မီရှယ် အိုဘားမား ဘဝကောက်ကြောင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် လွှတ်တော်အမတ် ဘရက်ခ် အိုဘားမားက အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ မစ္စတာ အိုဘားမားနဲ့ အတူ မစ်ရှဲလ် အိုဘားမား၊ မလီရာနဲ့ စရှာ သမီး နှစ်ယောက်ဟာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၀ရက်မှာ အမေရိကန် ပြည်ထောင်စုရဲ့ ဂုဏ်သက္ခာ အရှိဆုံး အိမ်ဖြစ်တဲ့ အိမ်ဖြူတော်ကို ရွှေ့ပြောင်းတော့မှာ ဖြစ်ပါတယ်။

သမ္မတကတော် ဖြစ်လာမယ့် မစ်ရှဲလ် အိုဘားမားက သူ့အတွက် ဒါဟာ သူဖြတ်ကျော်ခဲ့တဲ့ အတားအဆီးတွေထဲက နောက်ဆုံး အတားအဆီး ဖြစ်တယ်လို့ ဆိုပါတယ်။

ငယ်စဉ်တုန်းက ချီကာဂိုမှာ သူနဲ့ သူ့မိသားစုဟာ လူဖြူ ရပ်ကွက်တခုကို ရွေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ သမ္မတ ကတော် ဖြစ်လာတော့မယ့် မစ္စက် အိုးဘားမားရဲ့ ကိုယ်ရေးရာဇဝင်ကို လီဇာ မန်ဒီက ရေးထားပြီးပါပြီ။ လူဖြူတွေဟာ မစ်ရှဲလ်တို့ မိသားစုကို ကြိုဆိုခြင်း မရှိပါဘူးလို့ ဆိုပါတယ်။

“ငယ်စဉ် အရွယ်မှာ သူ ပထမဆုံး အကြိမ် ကြုံတွေ့ရတဲ့ အတွေ့အကြုံထဲမှာ သူ့မိသားစုရဲ့ ပြေလည်တဲ့ စီးပွားရေး အခြေအနေပဲ ဖြစ်ပါလိမ့်မယ်။ ရပ်ကွက် ကောင်းကောင်းမှာ နေရတယ်။ အိမ်ကောင်းကောင်း ရှိတယ်။ ဒါပေမယ့် လူဖြူ မိသားစုတွေဟာ သူတို့အနားကနေ ရွှေ့ပြောင်းကုန်ကြတယ်ဆိုတဲ့ အချက်ကလည်း သူ ကြုံတွေ့ရတာထဲက တခုဖြစ်ပါတယ်။”

နောက်ပိုင်းမှာတော့ ဂုဏ်သတင်းမွှေးလှတဲ့ ပရင့်စတင် တက္ကသိုလ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ အာဖရိကန် အနွယ် အမေရိကန် လူမျိုးထဲမှာ မစ်ရှဲလ်ဟာ တဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။ အဲဒီကတဆင့် ဟားဗက် ဥပဒေ ကျောင်းကို သွားခဲ့ပြီး ချီကာဂိုရဲ့ ထိပ်တန်း ဥပဒေ လုပ်ငန်းတခုမှာ ဝင်ရောက်လုပ်ကိုင်နေရာက ခင်ပွန်းလောင်း အိုဘားမားကို တွေ့ခဲ့တာဖြစ်ပါတယ်။

သူနဲ့ သူမိသားစုဟာ စံပြဖြစ်လာမယ်ဆိုတာကို မစ္စက် အိုဘားမားက နားလည်ထားပါတယ်။

“အရေးပါတဲ့ နေရာတွေကို မရောက်ဖူးသေးတဲ့ ယောက်ကျ်ားလေးများနဲ့ မိန်းကလေးများ အထူးသဖြင့် အသားအရောင် ကွဲပြားတဲ့ ကလေးတွေကို ကျမတို့ အောင်မြင်မှုက စံနမူနာ အဖြစ် ပြမှာ ဖြစ်ပါတယ်။”

အထ္ထုပ္ပတိ ရေးသားသူ လီဇာ မန်ဒီက အိုးဘားမားတို့ မိသားစုက လူမျိုးရေး အမြင် ကျဉ်းမြောင်းသူတွေကိုလည်း အမြင်ကျယ်လာစေမယ်လို့ ဆိုပါတယ်။

“အာဖရိက အနွယ်ဝင် အမေရိကန်လူမျိုးတွေအပေါ် ထားရှိတဲ့ အမေရိကန်တွေရဲ့ ပုံစံကျနေတဲ့ အမြင်တွေဟာ ပြောင်းလဲလာပြီး သမားရိုးကျ အတွေးအခေါ်တွေကို ပယ်ပျက်သွားစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

မဲဆွယ် စည်းရုံးရေး ကာလတွေမှာတုန်းက မစ်ရှဲလ် အိုးဘားမားက သူ့ခင်ပွန်းရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“ကျမရဲ့ လူကြီးဘဝမှာ ကျမတိုင်းပြည်ကို ပထမဆုံးအကြိမ် ဂုဏ်ယူမိပါတယ်။”

သူ့ရဲ့ မျိုးချစ်စိတ် အပေါ် အဝေဖန်ခံရပြီးတဲ့ နောက်မှာတော့ မစ္စက် အိုးဘားမားရဲ့ဟာ မဲဆွယ် စည်းရုံးရေးတွေမှာ သိုသိုသိပ်သိပ် နေထိုင်ခဲ့ပါတယ်။

သမ္မတ ကတော်ဟာ အိုးဘားမား အစိုးရအဖွဲ့ အပေါ် တိုက်ရိုက် လွှမ်းမိုးမှုတွေ ရှိမှာ မဟုတ်ဘူးလို့ လီဇာ မန်ဒီက ဆိုပါတယ်။ ဒါပေမယ့် ဝန်ထမ်း မိသားစုတွေ၊ အထူးသဖြင့် စစ်တပ်က မိသားစုတွေအတွက် အရေးထား လုပ်ဆောင်သွားကောင်း သွားပါလိမ့်မယ်။


မစ္စက် အိုဘားမားရဲ့ တကယ့် ဝါသနာက သူ့ရဲ့ သမီးတွေကို ပြုစုပျိုးထောင်ခြင်းပဲ ဖြစ်တယ်လို့ အနီးကပ်ဆုံး သူငယ်ချင်းဖြစ်တဲ့ အင်ဂျယ်လာ အပ်ကရီက ပြောပါတယ်။

“မစ်ရှဲလ်ဟာ ဘယ်ဟာက အရေးအကြီးဆုံးလဲဆိုတဲ့ အပေါ် သူ့ကိုယ်သူ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ အခု အချိန်မှာတော့ သမီးတွေကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကလေးတွေ သက်တောင့်သက်သာရှိမယ်၊ အန္တာရယ်ကင်းမယ်၊ ပျော်ရွှင်စေပါမယ်။”

မစ္စက် အိုးဘားမားမှာ သူ့ရဲ့ ကိုယ်ပိုင် အလုပ်ရှိပေမယ့် ရိုးရာအခန်းကဏ္ဍတခု ဖြစ်တဲ့ အိမ်ထောင်ရှင်မနဲ့ မိခင် အဖြစ်နဲ့သာ ပျော်မွှေ့ကြည်နူးပုံရှိကြောင်း တင်ပြလိုက်ပါတယ်ရှင်။