ဂမ်ဘာရီ ခရီးစဉ်အတွင်း တိုးတက်မှုမပြတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဝေးတဲ့ထောင်ပို့

နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေကို ပြသတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးလို လုပ်ရပ်တွေကို ပြသဖို့လိုတယ်လို့ အတိုက်အခံနိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုနေချိန်မှာပဲ နောက်ထပ် ပြစ်ဒဏ် စီရင်တာတွေ၊ စီရင်ခံရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ ထောင်တွေကို အာဏာပိုင်တွေက ဒီကနေ့အထိ ရွှေ့ပြောင်းနေတုန်းပါပဲ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မနေ့တုန်းကပဲ အစိုးရနဲ့ အတိုက်အခံတွေကြား စေ့စပ်ဆွေးနွေးတာတွေ ချက်ခြင်းလုပ်ဖို့ တိုက်တွန်းလိုက်ချိန်မှာ အခုလို လုပ်ဆောင်မှုတွေကိုလည်း တွေ့နေရတာပါ။ ဒါဟာဆိုရင် စစ်အစိုးရဖက်က နိုင်ငံရေးအရ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ့်အစား သဘောထား တင်းမာမှုကို ပြသနေတာလို့ အတိုက်အခံတွေက မြင်ကြပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အခုနောက်ဆုံးကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားရာကနေ မိသားစုနဲ့ဝေးလံတဲ့ ထောင်တွေကို ရွှေ့ပြောင်းလိုက်လို့ ဒါဟာ စစ်အစိုးရဖက်က သဘောထား မပြောင်းလဲသေးတာကို ပြသရာ ရောက်နေတယ်လို့ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်တာပါ။ အခုတပတ်ထဲမှာပဲ မြန်မာ့နိုင်ငံရေး ကြားဝင်စေ့စပ်ပေးဖို့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ရောက်လာခိုက် နိုင်ငံရေး တိုးတက်မှုရှိတယ်ဆိုတဲ့ လက္ခဏာကို ပြသတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အထူးကိုယ်စားလှယ်နဲ့ တွေ့ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက တိုက်တွန်းထားတဲ့ ကြားကမှ ဒီလို လုပ်လိုက်တာဟာ ဟာ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ရမယ့်အစား ဖိနှိပ်မှုတွေကိုသာ တိုးလုပ်နေတာပဲလို့ အဲန်အယ်လ်ဒီ ပါတီက ပြောလိုက်တာပါ။

“ကျနော်တို့အမြင်တော့ ခုချိန်ထိ တင်းမာနေတယ်။ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဆက်လက် ဖိနှိပ်နေတယ်လို့ပဲ မြင်ပါတယ်။ နှစ်ရှည် ထောင်ဒဏ်ချတယ်၊ ထောင်တွေကို အဝေး ပို့တယ်။ မိသားစုတွေ ဆက်သွယ်ရ ခက်အောင်လို့။ ပြစ်ဒဏ်ကို အမျိုးမျိုး ပိုပြီးတော့ ထိခိုက်အောင် ပြစ်ဒဏ်တမျိုးကနေ တယောက်ကို အပြစ်ပေးရင် ကျန်တဲ့သူတွေကို အပြစ်ရသလို ဒုက္ခတွေရောက်အောင် လုပ်နေတဲ့သဘောပဲ ရှိပါတယ်။”

အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပါ။ ဒီလို နယ်ထောင်တွေကို ရွှေ့ပြောင်းလိုက်တဲ့နေရာမှာ မိသားစုတွေအဖို့ လက်လှမ်းမမှီနိုင် ဖြစ်ကြရသလို၊ ဒီအထဲက တချို့ဆိုရင်လည်း မိသားစုဝင် တဦးချင်းကို နယ်တနယ်စီ ပို့လိုက်တာမျိုးတွေလည်း ရှိခဲ့လို့ ပိုလို့ အခက်ကြုံကြရတာပါ။ အခုနောက်ဆုံး ပြောင်းရွှေ့လိုက်တဲ့အထဲက ဒေါ်စန်းစန်းတင်၊ ကိုချစ်ကိုလင်း၊ မနိုးနိုး တို့ဟာ ဆိုရင်လည်း မိသားစုတစုထဲက ဖြစ်ကြပေမယ့်လို့ တကွဲတပြား ပို့ဆောင်တာ ခံခဲ့ရသလို၊ အခုဆိုရင် သူတို့ မိသားစုဝင်တွေထဲက ၅ ဦးဟာ ထောင်ဒဏ်အပြစ်ပေးခံနေရပြီး အားလုံးဟာလည်း တနယ်စီ ရောက်နေလို့ သောကရောက်နေရသူကတော့ သူတို့ရဲ့ သားချင်းတဦးဖြစ်သူ ဒေါ်စုစုကြည် ဖြစ်ပါတယ်။

