ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ အထူးလွှတ်တော်အစည်းအဝေး ခေါ်ယူရေး တောင်းဆို

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်ဖို့အတွက် အထူးလွှတ်တော်
အစည်းအဝေးခေါ်ယူဖို့ ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက
ဒီကနေ့ တောင်းဆိုထားပါတယ်။

သူတို့အနေနဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်ပြီး ပါတီ
ခေါင်းဆောင်ဖြစ်သူ အောက်စ်ဖို့ဒ်တက္ကသိုလ်ဘွဲ့ရ
အဘီဆစ်တ် ဝိဇ္ဇာဇီ၀ (Abhisit Vejjajiva) ကို
ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်မယ်လို့
ယုံကြည်ကြောင်း ဒီမိုကရက်ပါတီခေါင်းဆောင်
တွေက ပြောပါတယ်။

မဟာမိတ်ပါတီတွေနဲ့ မကြာသေးခင်က ပိတ်ပင်
တားမြစ်လိုက်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲကနေ
ဘက်ပြောင်းလာတဲ့ပါတီတွေ အပါအဝင်
လွှတ်တော်တွင်းလိုအပ်တဲ့ နေရာအများစု ၂၆၀
ကို စုစည်းနိုင်လိမ့်မယ်လို့ ပါတီအဖွဲ့ဝင်တွေက
တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပြည်သူ့အာဏာပါတီ (PPP) ဦးဆောင်တဲ့ အစိုးရကို ထိုင်းတရားရုံးတခုက ပြီးခဲ့တဲ့
သီတင်းပတ်မှာ ပိတ်ပင်တားမြစ်ခဲ့ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် လွှတ်တော်ကိုယ်စား
လှယ် ၃၉ ဦးကိုလည်း နိုင်ငံရေးကနေ ငါးနှစ် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ပီပီပီပါတီအဖွဲ့ဝင်တွေက ထိုင်းလူထုအတွက်လို့ အဓိပ္ပာယ်ရတဲ့ ဖူအာထိုင်းပါတီသစ်ကို
ပြန်လည်ဖွဲ့စည်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၂၂ ယောက်ထက်မနည်း အများစု
ရနိုင်တယ်လို့ ပြောကြပါတယ်။