နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက်ချမှတ်

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်
နေချိန်မှာပဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ် ဆက်လက်ချမှတ်
နေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀ လောက်ကို
ရန်ကုန်မြို့မှာ သူတို့ကိုစစ်ဆေးနေတဲ့ တရားခွင်တွေကနေ ဒီကနေ့ ဆက်လက်ပြီး
ထောင်ဒဏ် ၂ နှစ်ကနေ ၁၁ နှစ် ကျော်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရုံးတင်စစ်ဆေးနေတဲ့ ရန်ကုန်မြို့ အင်းစိန်
ထောင်တွင်း အထူးတရားခွင်တွေနဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ တရားရုံးတွေက ဒီမို
ကရေစီရေးလှုပ်ရှားသူ အနည်းဆုံး လူပေါင်း ၂၀ လောက်ကို ထောင်ဒဏ်ပြစ်ဒဏ်တွေ
ဆက်လက်ချမှတ်ခဲ့တာပါ။ အခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ပြီးခဲ့တဲ့
နှစ်ထဲတုန်းက ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့
ကြွချီပွဲတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသူတွေ ဖြစ်ကြပြီးတော့ ဒီအထဲမှာ
၈၈ မျိုးဆက်ကျောင်းသားတွေ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) အဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့လည်း
ပါဝင်ခဲ့ကြတာပါ။

သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစု
လူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအဝင် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်လိုက်တာလည်း ဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တရားခွင်တွေ
ကို စောင့်ကြည့်နေတဲ့ ရန်ကုန်မြို့က လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်လေးက
အခုလို ပြောပြပါတယ်။

"ဒီနေ့ လှိုင်သာယာရုံးကနေ အင်းစိန် ထောင်တွင်းတရားရုံး၊ ဘူးရုံးကို ရွှေ့လိုက်တဲ့
၁၁ ယောက်၊ ရန်နိုင်ထွန်း၊ မီးသွေးခေါ် အောင်မင်းနိုင်၊ သန့်စင်မျိုး၊ ဦးတင်ယု၊
ကျော်စိုးဝင်း၊ ဆန်းဝင်း၊ ကိုမျိုးကျော်ခင်၊ ကိုဝင်းမြင့်၊ ကိုဆန်းနိုင်၊ စိုးမင်းမင်းခေါ်
စိုးငယ်၊ မလှလှမော်၊ အဲဒီ ၁၁ ယောက်ကို ထောင် ၇ နှစ်ခွဲ၊ အင်းစိန်အထူး ဘူးရုံးထဲက
ချလိုက်တယ်။ ပုဒ်မတွေက ၁၄၃၊ ၁၄၅၊ ၁၅၇၊ ၅၀၅(ခ)။ နောက်တခါ ကိုမျိုးခိုင်ကို
၆ နှစ်ခွဲ ချလိုက်ပါတယ်။ ဒါလည်း အနောက်ပိုင်းခရိုင်တရားရုံး၊ တာမွေကပါပဲ။ ပုဒ်မက
၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)။ အဲဒီပုဒ်မတွေနဲ့ ချလိုက်တယ်။

"နောက်တခါ အလုံမြို့နယ် တရားရုံးကနေ မမြတ်မြတ်သိမ့်ကို ထောင်ဒဏ် ၅ နှစ်
ချလိုက်တယ်။ အင်းစိန်ဘူးရုံးထဲမှာ ဒီနေ့ချလိုက်တဲ့ ကိုမင်းဟန်ကို ထောင်ဒဏ် ၁၁ နှစ်
ချလိုက်ပါတယ်။ ပုဒ်မက ၁၄၃၊ ၁၅၄၊ ၁၄၇၊ ၁၅၂၊ ၂၉၅၊ ၅၀၅(ခ)။ အဲဒီပုဒ်မတွေနဲ့
ချလိုက်တယ်။ လောလောဆယ်မှာ အမြင့်ဆုံးပါပဲ။ နောက်တခါ ကိုမျိုးရန်နောင်သိန်း၊
၂ နှစ်၊ ၅၀၅(ခ)။ ကိုမင်းမင်းစိုး ၅၀၅(ခ) နဲ့ ၂ နှစ်။ ဒါ အခုလက်ရှိ ချထားတဲ့ဟာ။ စာရင်း
အရ လက်ရှိ ၁၉ ယောက် သိထားတယ်။"

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေထဲမှာ အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာ
ရေးမကောင်းသူတွေလည်း ပါဝင်နေတာပါ။ အခုနောက်ဆုံး ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ
ချမှတ်ခံခဲ့ရတဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သူ ဦးတင်ယုဟာဆိုရင်လည်း ကျန်းမာ
ရေးယိုယွင်းနေသူတဦး ဖြစ်တယ်လို့ ဒီကနေ့ စီရင်ချက်ချမှတ်တာကို သွားရောက်စုံစမ်း
ခဲ့တဲ့ သမီးဖြစ်သူ မသင်းသင်းယုက ပြောပါတယ်။

