၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

၂၀၀၉ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
အကောင်းအဆိုးတွေ ပြီးခဲ့တဲ့နှစ်က ဘာတွေကြုံတွေ့ခဲ့ရသလဲ၊ အခုနှစ်မှာရော ဘာတွေ
ကြုံတွေ့ရလိမ့်မယ်လို့ တွက်ဆကြပါသလဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေသူ၊
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အမြင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး
တင်ပြပေးထားပါတယ်။

“ကျနော်က စစ်အစိုးရရဲ့ ထောင်တွင်းမှာ ၁၉၈၉ ကစပြီး
၂၀၀၈ ခုနှစ်အထိ ၁၉ နှစ်ကျော် ကျခံခဲ့ရတဲ့ နိုင်ငံရေး
အကျဉ်းသား ဦးဝင်းတင် ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး ခြုံကြည့်လိုက်ရင် စစ်အစိုးရရဲ့
တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး ဘာမှ ထောက်ထောက်
ထားထား မရှိဘူးဆိုတဲ့ အနေအထားကိုပဲ တွေ့ရတယ်။
ဒီအနေအထားတွေက စီစဉ်ပြီး ကြည့်မယ်ဆိုရင် ရှေ့နှစ်
မှာ ဘာဖြစ်မလဲလို့ မှန်းတဲ့အခါကြတော့ ကျနော်ကတော့
အကောင်းမြင်တဲ့ အတွေးအခေါ်နည်းလို့ဆိုပြီး စွပ်စွဲရင်
လည်း ခံရမှာပဲ၊ ကျနော်တော့ ရှေ့နှစ်ခါလည်း ဘာမှ
ကောင်းတဲ့လက္ခဏာကို မမြင်ဘူး။

“ဆိုပါတော့ လာမယ့်နှစ်မှာဆိုရင် သူတို့ရဲ့ လမ်းပြမြေပုံအရ ပါတီမှတ်ပုံတင်တွေ ပေါ်လာနိုင်
တယ်၊ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာနိုင်တယ်။ ဒါကြည့်ရင်တော့ သူတို့ဟာသူတို့ ထင်ရာ
စိုင်းမယ့် လုပ်ငန်းတွေ၊ ဒါတွေပဲ ပေါ်ထွက်လာမှာပဲ၊ ရှေ့နှစ်တနှစ်လုံးကတော့။ အဲဒီလိုနဲ့ပဲ
ကျနော်တို့ ၂၀၀၉ ကို ကျော်ဖြတ်ပြီးတော့ ၂၀၁၀ ခုနှစ် ရောက်ဦးမှာပဲ။

“အဲဒီတနှစ်ကြရင်လည်း ပိုပိုပြီး ဆိုးသထက်ဆိုးမယ့် အလားအလာတွေပဲ ရှိလိမ့်မယ်၊
တိုင်းပြည်မှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေသာ ကျနော်တို့
ထပ်တလဲလဲ၊ ထပ်တလဲလဲ ရင်ဆိုင်ဖို့သာ ရှိသွားမယ်လို့တော့ ကျနော်က အဲလောက်တောင်
ပြောချင်ပါတယ်။”