နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေ
ဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံ
ထားရတဲ့ မဂ္ဂင်ကျောင်းတိုက်ရဲ့ ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း
Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦး
ကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ
အခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက
နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစု
တွေနဲ့ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ
လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း
ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊
အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ်
အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ်
ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍဝံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း
အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊
ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊
အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊
ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်
လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ်
ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ
သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး
ကုန်ဈေးနှုန်းကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ
ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေ
အားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်း
အရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ
ဆက်ပြီးရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ်
ကို ၈ နှစ်စီချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့
ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ
တကာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိ
ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အေအေပီပီအဖွဲ့က
ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စာရင်း
ဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက
ထောင်ဘယ်လောက်ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့
စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ
ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ
ခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက်
အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူဆောင်ရွက်နိုင်အောင်
တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေ
ပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း
ပူးတွဲကြေညာချက်တစောင် ထွက်လာတာရှိပါတယ်။"

မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့
ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲ
တွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ်ဆိုတာကို
အတိအကျ စုံစမ်းလို့မရတဲ့အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ
ဖြစ်နေကြပါတယ်။