တရုတ်-အမေရိကန် ဆက်ဆံရေးပိုခိုင်မာဖို့ ဝန်ကြီးကလင်တန် လိုလား

အမေရိကန်ပြည်ထောင်စု နဲ့ တရုတ်နိုင်ငံတို့ဟာ အပြိုင်အဆိုင် မလုပ်ကြဘဲ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေကို အလေးထားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာတိုးတက်အောင် လုပ်ဆောင်နေကြပါတယ်လို့ ဘေဂျင်းမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရန်ကျဲချီ (Yang Jiechi) နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီးတဲ့ နောက် ဝန်ကြီးကလင်တန်က အခုလို ပြောဆိုတာ ဖြစ်ပြီးတော့ အမေရိကန် ပြည်ထောင်စုမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို အာမခံပါကြောင်း နဲ့ သမ္မတ အိုဘားမား အစိုးရဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှေ့ကို တိုးတက်စေဖို့ နည်းလမ်းတွေ ရှာဖွေနေတဲ့အကြောင်း ကိုလည်း သတင်းတွေထောက်တွေကို မစ္စ ကလင်တန် က ပြောကြားသွားပါတယ်။

ကမ္ဘာကြီးရဲ့ စီးပွားရေး အကျပ်အတည်းနဲ့ ဥတုရာသီပြောင်းလဲခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေ အပါအဝင် နယ်ပယ်များစွာမှာ အမေရိကန်ဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ကလင်တန် က ပြောကြားခဲ့တဲ့အပြင် မနှစ်က အောက်တိုဘာလမှာ ထိုင်ဝမ်ကို သမ္မတဘုရှ် အစိုးရက ဒေါ်လာ သန်းပေါင်း ၇,၀၀၀ ဘိုး လက်နက်တွေ ရောင်းချဖို့ ကွန်ဂရက် လွှတ်တော်ကို အသိပေးခဲ့ချိန်မှာ ရပ်ဆိုင်းသွားခဲ့ရတဲ့ တရုတ်၊ အမေရိကန် စစ်ရေးဆိုင်ရာ ဆက်ဆံရေး ဖလှယ်မှုတွေကို ပြန်ပြီးလုပ်ဆောင်ကြမယ်လို့လည်း ဝန်ကြီးကလင်တန် က ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်းမြို့ကို ရောက်နေစဉ်မှာ တရုတ် လူ့အခွင့်အရေး တက်ကြွသူတွေ မလှုပ်ရှားနိုင်အောင်လို့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ တော်တော်များများကို နေအိမ်အကျယ်ချုပ်တွေနဲ့ တရုတ်အာဏာပိုင်တွေက အကျဉ်းကျထားပြီးတော့ ရဲတွေက စစ်မေးနေပါတယ်။ အခုအခါ ထောင်ကျနေတဲ့ တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စတာ ဟူကျိုင်း ရဲ့ ဇနီး မစ္စ ကျန်ဇင်းရန် ဟာလည်း နေအိမ် အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတယ်လို့ တရုတ်လူ့အခွင့်အရေး ကာကွယ်သူများ အုပ်စုက ပြောဆိုလိုက်ပါတယ်။