မြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲ အာရှဒေသတွင်း ကျင်းပဖို့ ညွန့်ပေါင်းအစိုးရ တိုက်တွန်း

မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့
အစည်းတွေဟာ ရည်မှန်းချက် တိတိကျကျနဲ့ အချိန်ကာလ သတ်မှတ်ထားတဲ့ လုပ်ငန်း
စဉ်တွေ ချမှတ်ပြီး လုပ်ဆောင်ဖို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်း
အစိုးရ (NCGUB) က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ လုပ်ဆောင်နေတာ
တွေကနေ အစီအစဉ်အသစ်တခုကို အဆိုပြု တင်ပြလိုက်ပါသေးတယ်။
ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

NCGUB က အဆိုပြုတင်ပြလိုက်တဲ့ အစီအစဉ်အသစ် ဆိုတာကတော့ မြန်မာ့အရေး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများအုပ်စု ဆွေးနွေးပွဲတွေကို အာရှ
ဒေသတွင်းနိုင်ငံတွေမှာ ကျင်းပသွားဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီး
သွားတဲ့ အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ သဘာပတိ ကြေညာ
ချက်ထဲမှာ မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုထားတဲ့အပေါ်
NCGUB ရဲ့ တုံ့ပြန်ကြေညာချက်ထဲမှာ အဲဒီလို အဆိုပြုတင်ပြထားတာပါ။

မြန်မာနိုင်ငံအရေးကိစ္စဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ အသေးစိတ်လုပ်ငန်းစဉ်တွေ
ချမှတ်ပြီး အချိန်ကာလ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ဆိုရင် နိုင်ငံတကာ
အင်အားစုတွေကြားမှာ အတော်ဆွေးနွေးဖို့ လိုအပ်သေးတယ်၊ ကွာဟမှုတွေ နည်းနိုင်
သမျှနည်းပြီး ထိရောက်တဲ့ သံတမန်ရေး ဖိအားပေးမှုတွေ လုပ်နိုင်ဖို့ အစည်းအဝေး
တွေကို နယူးယောက်မှာတင် လုပ်မနေဘဲ ဒေသတွင်းနိုင်ငံတွေမှာပါလုပ်ဖို့ အဆိုပြု
တင်ပြတာဖြစ်ကြောင်း ဒေါက်တာသောင်းထွန်းက ဆိုပါတယ်။

"ဒေသတွင်းနိုင်ငံတွေမှာ အထူးသဖြင့် ကမ္ဘောဒီးယား
ကိစ္စကို ဖြေရှင်းတုန်းကဆိုရင် နိုင်ငံတကာ အစည်း
အဝေးတွေကို ဒေသတွင်းက နိုင်ငံတွေဖြစ်တဲ့
အင်ဒိုနီးရှားတို့ ထိုင်းတို့ကနေပြီး ဂျကာတာတို့
ဘန်ကောက်တို့မှာ ကမကထလုပ်ပြီး ကျင်းပတာတွေ
ရှိခဲ့ပါတယ်။ အဲဒီဟာတွေကို ပြန်ဖော်ထုတ်ပြီး မြန်မာ့
အရေးကိစ္စမှာလည်း မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့
အစည်းအဝေးတွေကို အဲဒီနိုင်ငံတွေမှာ ကျင်းပသင့်ပါ
တယ်။

"ဒါမှလည်း နအဖအနေနဲ့ မြန်မာပြည်အရေးနဲ့
ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးဟာ အနောက် ဒီမိုကရေစီနိုင်ငံတွေကတင် တွန်းလာ
တာမဟုတ်ဘူး၊ ဒေသတွင်းနိုင်ငံတွေ၊ သူတို့နဲ့ မိတ်ဆွေသဘောမျိုး ဆက်ဆံရေးရှိတဲ့
နိုင်ငံတွေကပါ တွန်းအားပေးလာမှု ဖြစ်တယ်ဆိုတာကို သူတို့ ပိုမြင်လာမယ်၊ သံတမန်
ရေးအရ တွန်းအားပေးမှုတွေဟာ ပိုပြီးတော့ ဟန်ချက်ညီလာမယ်၊ ပိုပြီးတော့
ထိရောက်မှုရှိလာနိုင်မယ်လို့ မြင်ပါတယ်။"

