မာတင်လူသာကင်း အမှတ်တရနေ့ မစ္စတာအိုဘားမား ဆင်နွဲှ

နောင်လာမယ့် အမေရိကန်သမ္မတအဖြစ်
ရွေးချယ်ခံထားရတဲ့ ဘရက်ခ် အိုဘားမား
(Barack Obama) ဟာ လူ့ဘောင်အသိုင်းအဝိုင်း
အတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ
လုပ်ဆောင်မယ်လို့ ကတိပြုရင်း အာဖရိကန်
အနွယ် အမေရိကန်နိုင်ငံသား အခွင့်အရေး
လှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာ ကင်း
(Martin Luther King, Jr.) ကို ဒီနေ့ ဂါရဝပြုမှာ
ဖြစ်ပါတယ်။

ဒီနေ့ဟာ အမေရိကန်နိုင်ငံမှာ မာတင် လူသာ
ကင်းကို အမှတ်ရတဲ့နေ့ဖြစ်ပြီး နှစ်တိုင်းလိုလို
အားလပ်ရက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အစဉ်အလာအားဖြင့် ဒီနေ့မှာ အများပြည်သူအတွက် လူမှုရေး လုပ်အားပေးလုပ်ငန်း
တွေ လုပ်ဆောင်ပြီး မာတင် လူသာ ကင်းကို ဂုဏ်ပြုပါတယ်။

အမေရိကန်လူထုအနေနဲ့ ရပ်ရေးရွာရေးကိစ္စရပ်တွေကို စီစဉ်ဆောင်ရွက်ရေးမှာ
အထောက်အကူဖြစ်စေမယ့် USAservice.org ဆိုတဲ့ အင်တာနက်ဝက်ဘ်ဆိုက် အသစ်
တခုနဲ့ပတ်သက်ပြီး ဆွေးနွေးခြင်းနဲ့ မစ္စတာအိုဘားမားဟာ တနင်္လာနေ့ကို စတင်မှာ
ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်
ဂျွန် မက်ကိန်း (John McCain)၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဂျိုး ဘိုင်ဒန်
(Joe Biden)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) တို့ကို
ညစာစားပွဲ သီးခြားစီ တည်ခင်းပေးမှာဖြစ်ပါတယ်။

နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေ ဦးဆောင်ပြီး ပန်းခြံတွေကို
ရှင်းလင်းတာကနေ အမေရိကန်စစ်သည်တွေအတွက် လက်ဆောင်တွေထုပ်ပိုးတာ
စတဲ့ လူမှုရေးလုပ်ငန်းတွေ နိုင်ငံအဝန်း လုပ်ဆောင်မှာကို မစ္စတာအိုဘားမားကလည်း
သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ မတိုင်မီ ဒီနေ့မှာ ပူးပေါင်းပါဝင်မှာ
ဖြစ်ပါတယ်။