အမေရိကန်စီးပွားရေး ကျဆင်းမှုအခြေအနေ တဖြည်းဖြည်း ဆိုးရွားလာနေတာကို ဦးစားပေး လုပ်ဆောင်ရမယ့်အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခံခဲ့ထားရတဲ့ Barak Obama ဟာ သူ့အစိုးရရဲ့ စီးပွားရေး အဖွဲ့ကို လာမယ့် ဒီကနေ့ ကျင်းပမယ့် သတင်းစာ ရှင်းလင်းပွဲမှာ ကြေငြာဖို့ ရှိပါတယ်။ ဇန်နဝါရီလမှာ အစိုးရသစ် စတင် တာဝန်ယူတဲ့ အချိန်ကစပြီး စီးပွားရေးအတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ချက်ချင်း လုပ်ဆောင်ဖို့ အိုဘားမားနဲ့ သူ့ရဲ့ လက်ထောက်တွေက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင် နေကြတဲ့အကြောင်း ဝါရှင်တန်ကနေ ဗီအိုအေ သတင်းထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။
အမေရိကန် စီးပွားရေး ပြန်လည် ဦးမော့လာဖို့အတွက် သူ့အနေနဲ့ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ စီမံကိန်းကြီးတွေနဲ့ အစားထိုး လောင်စာဆီ ထုတ်လုပ်ရေး ဆိုင်ရာ လုပ်ငန်းသစ်တွေ စတင် လုပ်ဆောင်ပြီး သန်းနဲ့ချီတဲ့ အလုပ်သစ်တွေ တီထွင်ပေးဖို့ ပြင်ဆင် နေတဲ့အကြောင်း စနေနေ့တုန်းက တိုင်းပြည်ကို ပြေကြားတဲ့ ရေဒီယို မိန့်ခွန်းထဲမှာ အိုဘားမားက ထည့်သွင်း ပြောကြား သွားပါတယ်။ ဒါ့အပြင် အလယ်အလတ် ဝင်ငွေရှိသူတွေနဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင် တွေကို အခွန်ငွေ ကောက်ခံမှုတွေ လျော့ချပေးမယ့် အကြောင်းလည်း အိုဘားမားက ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲကာလတုန်းက အိုဘားမား မဲစွယ် စည်းရုံးမှုအဖွဲ့ရဲ့ မဟာဗြူဟာတွေကို ချမှတ် လုပ်ဆောင်ခဲ့သူလည်းဖြစ်၊ သမ္မ အိုဘားမားရဲ့ အဆင့်မြင့် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်လာမယ့် David Axelrod က Fox ရုပ်မြင်သံကြား တနင်္ဂနွေ ဆွေးနွေးခန်း အစီအစဉ်မှာ အခုလို ပြောကြားခဲ့ပါတယ်။
“ ရေတိုမှာ ကျနော်တို့ လုပ်ချင်တဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ သက်သက်မဟုတ်ပဲ ရေရှည် စီးပွားရေး စီမံကိန်းတွေ ချမှတ် အကောင်အထည် ဖော်နိုင်ဖို့အတွက် ဇန်နဝါရီလမှာ ကျနော်တို့ စတင် လုပ်ဆောင်မယ့် စီးပွားရေး စီမံကိန်းက လက်ရှိကျနော်တို့ ရင်ဆိုင်နေရတဲ့ ဧရာမ ပြဿနာကြီးကို ကျော်လွှားနိုင်မယ့် စီမံကိန်းဖြစ်ဖို့ လိုပါတယ်။ ကွန်ဂရက် လွှတ်တော်အနေနဲ့လည်း ဇန်နဝါရီလမှာ သူတို့ တာဝန် စယူပြီးပြီးချင်းပဲ လုပ်စရာရှိတာတွေကို အမြန်ဆုံး စတင် အကောင်အထည် ဖော်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ အချိန် သိပ်မရှိတော့ဘူး။ “
တိုင်းပြည်စီးပွားရေး ယုတ်လျော့လာနေတဲ့အပြင် အလုပ်လက်မဲ့ ဦးရေကလည်း တဖြည်းဖြည်း များလာနေတာကြောင့် အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက် ဇောက်ထိုး မိုးမျှော် ဖြစ်နေတာကို ပြန်တည့်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်ဖို့ အိုဘားမားက ယုံကြည်ထားတာပါ။
စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အစိုးရက အသုံးပြုမယ့် ကယ်တင်ရေး ငွေပမာဏဟာ ရွေးကောက်ပွဲ ကာလအတွင်း အိုဘားမား ထင်ထားတာထက် အတော်လေး များနေတဲ့အကြောင်း ရွေးကောက်ခံ သမ္မ အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Austan Goolsbee က CBS ရုပ်မြင်သံကြား အစီအစဉ်မှာ ပြောခဲ့ပါတယ်။