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ASEM ခေါ် အာရှ-ဥရောပ ထိပ်သီး
အစည်းအဝေးကနေ မြန်မာ့အရေးကိစ္စကို အထူးတလည် ထည့်သွင်းပြောဆိုခဲ့တဲ့
အတွက် အသိအမှတ်ပြုပေမယ့် တကယ့်လက်တွေ့လုပ်ဆောင်မှု လျော့နည်းနေတယ်
လို့ ဝေဖန်ထားပါတယ်။ ဒါပေမယ့် အရင်ကဆိုရင် ASEM အစည်းအဝေးတွေမှာ မြန်မာ
နိုင်ငံကို တက်ရောက်ခွင့်မပြုဘူး၊ ပြုရမယ်ဆိုတဲ့အပေါ် အငြင်းပွားတာတွေတောင်
ဖြစ်ခဲ့ကြဖူးပြီး အခုဆိုရင် မြန်မာ့မဟာမိတ် တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့
အစည်းအဝေးကနေ မြန်မာနိုင်ငံကိစ္စ ဘာမှမပြောတာထက်စာရင် အခုလို ထည့်သွင်း
ပြောဆိုတာက ပိုမကောင်းပါဘူးလား၊ ဒေါက်တာသောင်းထွန်းကတော့ ဒီလိုထည့်ပြော
တာကို ကြိုဆိုပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့
မူဝါဒပိုင်းမှာ အပြောင်းအရွေ့ ဖြစ်လာတာကိုတော့ သတိထားမိပါတယ်လို့ ပြောပါတယ်။

"နိုင်ငံခြားရေးပေါ်လစီဘက်မှာ တစုံတရာ တိုးတက်မှုတွေ ဖြစ်လာတယ်လို့ ကျနော်တို့
လွန်ခဲ့တဲ့ ၂ နှစ်လောက်က သတိပြုမိပါတယ်။ ဒါပေမယ့် အခု မြန်မာပြည်အရေးကိစ္စ
ဟာ လာမယ့်တနှစ် နှစ်နှစ်အတွင်း ကြီးမားတဲ့ အချိုးအကွေ့တွေ ဖြစ်မယ်ဆိုတဲ့ အနေ
အထားမှာ ကြေညာချက်တွေရဲ့ အနှစ်သာရ၊ ကြေညာချက်တွေဟာ စကားလုံးသာမန်မျှ
မဖြစ်သင့်တော့ဘဲ အဲဒီအနှစ်သာရတွေကို တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့
လုပ်ငန်းစဉ်တွေဘက် အချိန်ဇယားနဲ့ အချိန်ကာလကို ခေါင်းထဲမှာထည့်ပြီး အကောင်
အထည်ဖော်တဲ့ဟာတွေ ဖြစ်ဖို့လိုတယ်လို့ မြင်ပါတယ်။ ဒါမှလည်း မြန်မာပြည်မှာ ဒီမို
ကရေစီရေး ပြောင်းလဲမှုဟာ ကာလတိုအတွင်း အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်မယ့်
အနေအထားရှိတယ်လို့ မြင်ပါတယ်။"

