အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့
ပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်ဆယ်နိုင်ငံ
စလုံးက အပြည့်အ၀ အတည်ပြုလိုက်ပြီလို့
အောက်တိုဘာလ ၂၁ ရက်နေ့မှာ အာဆီယံ
က ထုတ်ပြန်ကြေညာပါတယ်။ ဒါပေမယ့် ဒီပဋိညာဉ်စာတမ်းဟာ
အားနည်းချက်တွေ
အများကြီးပါရှိနေတဲ့အတွက် စာတမ်းရေးဆွဲသူတွေ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့
အာဆီယံ
တာဝန်ရှိသူတွေ မျှော်လင့်ထားသလောက် အပြည့်အဝဖြစ်မှာ မဟုတ်ဘူးလို့
ဝေဖန်သူ
တွေက ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဒီပဋိညာဉ်စာတမ်းကြောင့် အာဆီယံအဖွဲ့ကြီးဟာ
စည်းမျဉ်းစည်းကမ်းတွေကို အခြေခံ
တဲ့၊ လူထုကိုအခြေပြုတဲ့၊ ပိုပြီး
ပေါင်းစည်းမှုရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်လာမယ်လို့
အာဆီယံရဲ့ အောက်တိုဘာ ၂၁ ရက်နေ့
ထုတ်ပြန်ချက်ထဲမှာ အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်
ဒေါက်တာ ဆူရင် ပစ်ဆူဝန်က
ပြောထားပါတယ်။
ဒါပေမယ့် ဒီပဋိညာဉ်စာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံတခုခုက
လူ့အခွင့်အရေးချိုးဖောက်မှု
ရှိလာခဲ့ရင် ဘယ်လို အရေးယူလုပ်ဆောင်မယ်ဆိုတာ တိတိကျကျ
ပြဋ္ဌာန်းတာမျိုး မပါ
တာကြောင့် အားနည်းချက်ရှိနေတယ်လို့ ထောက်ပြသူက မန္တလေးတိုင်း၊
မိုးကုတ်
မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်နဲ့
အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ
(NCGUG) ရဲ့ ဝန်ကြီးတဦးဖြစ်သူ
ဦးဘိုလှတင့်ပါ။
"ကျနော်တို့က တချို့အယူအဆအရ Better than nothing ပေ့ါ၊
အာဆီယံမှာ အရင်
တုန်းက ချာတာ (Charter) တွေ မရှိတာထက်စာရင် ရှိလာတာဟာ တစုံတရာအဆင့်ကို
တက်လှမ်းလာတယ်ဆိုတာ မူအရ မငြင်းပေမယ့် ဒီချာတာကြောင့် အာဆီယံဟာ ပြည့်စုံ
ပြီးတော့
ပိုပြီး Integrated ဖြစ်တဲ့၊ ပိုပြီးတော့ ဒေသတွင်းမှာရှိနေတဲ့ ပြဿနာများကို
မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်မယ့် အဖွဲ့အစည်းမျိုး ဖြစ်လာတယ်ဆိုတာကတော့
မေးခွန်းမေးစရာတွေ အများကြီးကျန်သေးတယ်လို့ ကျနော်မြင်ပါတယ်။"
အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့
အရေးအရာကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်
ရာမှာ နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို
ဝင်ရောက်စွက်ဖက်မှု မပြုဘူးဆိုတဲ့မူကို
တောက်လျှောက်ကိုင်စွဲလာခဲ့ပါတယ်။ အာဆီယံအဖွဲ့ထဲမှာ
နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်
မှုကို အခံရဆုံး မြန်မာနိုင်ငံနဲ့ပတ်သက်ရင်လည်း
အဲဒီမူအတိုင်းပဲ ကျင့်သုံးခဲ့ပါတယ်။
နောက်ပိုင်းကာလတချို့မှာ အာဆီယံအဖွဲ့ထဲက
နိုင်ငံတခုချင်းစီရဲ့ တာဝန်ရှိသူတချို့က
အနည်းငယ် ဝေဖန်ပြောဆိုတာတွေ
ရှိခဲ့ဖူးပေမယ့် အာဆီယံတဖွဲ့လုံးအနေနဲ့ အပြင်း
အထန် ပြစ်တင်ဝေဖန်တာမျိုး၊
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး
