နှစ်သစ်ကူးအကြို ထိုင်းညကလပ်မီး လူအနည်းဆုံး ၆၀ သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညကလပ်တခုထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် လူ ၆၀ သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါ တယ်။ အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြတယ်လို့ ရဲတွေက ပြောပါတယ်။
တချို့အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါ၊ ယောက်ျား၊ မိန်းမ မခွဲနိုင်ဘဲ
ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက်
ဗွီအိုအေဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့တော်က နှစ်သစ်ကူးတဲ့ညကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကြိုဆိုခဲ့ကြပါတယ်။ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဘန်ကောက်မြို့လယ်ကောင်က ကွင်းပြင်တခုမှာ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်တွေကို အော်ဟစ် နှုတ်ဆက်ကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘန်ကောက်မြို့လယ်မှာ လုံခြုံရေးက မနေ့ညတုန်းက အကြီးအကျယ်
ချထားပါတယ်။

လူတွေသောင်းနဲ့ချီပြီး စုဝေးခဲ့တဲ့နေရာမှာ ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘဲ ဘန်ကောက်
မြို့လယ်တနေရာက နာမည်ကြီး ဆန်တိက (Santika) ဆိုတဲ့ ညကလပ်တခု
ထဲမှာတော့ နှစ်သစ်ကူးတဲ့ပါတီ ကျင်းပရင်း မီးလောင်လို့ အခုနောက်ဆုံး သိရ
သလောက် လူပေါင်း ၆၀ သေဆုံးသွားပါပြီ။ အဲဒီထဲက တဝက်လောက်ဟာ ဘယ်သူ
တွေလဲ၊ အမျိုးသမီးလား၊ အမျိုးသားလားဆိုတာ မခွဲခြားနိုင်သေးပါဘူး။ သေဆုံးသူနဲ့
ဒဏ်ရာရသူတွေထဲမှာ အများစုက နိုင်ငံခြားသားတွေဖြစ်တယ်လို့ ရဲအရာရှိတွေက
ပြောကြပါတယ်။ သတင်းတွေထဲမှာတော့ လူ ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့
ဆိုပါတယ်။

ဒီနေ့မနက်ပိုင်း မီးလောင်တဲ့နေရာကို ရောက်သွားတော့ လူတွေ ရာနဲ့ချီဆန့်တဲ့ နှစ်ထပ်
အဆောက်အအုံတခုလုံး မီးလောင်သွားလို့ နံရံတွေပဲကျန်ခဲ့တာ တွေ့ရပါတယ်။
မျက်မြင်သက်သေတချို့ ပြောပြတာကို သတင်းတွေမှာ တွေ့ရတာကတော့ မီးလောင်
တဲ့အချိန် အဲဒီအဆောက်အအုံထဲမှာ လူပေါင်း ၅၀၀ လောက် ပြည့်ကျပ်နေတယ်လို့
ဆိုပါတယ်။ မီးလောင်ပြင်နားမှာ ကျန်းမာရေးဌာနက သတင်းဆက်သွယ်ရေး
အရေးပေါ်ရုံးတခုကိုလည်း ဖွင့်ထားပါတယ်။ အဲဒီမှာတော့ နိုင်ငံတကာ သံရုံးဝန်ထမ်း
တွေ၊ ပြည်တွင်းပြည်ပက သတင်းသမားတွေ၊ တခြားနိုင်ငံခြားသားတွေနဲ့ ထိုင်းလူမျိုး
တွေက ဘယ်သူတွေ မီးထဲပါသွားသလဲဆိုတာ လာမေးနေကြပါတယ်။ ဒဏ်ရာရတဲ့
လူတွေထဲမှာ အမေရိကန်နိုင်ငံသားတချို့လည်း ပါဝင်တဲ့အကြောင်း သူတို့က ရှင်းပြ
ကြပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ အဲဒီနေရာကို ဝန်ကြီးချုပ်အသစ် မစ္စတာအဘီဆစ် လာကြည့်သွား
ပါသေးတယ်။ နှစ်သစ်ကူးတဲ့ပွဲမှာ ကပွဲရုံအတွင်း မီးရှူးမီးပန်းတွေ ဖောက်ခဲ့တယ်လို့
မျက်မြင်သက်သေတချို့က ပြောတဲ့အတွက် ဘယ်သူက မီးရှူးမီးပန်းတွေ ဖောက်ခွင့်
ပေးခဲ့တာလဲ ဆိုတာကို ဝန်ကြီးချုပ်က မေးထားပါတယ်။ ဘာကြောင့် မီးလောင်မှုဖြစ်ရ
သလဲဆိုတာကိုလည်း စုံစမ်းနေကြပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီး မစ္စတာ ပီရာပန် (Pirapan Salirathavibhaga) ကတော့
မီးလောင်မှုမှာ တာဝန်ရှိတဲ့လူကို အစိုးရက အရေးယူသွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခု စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု
ကိစ္စက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့
လူတွေထဲမှာ နိုင်ငံခြားသားတွေ အများကြီးပါနေတယ်လို့ ကြားထားရတဲ့အကြောင်း”
တရားရေးဝန်ကြီးက ပြောသွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူတွေကိုတော့ ဘန်ကောက်မြို့က ဆေးရုံသုံးခုမှာခွဲပြီး အရေးပေါ် ကုသ
ပေးနေပါတယ်။ လောလောဆယ် သိထားသလောက်ကတော့ သေဆုံးသူတွေနဲ့
ဒဏ်ရာရသူတွေထဲမှာ ထိုင်း၊ သြစတြေးလျ၊ နယ်သာလန်၊ နီပေါ၊ ဂျပန်၊ အမေရိကန်နဲ့
ဗြိတိန်နိုင်ငံသားတွေ ပါဝင်ကြပါတယ်။

ထူးဆန်းတာတခုကတော့ အခုမီးလောင်သွားခဲ့တဲ့ ဆန်တိကလို့ခေါ်တဲ့ ညကလပ်ဟာ သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး နောက်ဆုံးပိတ်ရတော့မယ့် ရက်မတိုင် ခင်ညမှာပဲ မီးလောင်သွားတာပါ။ ဒီနေ့ဆိုရင် အဲဒီအဆောက်အဦးဟာ အပြီးပိတ်ရ
တော့မှာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံတကာကလူတွေလည်း ပါဝင်နေတာကြောင့် မီးလောင်ရတဲ့
အကြောင်းရင်းကို ထိုင်းအစိုးရဘက်က အပူတပြင်း စုံစမ်းနေကြပါတယ်။