ASEM အစည်းအဝေးကနေ မြန်မာ့ဒီမိုကရေစီရေးကို အားပေးတိုက်တွန်းတဲ့ ထုတ်ပြန်
ချက်မျိုး ထွက်လာပေမယ့် ဒီအစည်းအဝေးမှာပါဝင်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့လို
အစိုးရတွေဟာ မြန်မာအစိုးရနဲ့ စီးပွားကုန်သွယ်ရေးတွေ တက်တက်ကြွကြွ ပူးတွဲ
လုပ်ဆောင်နေပြီး စစ်အစိုးရ ဆက်ပြီးရှင်သန်နိုင်ရေး လိုအပ်တဲ့ အခြေခံအဆောက်
အအုံတွေမှာ ရင်းနှီးမြှုပ်နံှမှုတွေ လုပ်နေကြတာကြောင့် ဒါဟာ ASEM ရဲ့ ဒီမိုကရေစီရေး
ထုတ်ပြန်ချက်နဲ့ ရှင်းရှင်းကြီးကို ဆန့်ကျင်နေတယ်လို့ NCGUB က ထောက်ပြထားပါ
သေးတယ်။ ဒါပေမယ့် တဖက်မှာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာတွေလုပ်ပြီး
တဖက်မှာလည်း ဒီမိုကရေစီရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုပြင်ပြောင်းလဲမှု
တွေလုပ်ဖို့ တိုက်တွန်းတောင်းဆိုတာတွေ တပြိုင်တည်း မလုပ်နိုင်ပါဘူးလား၊ စီးပွား
ရေးအရ ဆက်သွယ်မှုတွေအပေါ် အခြေခံပြီး ဖြစ်လာတဲ့ နီးစပ်မှုအရ အပြုသဘော
ဆောင်တဲ့ တွန်းအားပေးတာတွေ လုပ်နိုင်တယ်ဆိုတာကိုတော့ ဒေါက်တာသောင်းထွန်း
က သဘောတူပါတယ်။ ဒါပေမယ့် ရေရှည်အမြင်နဲ့ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

"ရေတိုအမြင်နဲ့ မြန်မာပြည်က သယံဇာတ ခေါင်းပုံဖြတ်လို့ရရင် တော်လောက်ပြီဆိုပြီး
လုပ်မယ်ဆိုရင်တော့ မြန်မာပြည်ဟာ ချွတ်ခြုံကျတဲ့ နိုင်ငံတခု ဖြစ်သွားတဲ့အခါမှာ
သက်ရောက်မှုတွေက မြန်မာပြည်နယ်စပ်နဲ့တင် ရပ်နေမှာမဟုတ်ပါဘူး။ အိမ်နီးချင်း
နိုင်ငံတွေလည်း ထိခိုက်မယ်။ တဖက်မှာ စီးပွားရေး၊ သံတမန်ရေးအရ နီးစပ်တဲ့
ဆက်ဆံမှုနဲ့ အဲဒီဆက်ဆံမှု အခြေခံပေါ်မှာ မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်
ရေးပေါ်မှာ အခြေခံတဲ့ ပြောင်းလဲမှုတခု၊ ဒီမိုကရေစီပြောင်းလဲမှုတခု၊ ဒါ ဘယ်ဘက်မှ
နာစေ၊ သာစေ မဟုတ်ပါဘူး။

"တိုင်းပြည်အတွက်လည်း ပိုကောင်းလာမယ်၊ ပြည်သူလူထုအတွက်လည်း ပိုကောင်း
လာမယ်။ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း မြန်မာပြည်ဟာ သိုးမည်းတကောင်မဖြစ်
ဘဲ ဒေသတွင်း လုံခြုံရေးအတွက်ဖြစ်စေ၊ ဒေသတွင်းဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှုတွေ
မှာဖြစ်ဖြစ် ဒီ့ထက်ပိုပြီးတော့ လုပ်လာနိုင်မယ့် အနေအထားတွေ ရှိတယ်။ ဒါကြောင့်
သူတို့အနေနဲ့ နီးစပ်တဲ့ဆက်ဆံမှုအပေါ်မှာ အခြေခံပြီး ပါးစပ်နဲ့ပြောနေတာတင် မကဘဲ
နဲ့ လက်တွေ့တွန်းအားပေးမှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။ အခုထိတော့ မလုပ်
သေးတဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး အားမလိုအားမရ ဖြစ်ပါတယ်။"

အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ
ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အကယ်၍သာ အခု အဆိုပြုတင်ပြသလို ကုလသမဂ္ဂရဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ
အစည်းအဝေးတွေကို ဒေသတွင်းနိုင်ငံတွေမှာ လှည့်လည်ကျင်းပပြီး ထိထိ
ရောက်ရောက် ပါဝင်လုပ်ဆောင်ကြမယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေထက် ပိုပြီး
ထိရောက်မှုရှိလာမယ်လို့ NCGUB က ပြောပါတယ်။