အတွက် အကောင်အထည်ဖော်ဆောင်မှုတွေအပေါ်
တိုက်တွန်းတောင်းဆိုတာမျိုး
မလုပ်ခဲ့ပါဘူး။
ဒါ့ကြောင့်လည်း အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလို
ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့
စိတ်မဝင်စားဘဲ စီးပွားရေးအကျိုးအမြတ်
သက်သက်အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်တယ်လို့
ဝေဖန်ကြပါတယ်။ အခုပဋိညာဉ်
စာတမ်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာလည်း လက်ရှိ ကမ္ဘာတဝှမ်းဖြစ်နေတဲ့
ဘဏ္ဍာ
ရေး ငွေရေးကြေးရေးဈေးကွက် အကျပ်အတည်းကို ထောက်ပြထားပြီး ပိုပြီး ပေါင်းစပ်မှု
ရှိတဲ့၊
ခိုင်မာတဲ့ အာဆီယံအဖွဲ့အစည်းကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုမှာပါလို့
အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်က ဆိုထားပါတယ်။
အာဆီယံဟာ စတင်ဖွဲ့စည်းကတည်းကိုက စီးပွားရေးကို ဦးစားပေး
ဖွဲ့စည်းခဲ့တာဖြစ်ပြီး
အခုလို ပဋိညာဉ်စာတမ်းမျိုး ဖြစ်လာရတာကလည်း မြန်မာလို
ဆိုးရွားတဲ့ လူ့အခွင့်
အရေးမှတ်တမ်းရှိတဲ့ နိုင်ငံတခုကို တင်းပြည့်အဖွဲ့ဝင်အဖြစ်
လက်ခံထားတဲ့အပေါ် နိုင်ငံ
တကာက ဖိအားပေးတာကြောင့် တစိတ်တပိုင်းဖြစ်တယ်လို့
ဦးဘိုလှတင့်က သုံးသပ်ပါ
တယ်။
"စီးပွားရေးအရ တခုတည်းကြည့်မယ်ဆိုရင်
ပိုကောင်းသွားနိုင်ပါတယ်။ ဒါတောင်မှ
ကျနော်တို့အမြင်ဆိုရင်
အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ စီးပွားရေးစနစ်များလည်း
တနိုင်ငံနဲ့တနိုင်ငံ မတူသလို၊
နိုင်ငံရေးစနစ်များလည်း တနိုင်ငံနဲ့တနိုင်ငံ အင်မတန်မှ
ကွဲပြားခြားနားကြပါတယ်။
အဲဒါတွေကို အားလုံးညှိနှိုင်းပြီးမှ ဆောင်ရွက်သွားရတဲ့
အတွက် Consensus ဆုံးဖြတ်ချက်မျိုး
ရှိနေသရွေ့ကတော့ အာဆီယံအဖွဲ့ရဲ့
အားကောင်းချက်ဟာ ဒီ့ထက်ပိုပြီး တိကျပြတ်သားလာမှ
မဟုတ်ဘူးလို့ ကျနော်တို့
အနေနဲ့ ရှုမြင်သုံးသပ်ပါတယ်။"
ပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်ဆယ်နိုင်ငံစလုံးက အတည်ပြုရေးမှာ
အစောပိုင်းတုန်းက
ဖိလစ်ပိုင်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံနဲ့ဆက်စပ်ပြီး
သဘောထားတချို့ ပေါ်ထွက်ခဲ့ဖူး
ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့
အာဆီယံပဋိညာဉ်စာတမ်း အတည်ပြုရေးကို
ချိတ်ဆက်ပြီး ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ
အာရိုယိုကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
ဖိလစ်ပိုင်ကလည်း အတည်ပြုခဲ့တာပါပဲ။ ဒါ့ကြောင့် လာမယ့်နှစ်မှာလည်း အာဆီယံအဖွဲ့
က မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောဆိုတာမျိုး၊ မြန်မာ့
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ
သဘောထားတိတိကျကျနဲ့ အလုပ်ဖြစ်အောင် ရပ်တည်တာမျိုး ဖြစ်လာဖို့ကတော့
အလားအလာ မမြင်ရသေးဘူးလို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။