ကမ္ဘာပေါ်က လူ ၁၀ ယောက်မှာ ၆ ယောက်ဟာ လက်ကိုင်မိုဘိုင်းဖုန်း အသုံးပြုလာကြ
တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ လူတွေဟာ လိုင်းဖုန်းအစား လက်ကိုင်မိုဘိုင်းဖုန်း
တွေကို ပိုပြီးရွေးချယ် အသုံးပြုလာကြတယ်လို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်
ရေးနည်းပညာဆိုင်ရာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အင်တာနက်အသုံးပြုမှုပိုင်းမှာလည်း ၂၀၀၂ ခုနှစ်ကထက်စာရင် ၁၁% ပိုပြီးများလာခဲ့
တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေ
ကြားမှာ နည်းပညာပိုင်းဆိုင်ရာ ကွာဟမှုကတော့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ကြား
အပြောင်းအလဲမရှိ ကွာဟနေဆဲပဲလို့ ဖော်ပြထားပါတယ်။ အပြည့်အစုံကို
မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
စာမျက်နှာပေါင်း ၁၀၆ မျက်နှာပါတဲ့ အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံတွေထဲက မြန်မာနိုင်ငံ
တခုတည်းမှာ အိုင်စီတီခေါ် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ
အသုံးပြုမှုရော၊ အသုံးပြုနိုင်တဲ့ အခွင့်အလမ်းပိုင်းမှာပါ လုံးဝကျဆင်းသွားတယ်လို့
အစီရင်ခံစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အင်တာနက်
ဘန်းဒ်ဝစ်သ် (Internet Bandwidth) သုံးစွဲမှု ၉၀% ကျဆင်းသွားတယ်လို့ ပြောပါ
တယ်။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှု တကယ်ပဲ နည်းသွားလို့ပါလား။
မြန်မာနိုင်ငံကနေ လတ်တလောပြန်ရောက်လာတဲ့ ဗြိတိန်က ကွန်ပျူတာကျွမ်းကျင်သူ
ကိုဟိန်းသက်ဇော်ကို မေးကြည့်တော့ သူက အခုလိုပြောပါတယ်။
“ကျနော့်အမြင်ကတော့ ဘန်းဒ်ဝစ်သ်က ၉၀% နည်းသွားတယ်ဆိုတာ သူတို့
ဘယ်အပေါ်မှာ ဘယ်နေရာက တိုင်းတာသလဲဆိုတဲ့အပေါ် မူတည်မယ်ထင်တယ်။
ကျနော် ၂ နှစ်ခွဲ ပြန်ရောက်သွားတော့ ပထမပြန်တုန်းက ၂၀၀၆၊ ဒီတခေါက်
၂၀၀၈-၂၀၀၉ အကုန်လေးမှာ ပြန်သွားတာ။ ပထမအခေါက်ထက်စာရင်တော့
အင်တာနက်ဆိုင်တွေက သေချာပေါက်များလာတယ်။ သုံးတဲ့လူတွေလည်း ပိုများ
လာတယ်။
“ဒါပေမယ့် တခုဆိုးတာက အရင်တုန်းကရှိခဲ့တဲ့ မြန်မာပြည်ကနေ ဟိုဘက်ကို ထွက်တဲ့
ကြိုးတွေက ပမာဏ အဲဒီလောက် မတက်လာဘူး။ ဒါပေမဲ့ ပြည်တွင်းမှာကြတော့
အင်တာနက်ဆိုင်တွေက နှစ်ဆလောက် တိုးလာတဲ့အခါကြတော့ တော်တော်လေး
