လက်လီဆိုင်ကြီးတွေ ခရစ္စမတ်ရာသီ ဈေးအရောင်းကျ

ကမ္ဘာတဝှမ်း စီးပွားရေးကျလာတာနဲ့ အမျှ၊ စားသုံးသူတွေ ဟာ မရေမရာ စီးပွားရေး အခြေအနေ အပေါ် သတိကြီးကြီး ထားနေကြပါတယ်။ အဲဒီစားသုံးသူတွေ အဝယ် လိုက်လာအောင်မျှော်လင့်ပြီး၊ ကမ္ဘာတဝှမ်း လက်လီ အရောင်းဆိုင်တွေ ဟာ ဈေးတွေ ကို ဖြုတ်ချနေကြပါတယ်။ ဒီအချိန်မှာပဲ အမေရိကန် နိုင်ငံမှာ ခရစ္စမတ်ရက်အားရက် အဝယ်လိုက်တာ က ဒီနှစ် ၄ % ကျသွားတယ်လို့ လေ့လာချက်တစ်ရပ် က တွေ့ရှိရပါတယ်။ ဒါပေမယ့် ကမ္ဘာတဝှမ်း စီပွားရေး ကျနေချိန်မှာ သက်ရောက်ဖြစ်ပေါ်လာမယ့် အဖြစ်တွေ ကို လူတော်တော်များများ က စိုးရိမ်ပူပန်နေကြတဲ့အခါမှာ ငွေထုတ်သုံးကြဖို့ ဆိုတာ က ခက်ပါတယ်။

တကယ်လို့ အဲသလို လက်လီဆိုင်တွေ က ကြိုးစားနေကြတာ မအောင်မြင်ခဲ့ဘူး ဆိုရင်၊ အကျိုးဆက်တွေ က ရှည်လျားနိုင်တယ်လို့ ပိုင်းခြားသုံးသပ်သူတွေ က သတိပေးထားပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Seldin ဝါရှင်တန် ကနေ သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

အခု ကြားခဲ့တဲ့ အသံတွေကတော့ Australia နိုင်ငံ Sydney မြို့မှာ၊ ဆိုင်ဖွင့်တာ နဲ့ တိုးဝင်ကြဖို့ ဈေးဝယ်သူတွေ တန်းစီစောင့်နေကြတုန်း ကြားရတဲ့ အသံပါ။

လန်ဒန်မြို့ လမ်းတွေပေါ်သွားကြည့် ကြရအောင်ခင်ဗျာ။ ဒီလူလို ဈေးလာဝယ်ကြသူတွေ က အောက်ဈေးနဲ့ ရမလား လာရှာနေကြတာပါ။

“လူတိုင်း က အနည်းဆုံး ၅၀% လျှော့ဈေးရမယ်လို့ မျှော်လင့်နေကြပါတယ်။ ရလည်း ရနေကြပါတယ်။ ဒါကြောင့် ဝယ်လို့ ကောင်းတဲ့ ဈေးနှုန်းတွေ တချို့ ရှိနေကြပါတယ်။”

ဒါပေမဲ့ ဗာဂျီးနီးယား ပြည်နယ် အာလင်တန်မြို့ က Judd McIntyre လို အမေရိကန်ပြည်သူတွေ က သူတို့ လိုအပ်တာ ကိုပဲ ဝယ်နေကြတဲ့ အချိန်အခါမှာ အမေရိကန် မှာ ဆိုင်တွေ ဘယ်လောက်ရောင်းရသလဲ ဆိုတာ က သော့ချက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

“အင်း .. လျှော့ဈေး ကိုတော့ ကျွန်တော်တို့ မျှော်လင့်ကြတာပေါ့ဗျာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ က တအားဝယ်ကြသူတွေ မဟုတ်ကြတော့ဘူးလေ။ တချို့ လိုအပ်တာလေးလောက်ပဲ ကျွန်တော်က ဝယ်ပါတယ်။ အဝတ်အစား အသစ် တော်တော်များများ မဝယ်တာကတော့ နှစ်အတော်လေး ရှိနေပြီဗျ။”

