အိန္ဒိယဒုသမ္မတ နေပြည်တော်ရောက်နေတုန်း နယ်စပ်မှာ သူပုန်ချင်း တိုက်ပွဲဖြစ်

အိန္ဒိယမြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်းမှာ ကသည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဇိုမီး ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယ ဗဟိုအစိုးရကိုတော်လှန်နေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း စိုးမိုးဖို့ ကြိုးစားလာတဲ့အတွက် ဇိုမီးချင်းတပ်ဖွဲ့တွေက တိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ခိုက်မှုဟာ မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မောင်အေးနဲ့ အိန္ဒိယ ဒုသမ္မတ တို့ နယ်စပ်ဒေသအခြေအနေတွေ ဆွေးနွေးနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီတိုက်ပွဲဟာ မနေ့မနက် ၁၀ နာရီကနေ ၁၂ နာရီခွဲလောက်အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီသတင်းကို အိန္ဒိယမြန်မာနယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ဇိုမီးလူ့အခွင့်အရေးဖောင်ဒေးရှင်း က ကိုမင်းထန် က အခုလိုပြောပါတယ်။

“ချင်းပြည်နယ် ကျီခါးမြို့နယ်ခွဲ ကျီခါးမြို့နဲ့ မိုင် ၂၀ ဝေးတဲ့ ဟိုင်ကျင်း ကျေးရွာပေါ့နော်။ အိန္ဒိယမြန်မာနယ်စပ် က ရွာနားမှာ တိုက်ပွဲဖြစ်တာ။ အိန္ဒိယပြည်မှာအခြေစိုက်တဲ့ ဇက်အာအေ (ZRA) ပေါ့နော်၊ သူတို့က မြန်မာပြည်ထဲ ဝင်ပြီးတော့ ဟိုင်ကျင်းကျေးရွာနားမှာပေါ့နော်။ ကသည်းတွေ ပြန်လာတဲ့အချိန်ကို စောင့်ကြိုပြီးတော့ ခြုံခိုတိုက်လိုက်တာ။”

ကသည်းလက်နက်ကိုင်တပ်ဖွဲ့က အိန္ဒိယ ဗဟိုအစိုးရကို တော်လှန်နေတဲ့ ပီအယ်လ်အေ (PLA) ခေါ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖဲ့ွဖြစ်ပြီး ဇက်အာအေ (ZRA) ကတော့ ဇိုမီးအမျိုးသား တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။ ဇိုမီး ဆိုတာက ချင်းပြည်နယ် မြောက်ပိုင်းနဲ့ အိန္ဒိနိုင်ငံ မဏိပူရ ခေါ် ကသည်းပြည်နယ် တောင်ပိုင်းမှာ နေထိုင်တဲ့ ဇိုမီးချင်းအမျိုးသားတွေ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ ကသည်းတပ်ဖွဲ့ဘက်က ၄ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ဇက်အာအေ (ZRA) ဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။ ကသည်းနဲ့ ဇိုမီးချင်းလက်နက်ကိုင် တပ်ဖွဲ့တွေအကြားမှာ မကြာခဏ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အခုတကြိမ် တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းကိုတော့ ကိုမင်းထန်က အခုလို သုံးသပ်ပါတယ်။

“ကသည်းတွေက ဒီမြန်မာစစ်တပ်တွေကို ကျောထောက်နောက်ခံ ပြုပြီးတော့ အိန္ဒိယစစ်တပ်တွေကို တိုက်ဖို့ပေ့ါနော်။ နောက် - ဟိုမှာ လူမျိုးစုလက်နက်ကိုင်တွေ တိုက်ဖို့ ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တလျောက်ကို သူတို့က စိုးမိုးချင်တာ၊ စခန်းတွေ တည်ဆောက်ချင်တဲ့သဘော၊ အဲဒီလို ရှိတယ်။ အဲဒါနဲ့ အိန္ဒိယပြည်ဘက်က ဇီအာအေ (ZRA) ကလည်း ကသည်းတွေရဲ့ တဖြည်းဖြည်းနဲ့ နေရာချဲ့လာမှုအပေါ် ဇိုမီးတွေက မကြိုက်လို့ပေါ့နော်၊ အဲဒါ သွားတိုက်တာတော့ ဖြစ်နိုင်လောက်တဲ့ အနေအထားရှိတယ်။”

ကသည်းတပ်ဖွဲ့တွေကို မြန်မာစစ်အစိုးရက လက်ခံထောက်ခံထားသလို ဇိုမီးတပ်ဖွဲ့တွေကို အိန္ဒိယအစိုးရက ထောက်ခံထားတယ် ဆိုတဲ့ နေရာဟာ နှစ်နိုင်ငံ အစိုးရတွေရဲ့ နယ်စပ်အရေး ဆွေးနွေးပွဲတွေမှာ မကြာခဏ အငြင်းပွားရတဲ့အချက် ဖြစ်ပါတယ်။ ချင်းပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဒေသခံ ချင်းပြည်သူတွေအပေါ် လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ဇိုမီးလူ့အခွင့်အရေး ဖောင်ဒေးရှင်းက ကိုမင်းထန် က ဆက်ပြောပါတယ်။

အခုလို နယ်စပ်ဒေသမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ကြားနယ်မြေစိုးမိုးရေး အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေချိန် မှာတော့ မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲ ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး နဲ့ အိန္ဒိယ ဒုသမ္မတ အမ်ဟာမစ် အန်ဆာရီ တို့ဟာ မြန်မာနိုင်ငံ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ပီတီအိုင် (PTI) ခေါ် အိန္ဒိယသတင်းဌာနက ထုတ်ပြန်တဲ့သတင်းမှာတော့ မြန်မာအစိုးရဘက်က အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့တွေကို မြန်မာမြေပေါ်မှာ အခြေစိုက်ခွင့် မပြုပါဘူးလို့ ကတိပေးကြောင်း ဖော်ပြပါတယ်။

မြန်မာစစ်အစိုးရကထုတ်ပြန်တဲ့ သတင်းတွေမှာတော့ ဒီအချက်ကိုဖော်ပြတာမတွေ့ရဘဲ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတွက် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။