လူမျိုးတုံးသတ်ဖြတ်ခံရမှု ဟန့်တားရေး အိုဘားမား ဦးစားပေးသင့်

အရွေးကောက်ခံ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အနေနဲ့
လူတွေ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ကိစ္စကို သူ့ရဲ့ နိုင်ငံခြားရေး
ပေါ်လစီ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ဆောင်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု
ဟန့်တားရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပေး တောင်းဆိုလိုက်ပါ
တယ်။

ဒီအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း
အောလ်ဘရိုက် (Madeleine Albright) နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဝီလျံမ် ကိုဟန်း
(William Cohen) တို့ ဦးဆောင်ခဲ့တာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားခင် ကြိုတင်
သတိပေးတဲ့ စနစ်တခုလည်း တည်ထောင်ထားရှိဖို့ အဆိုပြုလိုက်ကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဝါရှင်တန်မြို့ကနေ ဗွီအိုအေသတင်းထောက် စင်ဒီ စိန်း
(Cindy Saine) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောလ်
ဘရိုက်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဝီလျံမ်
ကိုဟန်းတို့ နှစ်ယောက်စလုံးဟာ သမ္မတ ဘေလ်
ကလင်တန် (Bill Clinton) လက်ထက်မှာ တာဝန်
ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ကြီးဟောင်းနှစ်ဦး ဖြစ်ပါ
တယ်။ သမ္မတ ကလင်တန် လက်ထက်အတွင်း
ဘော့စနီးယားနဲ့ ရဝမ်ဒါတို့မှာ လူမျိုးတုံး
သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဝန်ကြီး
နှစ်ယောက် အခုတခါ ပြန်လည်ပေါင်းစည်းပြီး
တခြားခေါင်းဆောင်တချို့နဲ့အတူ လူမျိုးတုံး
သတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ စီမံချက်ကို
ရေးဆွဲခဲ့ကြတာပါ။

လူမျိုးတုံးသတ်ဖြတ်ရေးနဲ့ဆိုင်တဲ့ ဝိရောဓိက
တော့ လူမျိုးတုံးသတ်ဖြတ်ရေးဟာ မဖြစ်သင့်တဲ့အရာလို့ လူတိုင်းက လက်ခံထားပေ
မယ့် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတဲ့ကိစ္စပဲလို့ မက်ဒလင်း အောလ်ဘရိုက်က
ပြောပါတယ်။

"ကျမတို့ရဲ့ ထုတ်ပြန်ပြောဆိုမှုတွေအတွင်း အဓိကဖော်ပြထားတာကတော့ လူမျိုးတုံး
သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ လုံးဝလက်မခံနိုင်ဘူးဆိုတာနဲ့ ကျမတို့အနေနဲ့ ဒါတွေကို
ပိုပြီးကာကွယ်ဖို့ လုပ်ဆောင်သွားနိုင်ရမယ်၊ လုပ်ဆောင်ရမယ် ဆိုတာပါပဲ။ အမေရိကန်
ပြည်ထောင်စု တခုတည်းအနေနဲ့ကတော့ ဒီဝန်ထုပ်ဝန်ပိုးတွေကို ထမ်းမထားနိုင်ပါဘူး။
ဒါပေမယ့် လိုအပ်တဲ့ အကြံဉာဏ်နဲ့ လမ်းညွှန်မှုတွေ၊ တာဝန်တွေကို ပြသပေးနိုင်ပါ
တယ်။"

လူမျိုးတုံးသတ်ဖြတ်တာဟာ လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ကိစ္စ ဆိုပေမယ့်လည်း
အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့လည်း ဆိုင်တဲ့အကြောင်းအရာ ဖြစ်တယ်လို့
ကာကွယ်ရေးဝန်ကြီးဟောင်း ဝီလျံမ် ကိုဟန်းက ပြောပါတယ်။