နှေးသွားတယ်။ ဥပမာ အီးမေးလ်ဝင်လာတာ တွေ့တယ်။ အဲဒါကို ဖွင့်ဖတ်လိုက်တယ်၊
ပြီးတော့ ပြန်မယ်ဆိုရင် နာရီဝက်လောက်ကို တစောင်နှုန်းလောက်နဲ့ ပို့နေရတော့
အလုပ်မဖြစ်တော့ဘူး။”
၂၀၀၆ ကနေ ၂၀၀၈ ထိ ၂ နှစ်အတွင်းမှာ အင်တာနက်အသုံးပြုတဲ့သူ ပိုများလာတယ်လို့
စောစောကပြောပါတယ်။ အဲဒါက ဘယ်လောက်ထိ ပမာဏများလာတယ်လို့ ပြောနိုင်
ပါသလဲ။ များလာတယ်ဆိုတာကရော ဘယ်လိုနေရာတွေမှာ တွေ့ရတာပါလဲ။
ရန်ကုန်မြို့တခုတည်းမှာ တွေ့ရတာပါလား။
“ဒီ ၂ နှစ်အတွင်း ၂ ဆခွဲ၊ ၃ ဆလောက်များလာမယ်လို့ ကျနော်ထင်တယ်။ များလာ
တာလည်း ရန်ကုန်မြို့ကြီးမှာတော့ သေချာပေါက်များတယ်။ သွားလိုက်တဲ့နေရာတိုင်းမှာ
အင်တာနက်ဆိုင်ရှိတယ်၊ မန္တလေးမှာလည်း အဲဒီလိုပဲ၊ သွားလိုက်တဲ့နေရာတိုင်းမှာ
အင်တာနက်ဆိုင်ရှိတယ်။ နယ်တွေမှာကတော့ အရင်တုန်းက ၅ ဆိုင်ရှိရင် အခု ၆ ဆိုင်
အဲဒီလောက်ပဲပေါ့။ အရမ်းကြီးတော့ မတက်ဘူးပေါ့။”
ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာအရ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေ
ကြားမှာ နည်းပညာပိုင်းမှာ ကွာဟမှုတွေ ရှိနေတယ်ဆိုလို့ မြန်မာနိုင်ငံမှာဆိုရင်လည်း
ဝမ်းရေးကို အဓိက ရှေ့တန်းတင်နေရချိန်မှာ နည်းပညာပိုင်းဆိုင်ရာ ဦးစားမပေးနိုင်တဲ့
အခြေအနေကို ကိုဟိန်းသက်ဇော်က အခုလို ဆက်ပြောပါတယ်။
“အားလုံးက ကိုယ့်အိမ်က ဆန်အိုးပြည့်ဖို့ မနည်းလုပ်နေရတဲ့အခါကျတော့ ကိုယ့်ကလေး
ကို သွားသုံး ဘာညာဆိုပြီး ဘယ်မိဘမှ အဲဒီလောက်ထိ အားပေးမှာမဟုတ်ဘူး။ ပိုက်ဆံ
ရှိတဲ့လူတွေတောင်မှ အင်တာနက်ကို စိတ်မဝင်စားတဲ့လူတွေက အများကြီး။ အဲတော့
မြန်မာပြည်ကလူတွေရဲ့ အင်တာနက်နဲ့ ပတ်သက်ရင် အသိပညာတို့ ဘာတို့ကတော့
အများကြီးလိုနေတာပေါ့။”
တကယ်တမ်းမှာတော့ မြန်မာနိုင်ငံက အင်တာနက်ကဖေးတွေမှာ အင်တာနက်အသုံးပြု
ရတဲ့စရိတ်ဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့စာရင် ပိုပြီးတော့ ဈေးသက်သာတယ်လို့
ပြောနိုင်ပါတယ်။ ဒါပေမယ့် လွယ်ကူမြန်ဆန်မှုအပိုင်းမှာတော့ တော်တော်ကြီးကို
မယှဉ်နိုင်တဲ့အပိုင်းကိုလည်း ကွန်ပျူတာဆိုင်ရာ ကျွမ်းကျင်သူက အခုလို ထောက်ပြပါ
တယ်။
“မြန်မာပြည်မှာ အင်တာနက် တနာရီသုံးမယ်ဆိုရင် မြန်မာငွေ ၃၀၀ ကနေ ၅၀၀
အတွင်းပေးရမယ်။ တချို့ကလည်း ဆိုင်ကောင်းတယ်၊ ဒါပေမဲ့ ပိုက်ဆံနည်းနည်း
