ရေပိုက်နက် ကျူးကျော်မှု ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ သံအမတ်ကို ဆင့်ခေါ်

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ သူပိုင် ကိုယ်ပိုင် အငြင်းပွားပြီး ဆွေးနွေးဖြေရှင်းမှုတွေ မပြီးသေးတဲ့ ဘင်္ဂလား ပင်လယ်အော် နှစ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက သင်္ဘောတွေ ရောက်ရှိပြီး၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဘင်္ဂလားဒေရှ့်အစိုးရက တရားဝင် ကန့်ကွက်စာ ထုတ်ပြန်ပြီး မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို ဆင့်ခေါ်ပေးအပ်ခဲ့ပါတယ်။ မြန်မာသင်္ဘောတွေ ရှိရာ ရေပြင်ကိုလည်း ဘင်္ဂလားဒေရှ့် စစ်သင်္ဘောတွေ တစင်းကို စေလွှတ်ထားပြီး အငြင်းပွားနေတဲ့ ရေပြင်ကနေ မြန်မာ သင်္ဘောတွေ ချက်ချင်း ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးှဌာနက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဘာတွေ ဖြစ်လာနိုင်သလဲလို့ မြန်မာသံအမတ်ဟောင်း ဦးခင်မောင်ကြည်ကို ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီးငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နယ်နမိတ်အရဆိုရင် နတ်မြစ်အနီးမှာ ၃၉ ဒဿမ ၈ မိုင်ရှိတယ်။ အဲဒီ နယ်နိမိတ် ကိစ္စနဲ့ ပတ်သက်ပြီး ၁၉၈၈မှာ ဘင်္ဂလားဒေရှ့် ကုန်းပိုင်းနယ်နိမိတ် ကန့်သတ်ရေး သဘောတူချက် စာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ရန်ကုန်မြို့မှာ လက်မှတ်ထိုးပြီး အတည်ပြုခဲ့တယ်။ နတ်မြစ်ထဲမှာတော့ အငြင်းပွားမှုတွေက မကြာခဏရှိခဲ့တယ်။”

နှစ်နိုင်ငံဆက်ဆံရေးက အခုပဲ ကောင်းနေသလိုလိုနဲ့ ပြီးခဲ့တဲ့လ ကပဲ ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း အလည်သွားထားသေးတယ်။ စီးပွားရေးတွေရော ပူးပေါင်း ဆောင်ရွက်ဖို့တွေ ဆွေးနွေးခဲ့တယ်။ အခု ဒီကိစ္စ ဖြစ်တယ်ဆိုတော့ ဘယ်လိုများ မြင်ပါသလဲ။ ဘာတွေ ဆက်ဖြစ်နိုင်သလဲ။

“ဗမာပြည်မှာ ရခိုင်ကမ်းလွန်ဒေသမှာ သဘာ၀ ဓာတ်ငွေ့တွေ တွေ့နေတဲ့ အခါ ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း သူတို့အနေနဲ့လည်း ခံစားချင်တဲ့ ပြဿနာရှိတယ်။ ကြာလာရင်တော့ ကြီးကျယ်လာမယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဗမာ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိထောက်လွှာ၊ ကန့်ကွက်လွှာတခု ပေးတယ်ဆိုတာက သံတမံ နည်းလမ်းမှာ ပထမဆုံး အဆင့် နည်းလမ်းပဲ။ သံတမံ အနေနဲ့ အဆက်အသွယ် ဖြတ်တောက်လာနိုင်တယ်။ ရန်သူသဘောမျိုး ဆက်ဆံလာနိုင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ အငြင်းပွားပြီး တိုက်တာခိုက်တာတွေ ဖြစ်လာနိုင်တယ်။ အခုက ပြဿနာ အစပျိုးတာပေါ့။ သံအမတ်ကို ခေါ်ပြီး ပြောတာဆိုတာ ကန့်ကွက်တာမျိုးက ကျွန်တော်တို့ မကြားခဲ့ဘူးပါဘူး။
ဒါဟာ ပထမဆုံး အကြိမ် ဖြစ်တယ်ဆိုတော့ မကောင်းတဲ့ လက္ခဏာပေါ့။”