"လူမျိုးတုံးသတ်ဖြတ်တဲ့ကိစ္စတွေ ဖြစ်နေတာကို ကျနော်တို့ ဘေးကနေ ထိုင်ကြည့်မနေ
သင့်ဘူး။ နိုင်ငံခြားရေးဝန်ကြီး အောလ်ဘရိုက် ပြောခဲ့သလိုပဲ ဒီကိစ္စကို ဟန့်တားဖို့
အတွက် သမ္မတကနေ ကွန်ဂရက်စ်လွှတ်တော်အထိ ခေါင်းဆောင်ပိုင်းက ထဲထဲဝင်ဝင်
ဝင်ရောက်လုပ်ကိုင်ကြဖို့ လိုတယ်။ ဒါကို ဟန့်တားဖို့အတွက် အဖွဲ့အစည်းတခု ဖွဲ့စည်း
လုပ်ကိုင်ဖို့ လိုတယ်။"

လူမျိုးတုံးသတ်ဖြတ်မှုကို ဟန့်တားဖို့အတွက် အရွေးကောက်ခံသမ္မတ အိုဘားမားအနေ
နဲ့လည်း ဥပမာ သမ္မတရဲ့ အမိန့်ကြေညာချက် စောစောစီးစီး ထုတ်ပြန်လုပ်ဆောင်တာ
မျိုး၊ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီ ထိပ်တန်းဦးစားပေး လုပ်ငန်းအဖြစ် ချမှတ်လုပ်ဆောင်ဖို့
လိုအပ်တယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

သူတို့စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြတဲ့ အကြံပြုချက်တွေကို မစ္စတာအိုဘားမားအနေ
နဲ့ အပြည့်အ၀ ထောက်ခံလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး
ဟောင်း အောလ်ဘရိုက်က ပြောပါတယ်။

"ရွေးကောက်ခံသမ္မတလောင်း ဘရက်ခ် အိုဘားမားအနေနဲ့ ဒါဖော၊ ကွန်ဂိုနဲ့ လူမျိုးတုံး
သတ်ဖြတ်မှုတွေ လုပ်နေတဲ့နေရာတွေ၊ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့
လုပ်ရပ်တွေရှိတဲ့ ဒေသတွေအတွက် အလွန့်ကို စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ
ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။"

လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ သမိုင်းအစဉ်အလာအရ တဦးနဲ့တဦး အမုန်းတရားတွေ
ထားရှိခဲ့တာကြောင့်တို့၊ အသုံးမကျတဲ့ တိုင်းပြည်ခေါင်းဆောင်ကြောင့်တို့ မဟုတ်ဘဲ
စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ
ထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်ဖို့ သတိပေးချက်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ
အစိုးရအဖွဲ့အစည်း အချင်းချင်းကြား အပြန်အလှန် ဖလှယ်နိုင်အောင် အေဂျင်စီတခု
ဖွဲ့စည်းပြီး အဲဒီခြိမ်းခြောက်မှုတွေကို ချက်ချင်းတုံ့ပြန်နိုင်အောင် ရန်ပုံငွေ ဒေါ်လာ သန်း
၂၅၀ ထားရှိဖို့တို့ကိုလည်း အစီရင်ခံစာမှာ အဆိုပြုထားပါတယ်။

အခုတင်သွင်းလာတဲ့ အဆိုပြုချက်တွေကို အသေးစိတ်လေ့လာပြီး အမေရိကန်အစိုးရနဲ့
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားတွေရဲ့ ဘေးဒုက္ခ
အခက်အခဲတွေကို ချက်ချင်းတုံ့ပြန်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ့်အကြောင်း
ရွေးကောက်ခံသမ္မတ အိုဘားမားရဲ့ အာဏာလွှဲပြောင်းရယူရေးအဖွဲ့ ပြောခွင့်ရအမျိုး
သမီးက ပြောပါတယ်။

ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတဲ့ ဆူဒန် ဒါဖောဒေသမှာ လူတွေ အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခံနေရတဲ့ကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ကိုင်တွယ်ဖို့ အရွေးကောက်ခံ
သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ ဟီလရီ
ကလင်တန် (Hillary Clinton) တို့က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အခု
စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်သွင်းလာတဲ့ စီမံချက်ကို သူတို့အနေနဲ့ လက်တွေ့
အကောင်အထည်ဖော်ဖို့ပဲ ကျန်ပါတော့တယ်။