အာဖဂန် ဘိန်းထွက်နှုန်း ကျဆင်းနိုင် ကုလသမဂ္ဂ ခန့်မှန်း

အာဖဂန်နစ္စတန် မှာ ဒီနှစ် ဘိန်းထုတ်လုပ်တာ က နည်းသွားဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ ဒါပေမဲ့၊ အာဖဂန်နစ္စတန် ဟာ ကမ္ဘာ့ အကြီးဆုံး ဘိန်းထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်မြဲဖြစ်နေပါသေးတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဟာ တာလီဘန်သူပုန်တွေအတွက် အဓိက ဝင်ငွေရလမ်း ဖြစ်နေပြီး၊ အာဖဂန်နစ္စတန် မှာ အစိုးရ အရာရှိတွေ ပိုလို့ အကျင့်ပျက်လာရတဲ့ အကြောင်းလည်းဖြစ်နေတာ ကို အစ္စလာမ္မာဘတ် မြို့ က နေ့ အားယား ဂူးလ် Ayaz Gul က သတင်းပေးပို့ထားပါတယ်။ ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

မိုးခေါင်လာတာနဲ့အတူ၊ ဂျုံဈေး က မြင့်လာပြီး၊ ဘိန်းဈေး က ကျလာတာရယ်၊ အစိုးရ ဖိအားရယ်ကြောင့် အာဖဂန်နစ္စတန် နိုင်ငံမှာ ၂၀၀၈ ခုနှစ် ဘိန်းစိုက်ပျိုးတာ က ကျဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂ နဲ့ အာဖဂန် အရာရှိတွေ က ပြောကြပါတယ်။

နှစ်စဉ်လုပ်တဲ့ ဆောင်းရာသီ လေ့လာချက် ကို ကဘူူးမြို့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး၊ ထုတ်ပြန်ခဲ့ရာမှာ၊ ကုလသမဂ္ဂ ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာ ကိုယ်စားလှယ် ကိုင် အိုင်ဒါ Kai Eide က ဒီ နှစ် ဘိန်းထုတ်လုပ်မှု ဟာလည်း ပိုပြီး ကျသွားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။ အာဖဂန်နစ္စတန် မှာ ပြည်နယ် ၃၄ ခု ရှိတဲ့အနက်၊ ဘိန်း မစိုက်ကြတော့တဲ့ ပြည်နယ် ဟာ ၁၈ ပြည်နယ် ကနေ ၂၂ ပြည်နယ်အထိ တိုးများလာနိုင်တယ်လို့ သူ က ပြောပါတယ်။ ဒါ ဟာ မူးယစ်ဆေး ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားမှု ထိရောက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ဘိန်းစိုက်ပျိုးတာ ဟာ အာဖဂန်နစ္စတန် မှာ ကျယ်ကျယ်ပြန့်ပြန့် ပြဿနာ မဟုတ်တော့ဘူး လို့ အဓိပ္ပါယ် ရပါတယ်။ တောင်ပိုင်း ပြည်နယ် အနည်းငယ် မှာ ပဲ ရှိနေတဲ့ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ တောင်ပိုင်းမှာလည်း အရေးပါလောက်အောင် ထုတ်လုပ်မှု ကျသွားမယ့် အလားအလာတွေ ရှိနေပါတယ်။ ဒါကြောင့် ဘိန်းလုပ်ငန်းကြီး ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ သူတွေ ကို အဓိက ထိုးနှက်လိုက်တာ ဖြစ်ပါလိမ့်မယ်။”

မစ္စတာ အိုင်ဒါ က နိုင်ငံတကာ အလှူရှင်တွေ ကို ထပ်ဆောင်း အကူအညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲသလို ကူညီခြင်းအားဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ပါးသွားပြီး၊ အာဖဂန်နစ္စတန် ဖွံ့ဖြိုးတိုးတက်လာဖို့ သေချာစေလိမ့်မယ်လို့ သူ က ပြောပါတယ်။ ၂၀၀၂ က စပြီး၊ အာဖဂန်နစ္စတန် မှာ ဘိန်းထုတ်လုပ်မှု က နှစ်စဉ် တက်လာခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ဘိန်းအထွက် အဓိက ကျသွားဖို့ လက်တကမ်းအလိုမှာပဲ ရှိပါတော့တယ်။ ဒီ နှစ် ဟာ အချိုးအကွေ့နှစ် ဖြစ်နိုင်ပါတယ်။

