မြန်မာနိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ နိုင်ငံတကာ ဝိုင်းတောင်းဆို

အမေရိကန်၊ ကုလသမဂ္ဂနဲ့ အီးယူ ဥရောပသမဂ္ဂတို့က အသီးသီး မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့
စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀ လောက် မပြည့်အောင် လွှတ်ပေးဖို့ ဆုံးဖြတ်တာဟာ
မလုံလောက်ဘူး၊ လွှတ်ပေးတာကိုတော့ ဝါရှင်တန်က ကြိုဆိုပါတယ်၊ ဒါပေမယ့်
လုပ်စရာတွေ အများကြီးကျန်နေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန
ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဝုဒ်က ပြောဆိုပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီတိုးတက်မှု မရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန်ကလည်း စိတ်ပျက်စကား ဆိုလိုက်ပြီး ပြင်ပက ဖိအားပေးနေပေမယ့်
မြန်မာစစ်ခေါင်းဆောင်တွေက မလှုပ်ဘူးလို့လည်း ပြောကြားကြောင်း ပြောခွင့်ရ
ပုဂ္ဂိုလ်က ဆက်ပြီး ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ပါ့မယ်လို့ ပေးထားတဲ့ကတိတည်
ရေး၊ မြန်မာပြည်ကို ထပ်သွားပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုလားကြောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တနင်္လာနေ့မှာ ပြောဆိုလိုက်ပါ
တယ်။ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား ကြိုတင်သတ်မှတ်ချက်များ မထားဘဲ
စကားဆိုပွဲ ပြန်စဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံကလည်း မြန်မာပြည်မှာ
နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့၊ နိုင်ငံရေးပါတီများအပေါ်
ကန့်သတ်ချုပ်ချယ်ထားတာတွေအားလုံး ရုပ်သိမ်းဖို့ စစ်အစိုးရကို တိုက်တွန်းကြောင်း
ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။