မွမ်ဘိုင်းအကြမ်းဖက်မှု ဓားစာခံတချို့ ကျန်နေဆဲ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ က အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့ ဟိုတယ်တွေ နဲ့ တခြားနေရာတွေမှာ ကျန်နေတဲ့ အကြမ်းဖက်သမား တွေကို အိန္ဒိယ ကွန်မန်ဒို တွေက သုတ်သင် ရှင်းလင်းပစ်ဖို့ ကြိုးစားနေပါတယ်။ အခုချိန်ထိတော့ သေဆုံးသူဦးရေ ဟာ အနည်းဆုံး ၁၄၉ လောက်ရှိပြီး ၃၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Steve Herman နယူးဒေလီ တောင်အာရှဗြူရို ကနေ သတင်းပေးပို့ထားတာနဲ့အတူ ကိုဇော်ဝင်းလှိုင်က အိန္ဒိယနိုင်ငံက နောက်ဆုံးအခြေအနေတွေကို စုစည်း တင်ပြထားပါတယ်။

နောက်ဆုံး ကျန်ရှိနေတဲ့ ဓားစာခံတွေ လွတ်မြောက်ဖို့အတွက် အလောတကြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အခု သောင်းကျန်းသူတွေ သိမ်းပိုက်ထားတဲ့ Taj Palace Hotel ရှေ့ မှာ ကြည်းတပ် ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် Noble Thamburaj က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုချိန်ထိတော့ Taj ဟိုတယ်ထဲမှာ အကြမ်းဖက်သမားတယောက် က ဓါးစာခံတွေကို ဆက်ပြီး ထိန်းသိမ်းထားတုန်းပဲလို့ ဗိုလ်ချုပ် Noble က ပြောပါတယ်။ တခြား ဟိုတယ်တခုဖြစ်တဲ့ Trident Oberoi ကိုတော့ အခုချိန်မှာ အိန္ဒိယ ကွန်မန်ဒို တွေက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

အခုလို လူစည်ကားပြီး အရေးပါတဲ့ နေရာတွေကို ဝင်ရောက်သိမ်းပိုက်ပြီး လူတွေကို သတ်ဖြတ်ဖို့အတွက် အကြမ်းဖက်သမားတွေ ဟာ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ပုံ ရတယ်လို့ အိန္ဒိယ သိပ္ပံရေးရာဝန်ကြီး Kapil Sibal က ပြောပါတယ်။

“သူတို့က Taj နဲ့ Trident Oberoi ဟိုတယ်တွေမှာ အသေးစိတ် ညွန်ကြားနိုင်တဲ့ အခန်းတွေ ကြိုတင် စီစဉ်ထားခဲ့တာဗျ။ သူတို့က ဒီစစ်ဆင်ရေးကို အဲဒီအထဲကနေပဲ စီစဉ် ညွန်ကြားနေကြတာလေ။ ဒါကြောင့် ဒီကိစ္စကို သူတို့ လွန်ခဲ့တဲ့ လ အတန်ကြာ ကတည်းက စီစဉ်ခဲ့ကြတယ် ဆိုတာ သိသာပါတယ်။”

အခုနောက်ဆုံး မွန်ဘိုင်းမြို့ က နောက်ဆုံး အခြေအနေတွေ ဘယ်လိုရှိသလဲလို့ မွန်ဘိုင်းမြို့ ခံ တဦးဖြစ်တဲ့ ဦးခင်ဝင်းကို မေးကြည့်တော့ သူက အခုလို စပြောပါတယ်။

“Taj နဲ့ Oberoi နေရာတွေမှာ ရဲ နဲ့ ရန်သူတွေနဲ့ ပြဿနာ ဖြစ်နေတယ်။”

အခုထိ ဖြစ်နေတုန်းပဲလား။ -

“အခုထိ ဖြစ်နေတုန်းပဲ။ ဒီနေ့ ထပ်ပြီးတော့ ဖြစ်တယ်။ ဟိုက လူတွေကို ထပ်ပြီးတော သတ်တယ်။”

အသစ်ထပ်ပြီးတော့ ပစ်ကြ ခတ်ကြတယ်ပေါ့။ -

“အသစ် က ဟိုတယ်မှာ ကျန်တဲ့ကောင်းတွေက ရဲတွေကို ပြန်ပြန် ပစ်နေတယ်။ စစ်သားတွေ ကွန်မန်ဒို တွေကို ပြန်ပြန် ပစ်နေတယ်။ ဒီနေ့ ဘုံဘေ ဝီတီ စတေရှင် ဆိုတာ သိတယ် မဟုတ်လား။ အဲဒီဘူတာ မှာ ပြန်ပြီး ခရီးသည်တွေကို ပြန်ဝင် ပစ်တယ်။”

ဘူတာမှာ လူတွေ ထပ်သေ သေးလား။ -

“မနေ့က သတင်းအရတော့ လူ ၁၀၀ ကျော် သေတယ်။ ဒီနေ့ အခု တီဗွီမှာ ပြနေတာတွေကို အစိုးရက ပိတ်လိုက်တယ်။ ပစ်ခတ်နေတာတွေကို မပြရဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်သူတွေကလည်း ဟိုဘက်ကနေ ကြည့်နေတော့ သူတို့က ဘာလုပ်နေလဲ။ ဘယ်လို စစ်ဆင်ရေးတွေ လုပ်နေလဲ ဆိုတာ အားလုံးသိနေကြတယ်။”