ပိုပေးရတယ်ပေါ့။ ဆိုင်ကောင်းတယ်ဆိုတာ ကွန်နက်ရှင် (Connection) ကောင်းတယ်
ပေါ့။ အဲဒီလိုတွေ မူတည်ပြီး ဈေးနှုန်းတွေ ကွာသွားတာရှိတယ်။ တကယ်တမ်း အဲဒီလို
ပြန်တွက်ကြည့်မယ်ဆိုရင်တော့ ငွေ ၃၀၀ ဆိုတာ အရမ်း အများကြီးထဲမှာတော့
မပါဘူးပေါ့။
“ဥပမာ ကျနော် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားရောက်ခဲ့တယ်။ အဲဒီနိုင်ငံတွေမှာ
မြန်မာပြည်ထက်စာရင် အင်တာနက်က တော်တော်လေး ဈေးကြီးတယ်လို့ ပြောရမှာ
ပေါ့။ ကမ္ဘောဒီးယားမှာဆိုရင် တနာရီကို ယူအက်စ် ၁ ဒေါ်လာ၊ ဒါမှမဟုတ် ပြား ၅၀ ပေါ့။
မြန်မာငွေနဲ့ဆိုရင် ၇၀၀၊ ၈၀၀ လောက် ကျသွားမှာပေါ့။ အဲဒီတော့ တခြားနိုင်ငံနဲ့
ယှဉ်လိုက်ရင်တော့ ကျနော်တို့မြန်မာပြည်က သက်သာတာပေါ့လေ။ ဒါပေမဲ့
အင်တာနက် မြန်ဆန်တာတို့၊ Firewall ခံထားတာတို့ ဘာတို့နဲ့ကြတော့ ဘယ်လိုမှ
တခြားနိုင်ငံကို ယှဉ်လို့မရတော့ဘူး။”
ဆင်းရဲတဲ့နိုင်ငံတွေမှာ လက်ကိုင်ဖုန်းကို လိုင်းဖုန်းထက် ပိုပြီး အသုံးပြုလာတယ်လို့
ကုလသမဂ္ဂက ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက လက်ကိုင်ဖုန်း အသုံးပြုမှုပိုင်းနဲ့
ပတ်သက်လို့လည်း ဘယ်လိုအခြေအနေရှိလဲဆိုတော့ သိသိသာသာများလာတာ
တွေ့ရတယ်လို့ မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်လာတဲ့ ကွန်ပျူတာကျွမ်းကျင်သူ
ကိုဟိန်းသက်ဇော်က ဆိုပါတယ်။
“လက်ကိုင်ဖုန်းတွေကတော့ အရင်သုံးနှစ်ထက်စာရင် အများကြီး များလာတာကို
တွေ့ရတယ်။ Hand Set ကအစ တော်တော်များများကို ကိုင်တယ်။ လိုင်းဖုန်းကတော့
ပိုပြီးတော့များ အလုပ်ရှုပ်မလား မပြောတတ်ဘူး။ ဥပမာ တခါတလေကျရင်
လျှောက်လွှာတင်ပြီးတော့မှ ကျ မလာတာတွေရှိတယ်။ ဒီနယ်မြေမှာ နံပါတ်
ပြည့်သွားပြီဆိုပြီးတော့ ချမပေးတာတွေ ဘာတွေရှိတယ်။ ဟန်းဖုန်းကတော့
နည်းနည်းပိုလွယ်မယ်ထင်တယ်။ အပြင်ပေါက်ဈေးကလည်း နည်းတော့ ပိုက်ဆံရှိရင်
ရှိသလို ဝယ်နိုင်တဲ့အနေအထားရှိတယ်။”
ဗြိတိန်က ကွန်ပျူတာကျွမ်းကျင်သူ ကိုဟိန်းသက်ဇော် ပြောပြသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အိုင်စီတီ နည်းပညာအတိုးတက်ဆုံး ၁၅၄ နိုင်ငံ
စာရင်းမှာ အတိုးတက်ဆုံးက ဆွီဒင်နိုင်ငံဖြစ်ပြီး ဒုတိယအတိုးတက်ဆုံးက
တောင်ကိုရီးယား ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ၁၅၄ နိုင်ငံထဲမှာ နံပါတ်
၁၁၉ မြောက်နိုင်ငံဖြစ်တယ်လို့ စာရင်းထဲမှာ တွေ့ရပါတယ်။