အမေရိကန်တပ်သား ၂၀,၀၀၀ နီးပါး အာဖဂန်သို့ ထပ်မံစေလွှတ်မည်

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမား လွန်ခဲ့တဲ့ ၁လက သမ္မတ ရာထူး စတင် ထမ်းဆောင်ကတည်းက ပထမဆုံးအကြိမ်အဖြစ်နဲ့ အင်္ဂါနေ့ ညပိုင်း မစ္စတာ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ စကားပြောခဲ့တယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဆိုင်းရဲ့ ရုံးခန်းက ပြောပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံကို အမေရိကန် တပ်သား ၁၇၀၀၀ လောက် ထပ်ပြီးပို့ပေးဖို့ အစီအစဉ်ကို မစ္စတာ အိုဘားမား ကြေညာလိုက်တဲ့ တရက်တည်းမှာပဲ သမ္မတ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ ဖုန်းပြောခဲ့တာပါ။ ၂ဘက်ခေါင်းဆောင်တွေက ၂နိုင်ငံ ဆက်ဆံရေး ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒ၊ မကြာခင်မှာ အာဖဂန်နစ္စတန်မှာ ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲနဲ့ တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် လပိုင်းတွေမှာ အာဖဂန်နစ္စတန် နိုင်ငံကို တပ်သား ၁၂၀၀၀ ထပ်ပို့ပေးပြီး၊ နောက်ထပ် တပ်သား ၅၀၀၀ ထပ်ပို့ပေးဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကို ကြိုဆိုကြောင်း အာဖဂန် အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားသွားပါတယ်။ တပ်တွေကို လုံခြုံရေးလိုအပ်နေတဲ့ နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ချထားစေချင်တယ်လို့ သူတို့က ပြောပါတယ်။ တပ်သား အသစ်တွေ ပို့ပေးလိုက်ရင်တော့ အာဖဂန်နစ္စတန်မှာ ရှိတဲ့ အမေရိကန် တပ်သား ဦးရေက စုစုပေါင်း ၅၅၀၀၀ ဖြစ်သွားမှာပါ။