မြန်မာပြည် ကူညီရေးနှင့် အမျိုးသမီးအခွင့်အရေး လော်ရာဘုရ်ှ ဆွေးနွေး

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းကြောင့်
ပျက်စီးဆုံးရှုံးသွားတဲ့ လူမှုအသိုင်းအဝိုင်းတွေ၊
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်
အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ထပ်
အမေရိကန်ဒေါ်လာ ၅ သန်း ကူညီသွားမယ်လို့
အမေရိကန်သမ္မတကတော် လော်ရာဘုရ်ှ
(Laura Bush) က ပြောသွားပါတယ်။ မနေ့က
နယူးယောက်ခ်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ
လူ့အခွင့်အရေးနေ့ အခမ်းအနားတခုမှာ
သမ္မတကတော်က မြန်မာနိုင်ငံအခြေအနေတွေ
ကို ပြောဆိုရင်း အခုလို ထုတ်ပြန်ပြောခဲ့တာပါ။
အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

နယူးယောက်ခ်မြို့က အမေရိကန် နိုင်ငံခြားရေး
မူဝါဒဆိုင်ရာ သုတေသနအဖွဲ့တခုဖြစ်တဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ နှစ် ၆၀ ပြည့်
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရ်ှဟာ
မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေတွေကို ဆွေးနွေးသွားရင်း အခုလို မြန်မာ
နိုင်ငံက နာဂစ်ဒုက္ခသည်တွေကို အကူအညီပေးသွားဦးမယ့် ကိစ္စကိုပါ ထည့်သွင်းပြောခဲ့
တာပါ။ တကယ်တမ်း ဆွေးနွေးပွဲမှာ အဓိကပြောခဲ့တာကတော့ အမျိုးသမီးအခွင့်အရေး
ကိစ္စတွေ များပါတယ်။ ဒါနဲ့ပတ်သက်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ ဒေနာ ပရီးနိုး
(Dana Perino) က မနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

"နယူးယောက်ခ်မြို့ နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ သမ္မတကတော် လော်ရာဘုရ်ှ
လူ့အခွင့်အရေးနေ့မိန့်ခွန်း ပြောဖို့ရှိပါတယ်။ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံက အမျိုး
သမီးတွေအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ ချိုးနှိမ်ခံရတာကို ရင်ဆိုင်ကျော်
လွှားဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုကူညီနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာ
ကို ပြောဆိုဆွေးနွေးမှာပါ။"

မစ္စစ်ဘုရ်ှဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသူ
ချန်တောင်း၊ မဆန်နှောင်း စသူတို့နဲ့ တွေ့ဆုံစဉ်မှာ မြန်မာတိုင်းရင်းသူ အမျိုးသမီးတွေ
အပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စ၊ ဒီလိုလုပ်တာကို စစ်သုံး
လက်နက်သဖွယ် အသုံးပြုနေတာတွေ၊ နောက်ပြီး တိုင်းရင်းသားဒေသတွေကို စစ်တပ်
က ထိုးစစ်ဆင်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ သူသိခဲ့ရတယ်လို့ ပြောဆိုပါ
တယ်။ ထိုင်းနိုင်ငံ မဲဆောက်က မယ်တော်ဆေးခန်းကိုသွားတော့လည်း ဒေါက်တာ
စင်သီယာမောင်နဲ့ တွေ့ဆုံပြီး အဲဒီက ဒုက္ခသည်တွေရဲ့ အခြေအနေ၊ မြန်မာလူမျိုး
ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေ သူ မျက်ဝါး
ထင်ထင် မြင်တွေ့ရပုံတွေကိုလည်း ရှင်းခဲ့ပါတယ်။

