ထိုင်းဒီမိုကရက်တစ် ခေါင်းဆောင် အဘီဆစ် ဝန်ကြီးချုပ်ဖြစ်ပြီ

လနဲ့ချီ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေခဲ့တဲ့
ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်
အဘီဆစ် ဝီချာချီ၀ (Abhisit Vejjajiva) ကို
နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်မှာ
မဲခွဲရွေးချယ်လိုက်ပါတယ်။ ၂ နှစ်အတွင်း
ငါးယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့
မစ္စတာအဘီဆစ်အနေနဲ့ မတည်ငြိမ်တဲ့ ထိုင်း
နိုင်ငံရေးကို တည်ငြိမ်အောင် ဘယ်လောက်
လုပ်ပေးနိုင်ပါမလဲ၊ မကြာခင်ရက်ပိုင်းအတွင်း
ဖွဲ့ဖို့ရှိနေတဲ့ အစိုးရသစ်ကရော ဘယ်လိုအစိုးရ
မျိုး ဖြစ်လာနိုင်မလဲဆိုတာ ဘန်ကောက်ရောက်
ဗွီအိုအေဝိုင်းတော်သား ကိုကျော်အောင်လွင်က
စုစည်းတင်ပြထားပါတယ်။

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ပြည်သူ့လွှတ်တော် အဆောက်အဦ
ထဲမှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ကျင်းပပါတယ်။ အဲဒီမှာ အတိုက်
အခံ ဒီမိုကရက်ပါတီ လွှတ်တော်အမတ် မစ္စတာ အဘီဆစ် ဝီချာချီဝက ၂၃၅ မဲ၊ ၁၉၈
မဲနဲ့ အနိုင်ရခဲ့ပါတယ်။ စုစုပေါင်း ၃၇ မဲအသာနဲ့ မစ္စတာအဘီဆစ် အနိုင်ရခဲ့တာ ဖြစ်ပါ
တယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ ၂၇ ဦးမြောက်ဝန်ကြီးချုပ် ဖြစ်ပါတယ်။

မစ္စတာအဘီဆစ် အနိုင်ရလိုက်တဲ့အကြောင်း လွှတ်တော်သဘာပတိက ကြေညာခဲ့ပါ
တယ်။ မစ္စတာအဘီဆစ်ဟာ အခုမှ အသက် ၄၄ နှစ်အရွယ်ပဲ ရှိသေးလို့ ထိုင်းနိုင်ငံရေး
သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဒီနေ့မဲပေးကြတဲ့အထဲမှာ လွှတ်တော်သဘာပတိ၊ မစ္စတာအဘီဆစ်နဲ့ တခြားလွှတ်တော်
ကိုယ်စားလှယ်တဦး စုစုပေါင်း ၃ ဦးက မဲမပေးကြပါဘူး။ မစ္စတာအဘီဆစ်နဲ့အပြိုင်
ဝန်ကြီးချုပ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ မစ္စတာ ပရာချာ ပရွမ်နော့ခ် (Pracha
Promnok) ကတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံရဲ့ အထူးလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာပဲ
လွှတ်တော်အပြင်ဘက်မှာ အရင်ဝန်ကြီးချုပ်ဟောင်း အခုပြည်ပြေးဖြစ်နေတဲ့ မစ္စတာ
သက်ဆင် (Mr. Thaksin) ကိုထောက်ခံတဲ့ ယူဒီဒီအင်အားစုတွေကတော့ တော်တော်
များများ စုဝေးရောက်နေပါတယ်။ အဲဒီအတွက်လည်း လွှတ်တော်တဝိုက်မှာ လုံခြုံရေး
တွေ အထူးတင်းကျပ်ထားပါတယ်။

