မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနဲ့ နိုင်ငံရေးနဲ့စစ်ရေးအရ သဘောတူထားတာတွေအားလုံးကို သူတို့ဘက်က စွန်ှ့ပစ်လိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားဘက်က ဘာကြောင့် အခုလို သဘောတူညီချက်တွေကို စွန့်ပစ်လိုက်တာပါလဲ။ တောင်ကိုရီးယားဘက်ကရော ဒီအပေါ် ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
ဒီကြေညာချက်ကို မြောက်ကိုရီးယားအစိုးရ သတင်းဌာနကနေ သောကြာနေ့ကပဲ ကြေညာခဲ့တာပါ။ ဒီကြေညာချက် ထဲမှာတော့ - မြောက်ကိုရီးယားအနေနဲ့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား နိုင်ငံရေး နဲ့ စစ်ရေးအရ သဘောတူညီချက်တွေအားလုံးကို ပယ်ဖျက်ပစ်လိုက်ပြီလို့ ရေးသားထားပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး မြောက်ကိုရီးယားကော်မတီ ကနေ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ပင်လယ်ဝါ မှာ တောင်နဲ့မြောက် ကိုရီးယားတို့ရဲ့ ရေပိုင်နက်နဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေကို မြောက်ကိုရီးယားဘက်က လက်မခံတော့ဘူး၊ စွန့်ပစ်ခဲ့ပြီလို့ ဆိုပါတယ်။ တကယ်တော့ အဲဒီနေရာဟာ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား သွေးမြေကျတဲ့အထိ တိုက်ခိုက်ခဲ့ကြတဲ့ နေရာဖြစ် ပါတယ်။ ပြီးတော့လည်း တောင်ကိုရီးယားဟာ စစ်ဖြစ်လုနီးနီးအခြေအနေထိရောက်အောင် လုပ်ဆောင်နေတယ်လို့လည်း မြောက်ကိုရီးယားဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က အခုလို သဘောတူညီချက်တွေဖျက်ပြီး စွပ်စွဲပြောဆိုတာတွေကို လုပ်ဆောင်နေပေမယ်လို့ တောင်ကိုရီးယားဘက်ကတော့ - ဆွေးနွေးပြောဆိုမှုတွေလုပ်ကြဖို့ မြောက်ကိုရီးယားအစိုးရကို တိုက်တွန်းချက်နဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဒီတုံ့ပြန်ချက်ကို တောင်-မြောက်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး တောင်ကိုရီးယား ဝန်ကြီးဌာနကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ - ပြောရေးဆိုခွင့်ရှိသူ ကင်မ် ဆူအွန် မီ (Kim Seon Mi) က ဖတ်ပြခဲ့ပါတယ်။
“နိုင်ငံရေး စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့နေတဲ့ အခြေအနေတွေ၊ ၂ နိုင်ငံအကြား ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ထားတာတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ အားလုံးကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်တယ် ဆိုပြီး ဒီကနေ့ ပြောဆိုခဲ့တဲ့အပေါ် တောင်ကိုရီးယား အစိုးရအနေနဲ့ တကယ့်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ၂ နိုင်ငံ သဘောတူညီချက်တွေကို ၂ ဖက်စလုံးရဲ့ သဘောဆန္ဒနဲ့သာ ပြန်လည် ပြင်ဆင်ရမှာ ဖြစ်သလို၊ တနိုင်ငံဖက်ကပဲ တဖက်သတ်တောင်းဆိုမှုတွေနဲ့ စွန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနဲ့ ထိပ်တိုက်တွေ့တော့မယ့် အနေအထားမျိုးတွေ ပြခဲ့ ခြိမ်းခြောက်ခဲ့ပြီးတဲ့ ဒီလစောစောပိုင်းမှာပဲ - တောင်ကိုရီးယားဘက်ကလည်း သူတို့တပ်တွေကို အသင့်အနေအထားရှိကြဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားကနေ တောင်ကိုရီးယား သမ္မတ လီမြုံဘတ် ကို နှစ်နိုင်ငံပေါင်းစည်းရေးမှာ သစ္စာဖောက်လို့ ခေါ်ပြီး ရှေးရိုးစွဲဆန်တဲ့ သမ္မတ လီမြုံဘတ် ရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့လည်း ဝေဖန်ခဲ့ပါသေးတယ်။
မနှစ်ကစလို့ သမ္မတတာဝန်ကို တရားဝင်ထမ်းဆောင်ကတည်းက သမ္မတ လီမြုံဘတ် ဟာ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို စီးပွားရေးအကူအညီတွေနဲ့ လဲလှယ်ဖို့အတွက် စွန့်လွှတ်ရမယ်လို့ပြောရင်းနဲ့ မြောက်ကိုရီးယား အတွက် စီးပွားရေး အကူအညီတွေ ပေးအပ်နိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က အခုလို သဘောတူညီချက်တွေကို ဖျက်သိမ်းပြီး တောင်ကိုရီးယားကို ခြိမ်းခြောက်ပြောဆိုတာ တွေဟာ သူတို့ရဲ့ မြောက်ကိုရီးယား အစိုးရအတွင်းမှာကို တည်ငြိမ်မှုမရှိဘူးဆိုတာ ပြနေတာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ယွန်ဆိုင်းတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် လီချောင်မင်း (Lee Chang Min) က ဆိုပါတယ်။
“တောင်ကိုရီးယားနဲ့ ရန်ဖက်အဖြစ် ပြန်လည် ကျင့်သုံးတော့မယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ကြေညာချက်ဟာ သူ့ရဲ့ လူထုကိုပဲ ထိခိုက်စေလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ကင်မ်ဂျုံအီး အစိုးရ အနေနဲ့ မရေရာ မသေချာမှုတွေနဲ့ ဝန်းရံ နေတဲ့ အချိန်မှာ နိုင်ငံရေးကို အစိုးရက ချုပ်ကိုင်ထားနိုင်စွမ်းက သိပ်ရှိလှမယ်လို့ ကျနော်တော့ မယုံကြည်ပါဘူး။”
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ အခုလို ရန်လိုမှုတွေဟာ - လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီး သေဆုံးတဲ့အခါ သူ့သား ၃ ယောက်ထဲက ၁ ယောက်ကို ရွေးချယ်လိမ့်မယ်ဆိုတဲ့ ကြိုတင်သုံးသပ်ချက်တွေ ထွက်ပေါ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး ဟာ ၂၀၀၈ ခုနှစ်မှာ လေဖြတ်ခဲ့ပါတယ်။ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ တောင်-မြောက်နှစ်နိုင်ငံအကြား ပြဿနာကို အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဘယ်တုန်းကမှ လက်မှတ်မထိုးခဲ့တာကြောင့် တောင်နဲ့မြောက်ကိုရီးယားတို့ဟာ စစ်မက်ကြားမှာပဲ ဆက်ရှိနေဦးမှာပါပဲ။