခင် ကမ္ဘာတဝှမ်း ကုန်သွယ်
ရေးချိန်ခွင်လျှာ ညှိနိုင်ဖို့အတွက် ဒိုဟာ ရောင်းဒ် (Doha Round) ဆွေးနွေးပွဲ
အောင်မြင်ရေး ဖိအားပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ နိုင်ငံအားလုံး
အနေနဲ့ စီးပွားရေး သာယာဝပြောမှုအတွက်ဆိုရင် စီးပွားရေးတက်နေတဲ့ အချိန်ပဲ
ဖြစ်ဖြစ်၊ စီးပွားရေးကျနေတဲ့ အချိန်ပဲဖြစ်ဖြစ် ကုန်သွယ်ကြဖို့ဆိုတာ လိုအပ်ချက်တရပ်
ပဲလို့ သမ္မတဘုရှ်က ပြောဆိုလိုက်ပါတယ်။