ခရစ္စမတ် မတိုင်မီ ရက်သတ္တပတ်တွေအတွင်း ရောင်းရတာ ကနေ တစ်နှစ်အတွက် အမြတ်ငွေရဖို့ လက်လီဆိုင် အတော်များများ က အားထားနေရတာပါ။ ဒါပေမဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ဒီ နှစ် က အဆိုးဝါးဆုံး အရောင်းအဝယ် ရာသီ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ လက်လီကုန်တိုက်များ နိုင်ငံတကာ ကောင်စီ ဆိုတဲ့ လက်လီဈေးကွက် အုပ်စု က ပြောပါတယ်။

WSL Strategic ကုမ္ပဏီ က ပိုင်းခြားသုံးသပ်သူ Candace Corlett က အခုလိုပြောပါတယ်။

“အမေရိကန် က စားသုံးသူတွေ အဝယ်မလိုက်တဲ့အတွက် နိုင်ငံတကာ မှာ ဂယက်ထတာ ကို ကျွန်မတို့ တွေ့နေရပြီးဖြစ်ပါတယ်။

အမေရိကန် ကို တင်ပို့တဲ့ ပစ္စည်းတွေထုတ်လုပ်ရာ နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတွေ မှာ အဲဒီ ဂယက် က သွားရိုက်နေပါတယ်” - လို့ မစ္စ Candace Corlett က ပြောသွားတာပါ။

NPD Group က လက်လီအရောင်း ပိုင်းခြားသုံးသပ်သူ Marshal Cohen ကတော့ ဆိုင်တွေအတွက် ရွေးစရာလမ်းကြောင်း က နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။

“လက်လီရောင်းသူတွေ လက်ထဲမှာ က သူမျှော်လင့်ထားတာထက် ကုန်ကျန် က ပိုများနေတယ်ဗျ။ ဒီတော့ စားသုံးသူတွေ ဝယ်လာအောင် လုပ်ဖို့ က ဈေးနှုန်းတွေ ချပေးတဲ့ နည်းတစ်နည်းတည်းပဲ တကယ်တော့ ရှိတော့တယ်လေ။” - လို့ ပြောသွားတာ ဖြစ်ပါတယ်။

လက်လီဆိုင် တော်တော်များများအတွက်တော့ အချိန် က နှောင်းကောင်းတောင် နှောင်းနေပါရော့မယ် လို့ Strategic Resource Group ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Bruce Flickinger က ဆိုပါတယ်။

“ဒေဝါလီခံမယ့် လက်လီအရောင်းဆိုင်တွေ ကို စံချိန်တင်လောက်အောင် တွေ့ရပါလိမ့်မယ်။ တစ်နိုင်ငံလုံး ဖွင့်ထားတဲ့ ဆိုင်တွေရော၊ ဒေသတော်တော်များများ မှာ ဖွင့်ထားတဲ့ ဆိုင်တွေရော ပါကြမှာပါ။ ကုန်တိုက်ပေါင်း ထောင်ပေါင်းများစွာ ဟာ လည်း ဒေဝါလီခံကြပါလိမ့်မယ်။” - လို့ ပြောသွားတာပါ။

ဒါပေမဲ့ လက်လီဆိုင်အားလုံး အထိနာကြတာတော့ မဟုတ်ပါဘူး။ အင်တာနက် ကနေ တိုင်းပြည်ပေါင်း ၂၁၀ ကို အရောင်းအဝယ်လုပ်နေတဲ့ Amazon.com ကတော့ ၂၀၀၈ ရက်အား အရောင်းရာသီ ဟာ သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ တစက္ကန့် ကို ၇၃ မျိုး လောက်နီးနီး အဝယ်လိုက်နေတယ် လို့ အမေဇုံ က ဒီဇင်ဘာလ ၁၅ ရက် က ပြောပါတယ်။