ဒီနေ့ ဘူတာမှာ ထပ်ပစ်တာက လူသေတာ ရှိလားခင်ဗျ။ -

“အဲဒီက မကြေညာဘူး သူတို့က။ အစိုးရ က ပိတ်လိုက်တယ်လေ။”

ဒါဆိုလို့ရှိရင် အခု ဦးခင်ဝင်းတို့ သိနေရတာ ကြားနေရတာက up to date ဖြစ်သလား ခင်ဗျ။ -

“up to date ကတော့ ဒီလိုလေ။ သူတို့ မနေ့ကဥစ္စာက နေ့လည် ၁၁ နာရီအထိတော့ လုံး၀ up to date ကြားတယ်။ အဲဒီနောက်ပိုင်းတော့ အားလုံးကို သူတို့က အဟောင်းတွေပဲ ပြန်ပြတယ်။”

ကျနော်တို့ ဒီမှာ ကြားတာက Oberoi ကိုတော့ သူတို့ ပြီးသွားပြီ။ Taj ဟိုတယ်မှာတော့ ကျန်သေးတယ် ပြောတယ်။ ဟုတ်လား မသိဘူး။ -

“Taj ဟိုတယ်မှာ ကျန်သေးတယ်။ သူတို့ ပထမ ထင်တာက ဟိုတယ် ပထမ ထပ်ကနေ ၅ ထပ်အထိ သူတို့ လုံး၀ ရှင်းသွားပြီ ထင်တာ။ နောက် ဒီနေ့မှာ တထပ်မှာ ထပ်ပြီးတော့ ဗုံးပြန်ပေါက်တယ်။ Taj ဟိုတယ်မှာလေ။ သူတို့က မနေ့က ၅ ထပ်အထိ ရှင်းပြီးပြီ။ နောက် ဒီနေ့ နိုင်ငံခြားသား တော်တော်များများ ကို လွှတ်လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ဖမ်းထားတယ်။”

အခု သေသွားတဲ့အထဲမှာလေ။ ဦးခင်ဝင်း တို့ ကြားမိလား မသိဘူး။ နိုင်ငံခြားသားတွေ တော်တော် များလား။ -

“၉ ယောက်။”

ဘယ်နိုင်ငံသားတွေလို့တော့ မသိဘူးပေါ့နော်။ -

“Europe နဲ့ အမေရိကန်နိုင်ငံသားတွေ လို့ ပြောတယ်။ အများသောအားဖြင့်တော့ ဟိုတယ် က အမှုထမ်းတွေ များပါတယ်။ ကောင်တာမှာ ရပ်နေတဲ့ ကောင်မလေး သုံးယောက်ကို သတ်ပစ်တယ်။ ထမင်းချက် အဆောင်မှာရှိတဲ့ ခေါင်းဆောင်ကို သတ်ပစ်တယ်။”

အခု ဒီဟော်တယ် က ဦးခင်ဝင်းရေ ဘယ်နှစ်ထပ်လောက် ရှိလဲ။ -

“ဒီဟိုတယ် က အသစ် က ၁၉ ထပ် ရှိတယ်။ အဟောင်းက ၆ ထပ်ပဲ ရှိပါတယ်။”

အခု ဆိုတော့ ဘုံဘေမြို့ခံ မြို့သားတွေက အခု ဘယ်လို နေကြလဲ။ သွားလာလှုပ်ရှားမှု အနေအထားက။ -

“ဘုံဘေကတော့ ဒီလို ရှိတယ်။ မနေ့ကတော့ ပိတ်သလောက်ပဲ။ ဒီနေ့တော့ ရုံးတွေ ဖွင့်တယ်။ ကျနော်လည်း အခု ရုံးမှာပဲ ထိုင်နေပါတယ်။”

ဘက်စ်ကားတွေလည်း သွားသွားလာလာပဲလား။ -

ဘက်စ်ကား၊ ရထား အားလုံး သွားနေတယ်။ လေယာဉ်ပျံလမ်းလည်း ဖွင့်နေပါတယ်။”

အခုနောက်ဆုံး ဦးခင်ဝင်း ကြားရသလောက် သတင်းတွေထဲမှာ အဲဒီမှာ ဘုံဘေ (မွန်ဘိုင်း) မှာ ကြားရသလောက် ဆိုရင်တော့ ဘယ်နှစ်ယောက် ရှိသလဲ ခင်ဗျ။ -

“ဒီမှာ အခုထပ်ထိ အခြေအနေကတော့ ၁၃၂ ယောက် ကြားပါတယ်။ ဒီ မြန်မာပြည်အစိုးရ လိုပဲ ဒီကလည်း တဝက် ကြေညာတယ်လေ။”

မွန်ဘိုင်းမြို့ ခံ ဦးခင်ဝင်း ပြောပြသွားတာဖြစ်ပါတယ်။