"ဒီနေ့ အမိန့်ချမယ်ဆိုတာသိလို့ ကျမသွားတော့ ကျမကို မောင်းထုတ်တယ်။ အဲဒီ
ထိပ်ကလူက။ ဝင်လို့မရဘူးဆိုပြီး မောင်းထုတ်တယ်။ အဲဒါနဲ့ ဒီအပေါက်ဝကပဲ ကျမ
အဖေကို စောင့်နေလိုက်တယ်။ ဂိတ်ပေါက်ကလူကိုတော့ ကျမအဖေ လှိုင်သာယာ
၁၁ ယောက်အဖွဲ့ ဒီနေ့အမိန့်ချမယ်ဆိုတာသိလို့ ကျမတို့လာတာ၊ ဘယ်နှစ်နှစ်လဲဆိုတာ
ကျမတို့သိချင်တယ်၊ အစ်ကိုကြီးတို့ စုံစမ်းပေးပါဆိုပြီး မေးလိုက်တော့ စုံစမ်းပေးတယ်။
အမိန့်ကို ၇ နှစ်ခွဲဆိုပြီးချလိုက်တယ်။

"ကျမအဖေက ရောဂါနဲ့ဆိုတော့ ကျမကတော့ စိုးရိမ်တယ်။ အဖေ့မှာ အစာအိမ်ရောဂါ၊
သွေးတိုးရောဂါရှိတယ်။ ဟိုတပတ် စနေနေ့က ထောင်ဝင်စာသွားတွေ့တဲ့အချိန်မှာ
အဖေ့မျက်နှာဆို အမ်းနေတာပဲ။ ကျမက အဖေ သွေးတွေတိုးနေတယ်၊ အဖေ မတင်ပြ
ဘူးလားမေးတော့ တင်ပြတယ်၊ အဖေ့ကို ဘာမှလာမလုပ်ပေးသေးဘူးလို့ ပြောတယ်။"

အခုနောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ နေရာမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာ
တော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရတဲ့
ကျောင်းသားလူငယ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီကနေ့ ထောင်ဒဏ် ၉ နှစ်နဲ့
၆ လအထိ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်က ဥပဒေနောက်ဆုံး
နှစ်ကျောင်းသူ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦးကတော့ ဒီလို နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှတ်နေတာတွေဟာ တရားမျှတမှု ကင်းမဲ့နေတယ်လို့
သူထင်မြင်ကြောင်း ပြောပါတယ်။

"တရားစီရင်ရေးနဲ့ပတ်သက်လို့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဟာတွေက အပြစ်
ဒဏ်တောင် ပေးဖို့မလိုတဲ့ကိစ္စတွေလို့ ကျနော်ကတော့မြင်တယ်။ အဖွဲ့အစည်း
လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်တော့ ရှိရမှာပဲလေဗျာ၊ ကျနော်တို့သိထားတာ။ ဒါ အဲဒီ
အဖွဲ့အစည်းက ဘာမှမလုပ်ဘူး၊ တိုင်းပြည်ကို ဘာမှမထိခိုက်ဘူးဆိုရင် အပြစ်ဒဏ်ချ
စရာမှ မလိုဘဲဗျာ။

"ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော့်ရဲ့အတွေးလေးတခုကတော့၊ ဒါကတော့ သမီးရယ်မဟုတ်
ဘူး၊ အားလုံးပါပဲ၊ နိုင်ငံကျော် စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့တဲ့ စကား
လေးကိုပဲ ကျနော်ပြောချင်ပါတယ်။ လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်း
ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ
ဘယ်လောက်သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းရမှာပဲတဲ့။ ကျနော့်သမီး
ကလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်ဗျာ။

"ဒီစီရင်ချက်နဲ့ပတ်သက်လို့ကတော့ဗျာ ကျနော် ခံစားချက်အရပြောရရင် သူ့ရှေ့က
နောင်တော်တွေ၊ အစ်မတော်တွေဖြစ်တဲ့ လူတွေတောင်မှ ၆၅ နှစ်တို့ ဘာတို့ နှစ်ကို
ရာနဲ့ချီချဖို့ အစီအစဉ်တွေ ရှိနေတဲ့အချိန်မှာ ကျနော့်သမီးချခံရတဲ့ ပြစ်ဒဏ်က ဘာမှ
မရှိဘူးလို့ ခံစားရတယ်ပေါ့ဗျာ။"

ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ အပြစ်ပေးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်က ဥပဒေနောက်ဆုံးနှစ်
ကျောင်းသူ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦး ပြောပြသွားတာဖြစ်ပါတယ်။

အခုလို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတွေကနေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
ထောင်ဒဏ်တွေ ဆက်တိုက်ဆိုသလို ချမှတ်နေတဲ့နေရာမှာ မကြာသေးခင်က တရား
ခွင်ကို မထေမဲ့မြင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၆ လ အပြစ်ပေးခံခဲ့ရပြီး
ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ထားတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ၉ ဦးရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ မိသားစုဝင်
တွေလည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေတဲ့အတွက် တစုံတရာတော့ မသိရသေးပါဘူး။