မြန်မာနိုင်ငံမှာ အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ က ကြေညာသွားပါတယ်။ လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မလား၊ ဘယ်နှစ်ယောက်လောက် ပါဝင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူသားချင်း စာနာထောက်ထားမှု အကြောင်းအချက်တွေရယ်၊ အကျဉ်းသားတွေရဲ့ မိသားစုတွေကို စာနာပြီးတော့ရယ် အစိုးရက စိတ်ကောင်းစေတနာ နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ အစိုးရရဲ့ ည ၈ နာရီ ရုပ်မြင်သံကြားသတင်းမှာ ကြေညာသွားပါတယ်။
အကျဉ်းသားတွေကို မနက်ဖြန် စနေနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စလွှတ်ပေးမှာဖြစ်တယ်လို့ ကြေညာပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်သွားပြီး နောက်တရက်မှာပဲ အခုလို ကြေညာချက်ထွက်လာတာပါ။ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံခွင့်မရခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်း ပြန်လွှတ်ပေးဖို့ သူက အဆိုပြုတာကို မြန်မာပြည်ထဲရေး ဝန်ကြီးက စဉ်းစားမယ်လို့ ပြောခဲ့ကြောင်း မစ္စတာ ကင်တားနား က ပြောပါတယ်။