၁၉၇၀ခုနှစ်တွေ ကုန်ခါနီးက ဖြစ်ခဲ့ဘူးတဲ့ ပြဿနာလေးလည်း မှတ်မိရင် ပြောပြပေးပါ။ နဂါးမင်း စစ်ဆင်ရေးဆိုပြီး ဒီဘက်ကနေ လုပ်ခဲ့တာတွေကိုပေါ့။

“အဲဒီတုန်းက ၁၉၇၉ခုနှစ်၊ မြန်မာပြည်မှာ နှစ်ကာလကြာမြင့်စွာနေလာတဲ့ ဘင်ဂါလီလူမျိုးတွေကို သွားပြီး နဂါးမင်း စစ်ဆင်ရေးဆိုပြီး မှတ်ပုံတင်တွေ စစ်ဆေးတော့ သူတို့က ဟိုဘက်နိုင်ငံကို ထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ ဘင်္ဂလားဒေရှ့်အစိုးရကလည်း မခံဘူး။ သူတို့က စစ်သဘောၤတွေနဲ့ နတ်မြစ်ဘက်ကို စစ်ဆင်ရေး စစ်ချီလာတော့ ဦးနေဝင်းလည်း ကြောက်လန့်ပြီးတော့ အလျော့ပေးလိုက်တဲ့ပုံတွေ့ရတယ်။ သူတို့လည်း ဘာပဲပြောပြော ဗမာပြည်တွင်းမှာလည်း နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေ မျိုးစုံတွေရှိတယ်။ အဲဒီ ပြဿနာတွေကို ဟိုဥစ္စာဖြစ်အောင်လဲ တမျိုး။ သူတို့ လောဘရမက်တွေ ကြီးပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာ ရှိသမျှ ရတနာသိုက်ကို သူတို့ အပိုင်စီးတာက တမျိုး။ ဖြစ်တာကတော့ ဗမာအစိုးရရဲ့ ရမက်ကြီးတာကြောင့် ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။”

ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုမရှိဘူး၊ ပြည်တွင်းမှာ မိမိကို ပြည်သူလူထုက ထောက်ခံမှု ကျဆင်းလာတဲ့အခါ အိမ်နီးနားချင်းနိုင်ငံတခုနဲ့ ပြဿနာ ရှာပြီး ပြည်သူလူထုကို အာရုံလွှဲတယ်ဆိုတဲ့ သဘောလား။

“ဒါမျိုးတွေက လုပ်ကို လုပ်လာတာ ကျွန်တော်တို့ တွေ့လာတာပဲ။ ပြဿနာ ပေါ်လာတိုင်း သူဟာ တိုင်းသူပြည်သားကို ဘယ်လိုလုပ် ပြန်ထိန်းရမလဲဆိုတာ သူရဲ့ နည်းဗျူဟာတခုကတော့ အနီးအနားနိုင်ငံတခုနဲ့ ပြဿနာ လုပ်တယ်။ တရုတ်-မြန်မာ အရေးအခင်းကို သူတို့ ဖန်တီးခဲ့တာဟာ ၁၉၆၇ခု ပတ်ဝန်ကျင် ဆန်ပြဿနာတွေ၊ အငတ်ဘေးတွေ ကြုံလာရတော့ တရုတ်တွေနဲ့ ပြဿနာလုပ်တယ်။ သူတို့မှာ အမှန်တော့ အင်အားမရှိဘူး။ လောလောဆယ် တိုင်းသူပြည်သားတွေ မျိုးချစ်စိတ်တွေ ထက်သန်ပြီး ကိုယ့်ဗမာအစိုးရဘက်က လိုက်အောင်ဆိုပြီး လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့မှ သူတို့က ဟိုဘက်အစိုးရကို တောင်းပန်ချင် တောင်းပန်လိုက်တာ။ မရဲဘဲနဲ့ ကျွဲပြဲစီးတဲ့ အကျင့်ကတော့ ဗမာအစိုးရမှာ ရှိတယ်။”