“နိုင်ငံရေးတိုးတက်မှု မရှိဘဲ ဘန်ကီမွန်း မလာသင့်” ဒေါ်စုတိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေရှိမှ မြန်မာနိုင်ငံဆီ လာသင့်တယ်၊ မြန်မာစစ်အစိုးရဘက်က အနည်းဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း အန်န်အယ်လ်ဒီပါတီက ပြောပြပါတယ်။ အလားတူပဲ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားကို ပြောခဲ့ပါတယ်။ အကြောင်းစုံကို အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”

ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”

ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။

“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”

SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အဝတော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။

“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”

SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။