မြန်မာနယ်စပ်က အခြေအနေတွေတင်မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေရဲ့
အခြေအနေတွေကို သူက မီးမောင်းထိုး ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်
အရေးလှုပ်ရှားသူ မစုစုနွေးဟာ သူ့ကျေးရွာသားတွေ အတင်းအဓမ္မ လုပ်အားပေး
ခိုင်းစေခံရတဲ့ကိစ္စကို သူ ကိုယ်စားပြုပြီး အာဏာပိုင်တွေနဲ့ ရင်ဆိုင်ခဲ့တာကြောင့်
အာဏာပိုင်တွေဘက်က သူ့ကို အငြိုးထား ဖမ်းဆီးထောင်ချလိုက်တဲ့ ကိစ္စတွေကိုလည်း
ပြောပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ လူ့အခွင့်အရေးလှုပ်ရှားမှု၊ ဒီမို
ကရေစီလှုပ်ရှားမှုကြောင့် သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးဖို့လုပ်တဲ့အခါမှာ လသား
အရွယ်ကလေးငယ်ကို ထားခဲ့ရပြီး တိမ်းရှောင်ခဲ့ရတယ်၊ ဒီ့နောက် ဖမ်းဆီးခံရပြီး
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတယ် ဆိုတာတွေကိုလည်း ပြောပြသွားပါတယ်။ မြန်မာ့
ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူမရဲ့ စံထားလောက်
တဲ့ စွမ်းဆောင်မှုတွေကြောင့် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ ထောက်ခံမှုကို
ရခဲ့တယ်လို့ ဆိုပါတယ်။

မစ္စစ်ဘုရ်ှဟာ အမျိုးသမီးအရေးကိစ္စတွေအပြင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား
ကိစ္စတွေကိုလည်း အတော်လေး ပြောဆိုသွားပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်
လှုပ်ရှားမှုနောက်ပိုင်းမှာ အရင် နိုင်ငံရေးအကျဉ်းသား ၁,၁၀၀ လောက်ပဲ ရှိရာကနေ
အခုဆိုရင် ၂,၁၀၀ ကျော်အထိ တိုးများလာတယ်လို့ ပြောပါတယ်။ အေအေပီပီ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ကိန်းဂဏန်းတွေကို
ကိုးကားပြီး ပြီးခဲ့တဲ့လအတွင်း တလထဲမှာကို နိုင်ငံရေးအကျဉ်းသား အနည်းဆုံး
၂၁၅ ဦးဟာ ထောင်ဒဏ် နှစ် ၆၀ ကျော်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရ
တယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာရေး
နှစ်မှာ အမေရိကန်ဒေါ်လာ ၉၆ သန်း ကူညီခဲ့တယ်လို့ ပြောပါတယ်။ ဒီအထဲမှာတော့
အခုနှစ်ဆန်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခိုက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း
မုန်တိုင်းသင့် ပြည်သူတွေအတွက် ဒေါ်လာ ၇၅ သန်း ကူညီခဲ့ပြီး အခု နောက်ထပ်
ဒေါ်လာ ၅ သန်း ကူညီဖို့ရှိတယ်လို့လည်း ကြေညာသွားပါတယ်။ ဒီအလှူငွေတွေကို
တော့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ SAVE THE CHILDREN အဖွဲ့တို့ကတဆင့်
မုန်တိုင်းသင့်ဒေသက ပြည်သူတွေအတွက် ရေသန့်၊ အမိုးအကာနဲ့ အခြေခံကျန်းမာ
ရေး၊ အခြားအရေးပါတဲ့ပစ္စည်းတွေ ကူညီမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးပေးကိုင်တွယ်ဖို့
ဒေါက်တာ မိုက်ကယ်ဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ထားဖို့
သမ္မတကနေ အဆိုပြုထားပြီး ဒါကို လွှတ်တော်ကနေ ဖြစ်နိုင်သမျှ အမြန်ဆုံး အတည်
ပြုပေးပါလို့လည်း မစ္စစ်ဘုရ်ှက တိုက်တွန်းပြောသွားပါတယ်။

မနေ့က ဒီဆွေးနွေးပွဲတက်ရောက်သူ အများစုကတော့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ
ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ သံတမန်တွေ တက်ရောက်ပြီး
မစ္စစ်ဘုရှ်ကိုလည်း အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြပါတယ်။