“ စီးပွားရေး ကယ်တင်ရေးအစီအစဉ်က အတော် ကြီးဖို့လိုတယ်ဗျ။ ရွေးကောက်ပွဲ ကာလတုန်း အိုဘားမား တွက်ထားခဲ့တာက ၁၇၅ ဘီလီယံလောက် ရှိတယ်၊ ဒါပေမယ့် အဲဒီအချိန်ကစပြီး စီးပွားရေး အခြေအနေက အတော်လေး ဆိုးလာခဲ့တယ်လေ။ ကျနော်တို့အနေနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်းနှီး မြုပ်နှံဖို့ လိုတယ်၊ နောက် သာမှန် အမေရိကန် နိုင်ငံသားတွေ သက်သာရာ သက်သာကြောင်း ကျနော်တို့ ပြုလုပ်ပေးဖို့ လိုတယ်၊ အဲဒါကလည်း ၉၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါတွေအားလုံး စီးပွားရေး ကယ်တင်ရေး အစီအစဉ်ထဲမှာ ပါမှာပါ။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်ဦးရေ အများစု အနိုင်ရခဲ့တာကြောင့် အိုဘားမားရဲ့ စီးပွားရေးမူဝါဒ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်တွေ အောင်မြင်ဖို့ အလားအလာက ပိုများနေပါတယ်။ ဒီအတောအတွင်း မကြာခင်မှာ သက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတဘုရှ် အစိုးရကလည်း စိတ်စေတနာကောင်းထားပြီး အလုပ်ပြုတ်သူတွေ သက်သာရာ သက်သာကြောင်းဖြစ်စေမယ့် အလုပ်လက်မယ့် ထောက်ပံ့ရေး အစီအစဉ်ကို သက်တမ်းတိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် မကြာခင် လအနည်းငယ် အတွင်း ဒေဝါလီ ခံရကိန်းရှိတဲ့ အမေရိကန် ကားကုမ္ပဏီတွေကို ဘယ်လို ကယ်တင်မလဲဆိုတဲ့ အပေါ်မှာတော့ အခုချိန်ထိ သဘောတူညီမှု မရရှိနိုင်ကြသေးပါဘူး။
ဇန်နဝါရီလမှာ အိုဘားမားအစိုးရ အာဏာ လွဲပြောင်းယူပြီး နောက်ပိုင်း အိုဘားမားအစိုးရက တင်သွင်းလာမယ့် စီးပွားရေး ကယ်တင်ရေးဆိုင်ရာ အဆိုပြုချက် မူကြမ်းကို သူတို့အနေနဲ့ မဲခွဲဆုံးဖြတ်ပြီး ဥပဒေအဖြစ် အတည်ပြု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက ပြောပါတယ်။
အိုဘားမားကလည်း သူ့ရဲ့ သမ္မတသက်တမ်းတလျှောက် ပါတီ ၂ ခုစလုံးနဲ့ သဟဇာတ မျှမျှတတ ပူးပေါင်း လုပ်ဆောင်ပြီး အများသဘောတူ နိုင်ဆောင် လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။ စီးပွားရေး ကယ်တင်ရေးဆိုင်ရာ မူဝါဒနဲ့ပတ်သက်ရင် ရီပတ်ဘလီကန် ပါတီဖက်ကလည်း သူတို့အစီအစဉ်နဲ့ သူတို့ ရှိထား ပြီးသားပါ၊ ဥပမာ သမ္မတဘုရှ် အစိုးရလက်ထဲမှာ ချမှတ်ခဲ့တဲ့ အခွန်ငွေကောက်ခံမှု လျော့ချရေး အစီအစဉ်ကို သက်တမ်း တိုးလိုတဲ့ ကိစ္စလိုမျိုးပါ။ ဒါပေမယ့် အဲဒီအထဲက တချို့ ကို ဖျက်သိမ်းဖြစ်ဖို့ အိုဘားမားက လိုလားနေပါတယ်။
ဒီအတောအတွင်း ဗဟိုဘဏ်အရာရှိတဦးဖြစ်တဲ့ Tim Gaitner ကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ဖို့နဲ့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူး Bill Richardson ကို ကုန်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အိုဘားမားက စီစဉ်နေတဲ့ အမေရိကန် မီဒီယာ တော်တော်များများမှာ ရေးသား ပြောဆိုနေကြပါတယ်။ ဒါ့အပြင် အရင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Lawrence Summers ကို အိမ်ဖြူတော်ရဲ့ စီးပွားရေးအကြံပေး အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ် လို့လည်း ဆိုပါတယ်။ သူ့ရဲ့ ပြိုင်ဖက်ဟောင်း နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် Hillary Clinton ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်မယ်လို့ အကျယ်တဝင့် ပြောဆို နေကြပေမယ့် တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။