“အန်တီ သတင်းကြားတာပေါ့နော်။ ကြားတော့ အန်တီ သွားစုံစမ်းတယ် ချက်ခြင်းပဲပေါ့နော်။ အဲဒီမှာ ချစ်ကိုလေး ကို ပခုက္ကူကို ပြောင်းတယ်တဲ့။ ဒေါ်စန်းစန်းတင် ကို မတ္ထီလာ၊ နိုးနိုး ကို မတူပင်၊ တနယ်စီကို ပို့ပစ်လိုက်တာ။ နောက် နှစ်ယောက်က ကျော်စွာဌေး က ဗန်းမော် မှာ၊ သမီး သက်သက်အောင် က မြင်းခြံမှာ ပို့လိုက်တယ်။ အန်တီ တော်တော်ကို စိတ်ညစ်နေတယ်။ ဘာလုပ်ရမှန်းကို မသိဘူး ဖြစ်နေတယ်။ ပခုက္ကူ လိုက်ရမယ်။ ပခုက္ကူ ပြန်လာပြီးရင် တခါ မိတ္ထီလာ လိုက်ရမယ် နော်၊ နောက်တော့တခါ ပြန်လာပြီး မအူပင် လိုက်ရမယ်။ အဲဒီလိုတွေ တခေါက်စီပြန်လာပြီး ပြန်လိုက်နေရတော့ တလလုံးမှာ ဘယ်အချိန်သွားပြီးတော့ နားမလဲ။ ဒါ မိသားစုကို တနယ်ထဲ ထားပေးလို့ချင်ရင် ပို့ရတာ အဆင်ပြောတာပေါ့။ ဒီ ရန်ကုန်မှာ အင်းစိန်မှာပဲ ထားတော့ရော ဘာဖြစ်လို့လဲ။ ဘာလုပ်နိုင်လို့လဲ။ ဟုတ်တယ်မဟုတ်လား သူတို့လည်း ဖမ်းလည်း ဖမ်းထားပြီးပြီ။ ဒီနေ့တနေ့လုံး အန်တီလေ ခေါင်းတွေနောက်ပြီးတော့ ငိုချင်တယ်။ ငိုလို့လည်း မရတော့ဘူး အန်တီမှာ။ စိတ်ဆင်းရဲတာပေါ့နော်။ ဒီ ၅ ယောက်စလုံးကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာကို။ ဖိုးသူတော်လဲသွားရင် သူတို့က ပိုကြိုက်တာပေါ့။ အန်တီက ဖိုးသူတော်ကိုး။ ဒါပေမယ့် အန်တီ မလဲအောင်တော့ ကြိုးစားထားပါတယ်။ တောင်ဝှေးတွေက အကုန်လဲကုန်ပြီဆိုတော့။ အန်တီကလည်း မလဲအောင်လို့ ကြိုးစားရမှာပဲ။ သူတို့ဘယ်နေရာရောက်ရောက် သွားမှာပဲ။ အန်တီကလည်း ကြိုးစားပြီး လုပ်မှာပဲ။”

အခုနောက်ဆုံး နယ်ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဟာဆိုရင် ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းပွဲတွေ နောက်ပိုင်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် လုပ်တယ်၊ ဆူပူမှုတွေနဲ့ ပတ်သက်တယ် စတာတွေ အပါအဝင်၊ စွပ်စွဲချက်အများအပြားနဲ့ ထောင်ဒဏ် ၉ နှစ်ကနေ ၁၁ နှစ် အထိ အပြစ်ပေးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအထဲမှာမှ တချို့ဟာဆိုရင်လည်း စွပ်စွဲချက်တခုတည်းကို ထပ်တလဲလဲ တပ်ပြီး နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရသူတွေလည်း ပါပါတယ်။

တကယ်တော့ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံတုန်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဲန်အယ်လ်ဒီ ပါတီက မြန်မာနိုင်ငံမှာ တရားဥပဒေ ကင်းမဲ့နေတယ်၊ တရားစီရင်ရေးမှာ မမျှမတ လုပ်တာတွေ ရှိနေတယ်ဆိုပြီးတော့လည်း အထူးကိုယ်စားလှယ်ကို ပြောခဲ့တာပါ။ မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ် အဆုံးသတ်နေ့၊ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့၊ ဝန်ကြီးချုပ် စတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း ပြောဆိုကြတဲ့ နေရာမှာတော့ မြန်မာစစ်အစိုးရဖက်က သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်၊ တရားစီရင်မှုတွေမှာလည်း ဥပဒေနဲ့အညီ မျှမျှတတ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်ဆိုပြီး တုန့်ပြန်ခဲ့တာပါ။ အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုမရှိ ဖြစ်နေဆဲ လို့ ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး ရှုထောင့်ကကြည့်မယ်ဆိုရင် ပြစ်ဒဏ်တခုကို အကြိမ်ကြိမ်အခါခါ အပြစ်ပေးခွင့် မရှိဘူး။ ဒါပေမယ့် ဒီဟာတွေလည်း အယူခံမှာ သက်ဆိုင်ရာရှေ့နေတွေက ပြောကြမှာပဲ။ ခြုံပြီးတော့ပြောရင်တော့ ကျနော်တို့ ဒီလောက် ပြစ်ဒဏ်တွေ ပေးနေတာကတော့ မျှတမှုမရှိဘူးလို့ပဲ ယူဆပါမယ်။ တခု - အဲဒီမှာ ဝန်ကြီးပြောလိုက်တာက သူတို့နဲ့မဆိုင်ဘူး။ တရားရုံးနဲ့ပဲ ဆိုတယ်ဆိုတဲ့သဘော ပြောလိုက်တာ၊ ဒါက တရားဥပဒေ စိုးမိုးရေး ရှိမယ်။ တရားစီရင်မှုက လွတ်လပ်မှုရှိမယ်ဆိုရင်တော့ ဒီသဘောက မှန်တာပေါ့။ အခုဟာက ရှေ့နေလည်း ဝင်လို့မရ၊ ဝင်ခွင့်ရရင်လည်း တိုင်ပင်ခွင့်မရ။ ဒီလိုအခက်အခဲတွေ အများကြီး ရှိနေတာဟာ တရားမျှတမှု မရှိတဲ့သဘောပါ။”

အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပါ။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ မှတ်တမ်းတွေအရ ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိနေတာပါ။ ဒီအထဲမှာဆိုရင်လည်း ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားကြသူတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ဒီလူတွေအတွက် ဥပဒေအကျိုးဆောင်ပေးသူ ရှေ့နေတွေလည်း အပါအဝင် ဖြစ်ပါတယ်။