၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာစစ်အစိုးရအနေနဲ့ အဓိကထား ဆောင်ရွက်ရမယ့် အချက်တွေကို အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။

စစ်အစိုးရဟာ မြန်မာပြည်ကို အာဏာနဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တာကြောင့် ဒီမိုကရေစီ အသွင်ပြောင်းလဲဖို့ အတွက် အချိန်ယူဦးမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“စစ်အစိုးရကို အရပ်ဘက် အစိုးရအဖြစ် ပြောင်းလဲဖို့က အချိန်ယူမှာဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ အခု အချိန်အထိ ပြင်ဆင်မှုတွေ မရှိသေးပါဘူး။ စစ်ပွဲကိုပဲ ပြင်ဆင်နေတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အကျဉ်းသား ၉,၀၀၀ လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆိုပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၇ ယောက်ပဲ ပါဝင်တယ်လို့ ထောက်ပြပါတယ်။ ကျန်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

မစ္စတာကင်တားနားဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြန်လွှတ်ပေးမယ်လို့ သူ့အနေနဲ့ သိပ်မမျှော်လင့်တဲ့အကြောင်းကို ပြောဆို ပါတယ်။

"လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ ကျနော် သိပ်မျှော်လင့် မထားပါဘူး။ သူဟာ မတရား ဖမ်းဆီးခံထားရတယ် ဆိုတာ စစ်အစိုးရ နားလည်လာအောင် ဘယ်လို လုပ်ရမလဲဆိုတာ ကျနော် ကြိုးစားရှာနေ
ပါတယ်။"

မစ္စတာ ကင်တားနားဟာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်အောင် ပြုလုပ်ရာမှာ ဘယ်နည်းလမ်းမှ အခုချိန်အထိ အလုပ်မဖြစ်သေးဘူးလို့ ပြောပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာပြည်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်ထောင်ထဲမှာ သွားရောက် တွေ့ဆုံခဲ့တဲ့အပြင် နာဂစ် မုန်တိုင်း ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံအားပေးခဲ့ပါတယ်။