လွှတ်တော်သဘာပတိက မစ္စတာအဘီဆစ် အနိုင်ရရှိကြောင်း ကြေညာပြီးတဲ့အခါမှာ
တော့ ဆန္ဒပြနေကြတဲ့ ယူဒီဒီအင်အားစုတွေဟာ လွှတ်တော်အဝင်ဝတံခါးပေါက်ကို
ကာဆီးထားတဲ့ သံစကာတွေနဲ့ ပိတ်ဆို့ထားလိုက်ပြီး လွှတ်တော်အတွင်းကိုလည်း
သောက်ရေဘူးတွေ၊ ခဲလုံးတွေနဲ့ ပစ်ပေါက်ကြပါတယ်။ လွှတ်တော်အမတ်တွေ
အစည်းအဝေးပြီးလို့ ထွက်လာတဲ့အခါမှာလည်း မစ္စတာအဘီဆစ် ဝန်ကြီးချုပ်ဖြစ်တာ
ကို ဆန့်ကျင်တဲ့အနေနဲ့ သောက်ရေဘူးတွေနဲ့ ပစ်ပေါက်ကြပါတယ်။ တချို့တွေ
ဒဏ်ရာရပေမယ့် အသေအပျောက်တော့ မရှိပါဘူး။ မကြာခင်မှာပဲ လူစုကွဲသွားကြ
ပါတယ်။

ထိုင်းပြည်သူတွေအတွင်းမှာတော့ အခုလို ဝန်ကြီးချုပ်အသစ် တက်လာတဲ့အတွက်
ထူးခြားတဲ့စိတ်ခံစားမှုတွေ ပြသတာကို မတွေ့ရပါဘူး။ ဘန်ကောက်မြို့တော်က
လက်လုပ်လက်စား အမျိုးသမီးတဦးကတော့ မစ္စတာအဘီဆစ် ဝန်ကြီးချုပ်သစ်
ဖြစ်လာတဲ့အတွက် မျှော်လင့်ချက်ရှိလာတယ်လို့ ဆိုပါတယ်။

"အရင်ကထက်စာရင် အားလုံးဟာ ပိုပြီးကောင်းလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
မစ္စတာအဘီဆစ်ဟာ သိပ်ပြီး လိမ်မာပါးနပ်မှုရှိတယ်လို့ ယုံကြည်ပါတယ်။ သူဟာ
အသက်လည်းငယ်တယ်၊ စွမ်းအားလည်းရှိတယ်၊ အားလုံးပြန်ကောင်းလာအောင်
သူစွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်တဲ့အကြောင်း" ဘန်ကောက်မြို့က အမျိုးသမီး
တဦးက ပြောသွားပါတယ်။

ဘန်ကောက်မြို့တော်ကပဲ လူငယ်တဦးကတော့ မျှော်လင့်ချက်တော့ ရှိလာတယ်၊
ဒါပေမယ့် တိုင်းပြည်အတွက် စိုးရိမ်မှုကတော့ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။

"မစ္စတာအဘီဆစ်က အသက်သိပ်ငယ်သေးတယ်။ သူ့မှာ အကြံသစ်၊ ဉာဏ်သစ်တွေ
တော့ ရှိမယ်လို့ ထင်ပါတယ်။ တိုင်းပြည်အတွက် အတိုင်းအတာတခုထိတော့ ပြောင်းလဲ
အောင်လုပ်နိုင်မယ်လို့ ထင်ရတာပဲ။ ကျနော်တို့တိုင်းပြည်မှာ အခုတက်နေတဲ့
စီးပွားရေးတို့၊ နိုင်ငံရေးတို့ ပြဿနာတွေကို ပြန်ကောင်းအောင်လုပ်နိုင်မယ့် အစိုးရမျိုး
ကို မျှော်လင့်နေကြတာပါ။ မစ္စတာအဘီဆစ် တယောက်တည်းကတော့ အားလုံးကို
ပြုပြင်ပြောင်းလဲနိုင်အောင် လုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ နိုင်ငံရေးပါတီတွေ
ကလည်း ထိုင်းနိုင်ငံမှာ သိပ်များပါတယ်။ ပါတီအချင်းချင်း ပြဿနာတွေကလည်း
ရှိနေပါတယ်။ အဲဒါကြောင့် စိုးရိမ်းစရာတွေကတော့ ကျနော်တို့အတွက် ရှိနေတုန်းပါပဲ"
လို့ ဘန်ကောက်မြို့က လူငယ်တဦး ရှင်းပြခဲ့တာဖြစ်ပါတယ်။

သူစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာတွေကတော့ ထိုင်းနိုင်ငံမှာ တကယ်ပဲ ရှိနေတာပါ။
အခု ဒီဇင်ဘာလအတွင်းမှာပဲ ဝန်ကြီးချုပ်တယောက် ပြုတ်သွားတယ်၊ ဝန်ကြီးချုပ်
အသစ်တယောက်က အခုထပ်ပြီးတက်လာတယ်၊ ဆန္ဒပြပွဲတွေကလည်း မကြာမကြာ
ဆက်ပြီးတော့ ဘန်ကောက်မြို့ထဲမှာ ရှိနေတယ်၊ ပြီးခဲ့တဲ့စနေနေ့တုန်းကဆိုရင်
ပြည်ပြေးဘဝရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ကို ထောက်ခံတဲ့
အင်အားစု ၅၀,၀၀၀ လောက်က ဘန်ကောက်မြို့မှာရှိတဲ့ အားကစားကွင်းကြီးထဲမှာ
စုဝေးပြီး စစ်တပ်အာဏာသိမ်းမှာကို ဆန့်ကျင်တဲ့အကြောင်း၊ ဒီမိုကရက်ပါတီ
အာဏာရမှာကို မလိုလားတဲ့အကြောင်း ဆန္ဒတွေ ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီမှာ မစ္စတာသက်ဆင်ကလည်း နာရီဝက်စာ ဗွီဒီယိုနဲ့ မိန့်ခွန်းစကား သူ့ကိုထောက်ခံ
သူတွေကို ပြောပါတယ်။ သူပြောတဲ့ အဓိကအချက်တွေကတော့ ထိုင်းနိုင်ငံမှာ စစ်တပ်
ဟာ နိုင်ငံရေးထဲကို ပါဝင်စွက်ဖက်နေတယ်၊ တိုင်းပြည်မှာ စစ်တပ်က အသံတိတ်
အာဏာသိမ်းထားသလို ဖြစ်နေတယ်၊ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးနေတယ်လို့ ဆိုပါ
တယ်။ တရားရုံးတွေဟာလည်း ပုံမှန်မဟုတ်ကြတော့ဘူးလို့ မစ္စတာသက်ဆင်က
စွပ်စွဲပါတယ်။

မစ္စတာသက်ဆင်ကို ဆန့်ကျင်တဲ့ ပီအေဒီလို့ခေါ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို သိမ်းပိုက်
ဆန္ဒပြခဲ့ကြတဲ့ အဖွဲ့တွေကတော့ မစ္စတာသက်ဆင်နဲ့ ဆက်နွယ်တဲ့လူတွေ အစိုးရထဲမှာ
ထပ်ပါလာမယ်ဆိုရင် သူတို့တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေ ကျင်းပဦးမယ်လို့
ကြိုတင်ခြိမ်းခြောက်ထားပါတယ်။

နောက်တခုထူးခြားတာက သုဝဏ္ဏဘူမိလေဆိပ်ကိုသိမ်းပြီး ဆန္ဒပြခဲ့တဲ့အတွက် အခု
ဒီဇင်ဘာလလယ်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံထိပ်သီးညီလာခံကို ရက်ရွှေ့
ဆိုင်းလိုက်ရတဲ့ကိစ္စ၊ အရင်က မတ်လမှာလုပ်မယ်လို့ စီစဉ်ထားတာ အခုတော့ ဖေဖော်
ဝါရီလ တတိယပတ်ထဲမှာကျင်းပဖို့ ဒီနေ့ အင်ဒိုနီးရှားမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြား
ရေးဝန်ကြီးများ အစည်းအဝေးက သဘောတူညီမှု ထွက်လာပါတယ်။

မကြာခင်မှာလည်း ထိုင်းနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းတော့မှာမို့ ဒီအစိုးရသစ်ဟာ
တိုင်းပြည်ရဲ့ မတည်မငြိမ်ဖြစ်မှုတွေကို ထိန်းသိမ်းနိုင်မလား၊ သိသိသာသာ ထိုးစိုက်
ကျဆင်းနေတဲ့ ထိုင်းနိုင်ငံစီးပွားရေးကို ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်နိုင်မလား
ဆိုတာကတော့ အားလုံးက စောင့်ကြည့်နေကြပါတယ်။