“လက်ရှိ တိုးတက်မှုတွေကြောင့် ဘိန်းလုပ်ငန်းကြီးတစ်ခုလုံး ကို အရေးပါပါ ထိုးနှက်နိုင်တဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပေါ်လာတယ်လို့ ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အလမ်း ကို နိုင်ငံတကာ အလှူရှင်တွေကရော၊ အစိုးရ က ပါ ထိထိရောက်ရောက် အသုံးချကြရပါမယ်။ ကျွန်တော်တို့ အပြည့်အ၀ အသုံးမချနိုင်ဘူး ဆိုရင်၊ ရှေ့တိုးတက်မှု ရရမယ့် အစား၊ ကိုယ့်ကို ပြန်လာထိမယ့် အရေး ကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။”

လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဘိန်း ကို ပိုပြီးထုတ်လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ် က ဘိန်းဈေး ဟာ ရာနှုန်း ၂၀ ကျသွားခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ က ပြောပါတယ်။ ဘိန်း ကို ဒီနှစ် မစိုက်တဲ့ အဓိက အကြောင်း အဖြစ် ဂျုံဈေးတက်လာတာ ကို ယာသမားတွေ က ညွှန်းဆို ပြောကြားကြပါတယ်။
တိုင်းပြည်တဝှမ်း မှာ သူပုန်တွေ က ပိုမိုတိုက်ခိုက်လာတဲ့အချိန်မှာ၊ ဘိန်းကုန်ကူးသူတွေ အပေါ် တိုက်ရိုက် တိုက်ခိုက်နိုင်ခွင့် ကို အောက်တိုဘာလ မှာ ကျင်းပတဲ့ နေတိုး ကာကွယ်ရေးဝန်ကြီးတွေ ရဲ့ အစည်းအဝေး က တပ်တွေ ကို ပေးလိုက်ပါတယ်။ အဲဒီ အခွင့်အာဏာ ကို လက်တွေ့အကောင်အထည်ဖော်ခဲ့တယ် လို့ အများပြည်သူ အစီရင်ခံစာတွေ မှာတော့ မတွေ့ရသေးပါဘူး။

နိုင်ငံခြားတပ်တွေ ဆီ က ရတဲ့ အထောက်အကူ ဟာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေ မှာ အသက်တမျှ အရေးပါလှတယ်လို့ အာဖဂန် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဝန်ကြီး ဗိုလ်ချုပ် ခိုဒိုင်ဒတ် က တနင်္ဂနွေနေ့ သတင်းစာရှင်လင်းပွဲ မှာ ပြောပါတယ်။

“နေတိုးတပ်တွေ ဒါမှမဟုတ် ညွန့်ပေါင်းတပ်ဖွဲ့တွေ ဟာ တားမြစ် အမိန့်တွေ ကို အကောင်အထည်ဖော်ရာမှာ ပါကြရပါမယ်။ ရန်သူ ယာဉ်တန်း ကို သူတို့ ပစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးရောင်းဝယ်သူတွေ၊ ခိုးသွင်းကြသူတွေ၊ အကြမ်းဖက် ဝါဒ နဲ့ အယ်ကိုင်ဒါ တို့ ဟာ အတူတူပါပဲ။ အာဖဂန်နစ္စတန် ရဲ့ ရန်သူတွေ ဖြစ်ကြပါတယ်။”

အာဖဂန်နစ္စတန် ရဲ့ တောင်ပိုင်း နဲ့ အနောက်တောင်ပိုင်း မှာ ရှိတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အဓိက ပြည်နယ် ၇ ပြည်နယ် က ၂၀၀၈ ခုနှစ် ဘိန်းအထွက်ရဲ့ ၉၈ ရာနှုန်း ကို ထုတ်လုပ်ပေးပါတယ်။ အဲဒီဒေသတွေ မှာ တာလီဘန် ဦးဆောင်တဲ့ သူပုန်တွေ က အလှုပ်ရှုားကြဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် က ဘိန်း တင်ပို့မှုတန်ဖိုး ဟာ ဒေါ်လာ သန်းပေါင်း ၃၅၀၀ နီးနီးရှိလိမ့်မယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းပါတယ်။ လယ်သမားတွေ နဲ့ ခိုးသွင်းခိုးထုတ်သူတွေ အပေါ် ဒေါ်လာ သန်း ၅၀၀ အထိ တာလီဘန် သူပုန်တွေ က အခွန်ကောက်ခဲ့တယ်လို့လည်း ကုလသမဂ္ဂ က ပြောပါတယ်။