၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနှင့် ဒေသတွင်း လူ့အခွင့်အရေး

အာဆီယံအသင်းကြီးအနေနဲ့ နိုင်ငံတကာအလယ်မှာ ယုံကြည်ကိုးစားထိုက်တဲ့ ခိုင်မာတဲ့ ဒေသတွင်း အဖွဲ့အစည်း တခု ဖြစ်တယ် ဆိုတာကို ပြသဖို့ လာမယ့် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကြီးဟာ အချိန်ကောင်း ဖြစ်ပါတယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝိတ်ချာချီ၀ က ပြောဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာစစ် ပီရုမ်း (မ်) ကလည်း အာဆီယံထိပ်သီး ညီလာခံမှာ ဒေသတွင်း ရိုက်ခတ်နေတဲ့ Rohigya ဒုက္ခသည်တွေရဲ့အရေး သီးခြား ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။ ဒီလ ၂၆ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့ အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးမယ့် ၁၄ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံ အကြို အနေနဲ့ ထိုင်းအစိုးရက သတင်းထောက်တွေကို ရှင်းလင်း ပြောဆို လိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက တင်ဆက်ပါတယ်။