မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေတွေ ဈေးကျ

အခုရက်ပိုင်းအတွင်းမှာ အမေရိကန်ဒေါ်လာ အပါအဝင် အက်ဖ်အီးစီ၊ ယူရို စတဲ့ နိုင်ငံခြားငွေတွေဟာ မြန်မာကျပ်ငွေနဲ့ လဲလှယ်နှုန်းတွေ ကျဆင်းနေပြီးတော့ မြန်မာငွေ ဈေးတက်လာတာကြောင့် နိုင်ငံခြားငွေနဲ့ ဆက်စပ်ပြီး အရောင်းအဝယ် လုပ်ကြတဲ့ ကုန်သည်တွေ ပြည်ပကုန်ပစ္စည်း တင်ပို့နေသူတွေ ထိခိုက်နစ်နာနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့က ကုန်သည်တဦးကို ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာငွေ ဈေးကွက် တက်တယ်ဆိုတာ ဟုတ်ပါသလား ဆိုတဲ့မေးခွန်းကို ကုန်သည်က အခုလို စဖြေပါတယ်။

“ဟုတ်ပါတယ်။ ဒီ ဒေါ်လာငွေဈေးဟာ ကျန်ခဲ့တဲ့အပတ်အတွင်းဆိုရင် အတော် အခြေအနေဆိုးတဲ့ အနေအထားမျိုး ဖြစ်တာပေါ့လေ။ ပို့ကုန်ရငွေ ဆိုရင် ဒီ တဒေါ်လာငွေ လဲနှုန်းဟာ မြန်မာငွေ ၁,၀၀၀ နဲ့ ၁,၀၀၀ အောက်ကိုတောင် ရောက်သွားတာပေါ့ဗျာ။ အဲဒီတော့ အထွေထွေ ကုန်ပစ္စည်း တင်ပို့တဲ့သူတွေမှာလည်း ငွေဈေး၊ မြန်မာငွေ ခိုင်လာတဲ့ အတွက် သူတို့အဆင်မပြေမှုတွေ၊ မကိုက်မှုတွေ ရှိလာတာပေါ့လေ။ တော်တော်လေးကို ထူးထူးခြားခြားပဲပေါ့။ အရောင်းအဝယ် လောကမှာတော့ လှုပ်သွားတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနေ ကုန်သွယ်ရေးမှာ ဒါ အစည်းအဝေး လုပ်ပြီးတော့ ပို့ကုန်ကျဆင်းတယ်။ နောက်ပြီးတော့ အထွေထွေ ကုန်ဈေးနှုန်းတွေ ကျဆင်းတဲ့အတွက် ဒီ ပို့ကုန်ကဏ္ဍကို မထိခိုက်အောင်ဆိုတဲ့ အစည်းအဝေးမျိုး လုပ်တယ်လို့ ကျနော် သိရတာပေါ့ဗျာ။”

ဟုတ်ကဲ့။ အဲဒီတော့ ဒေါ်လာငွေဈေးက ကျနော်တို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ် လောက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လောက်လောက် ကွာခြားသွားပါသလဲ ခင်ဗျ။ -

“လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်နဲ့ဆိုရင်တော့ ဒေါ်လာကို ၁၅၀ အနိမ့်ဆုံးပေါ့လေ။ အဲဒီလောက်တော့ ကွာသွားတယ်လို့ ပြောရမှာပဲ။”

ဟုတ်ကဲ့။ အဲဒီလိုမျိုး ဒေါ်လာငွေဈေး ကျတယ်။ မြန်မာငွေဈေး တက်တဲ့အခါမှာ အဓိက က ဘယ်လိုလူတွေ ဘယ်လို ကုန်သည်တွေ နစ်နာပြီးတော့ အကျိုးအမြတ်ကော ဘယ်သူတွေ ရှိတယ်လို့ သုံးသပ်ပါသလဲခင်ဗျ။ -

“လောလောဆယ်တော့ ဘယ်သူသာသလဲ၊ ဘယ်သူနာသလဲ ဆိုတာတော့ ဘယ်သူမှ အကျိုးမဲ့ရတဲ့သဘော မရှိဘူးလေ။ ပို့ကုန်ပို့တယ်ဆိုတာလည်း တဒေါ်လာမှ တကယ့်တကယ်ဆိုရင် ၅၀၊ ၁၀၀ လောက်မြတ်တာကိုး။ ကျတဲ့နှုန်းက ၁၅၀ လောက်ဖြစ်တဲ့အခါကျတော့။ ပို့ကုန်သမားကလည်း မကိုက်ဘူး။ ဒီကြားထဲမှာ ဒီငွေကို ဝယ်ပြီးသွင်းတဲ့ သွင်းကုန်သမား ကျတော့ ပြည်တွင်းမှာ ဝယ်လိုအားက အရမ်းကို ညံ့ဖျင်းပြီးတော့ အောက်ခြေအဆင့်ကို ရောက်နေတဲ့အခါကျတော့ ဒီလောက်ငွေဈေး ချပေးပြီးတော့ ရောင်းတာလည်း ဝယ်တဲ့လက်က မဝယ်နိုင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။ အခြေအနေက။”

ဟုတ်ကဲ့။ အဲဒီတော့ ငွေဈေးက ဘာဖြစ်လို့ အဲဒီလောက်အထိ ကျသွားရတာလဲခင်ဗျ။ -

“ပြည်တွင်း အနေအထားတခုတည်းတင် မဟုတ်ဘူးပေါ့လေ။ တခြား နိုင်ငံမှာရှိတဲ့ ငွေလဲနှုန်းတွေကို ပြန်ပြီးတော့ ကြည့်တဲ့အခါကျတော့လည်း ဒေါ်လာငွေဈေးဟာ ဒီရက်ပိုင်းအတွင်းမှာ ပြန်ပြီးတော့ နည်းနည်းပြန်ပြီးတော့ ခေါင်းနည်းနည်း မာလာတာပေါ့လေ။ မြန်မာပြည်ကတော့ တမျိုးပေါ့။ သူက ဒီလိုရှိတယ်ခင်ဗျ။ - မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲနှုန်း၊ မြန်မာပြည်မှာက ဒီ တရုတ်ငွေလဲနှုန်း၊ မြန်မာနဲ့ ထိုင်းဘတ် လဲနှုန်းပေါ့လေ။ ဒီကုန်သွယ်မှုကလည်း ပေါင်းစုံရှိတဲ့အခါ ကျတော့ ဒီကုန်သွယ်မှုကလည်း ထောင့်ပေါင်းစုံက ရှိတဲ့အခါကျတော့ ဒီအပေါ်မှာ တွက်ချက်ပြီးတော့ အခုရက်ပိုင်း ဖြစ်တဲ့ပြဿနာကို ကြည့်တဲ့အခါကျတော့ ဒီ တရုတ်လက်ကလည်း တရုတ်နှစ်သစ်ကူးတွေ ဘာတွေနဲ့ တိုက်ပြီး အရောင်းအဝယ်တွေ မလုပ်ကြတဲ့အခါကျတော့ ဒီငွေဈေးက ပိုပြီးတော့ အခြေအနေ ဆိုးရွားတဲ့ အနေအထားလို ဖြစ်သွားတာပေါ့။”

မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ကျဆင်းပြီးတော့ မြန်မာငွေဈေး တက်နေတဲ့အကြောင်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။